Thursday, June 29, 2017

စစ်မှန်သော ကိုးကွယ်ခြင်း

“အကျွန်ုပ်တို့ ကိုးကွယ်သော ဘုရားသခင်သည်မီးလောင်လျက်ရှိသော မီးဖိုထဲက အကျွန်ုပ်တို့ကို ကယ်လွှတ်နိုင်တော်မူ၏။ ကိုယ်တော်၏လက်မှလည်း ကယ်လွှတ်တော်မူလိမ့်မည်။ ထိုသို့ ကယ်လွှတ်တော်မမူသော်လည်း အရှင်မင်းကြီး၊ ကိုယ်တော်၏ ဘုရားတို့ကို အကျွန်ုပ်တို့သည် ၀တ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါ“ (ဒံယေလ ၃း၁၇-၁၈)။


ဝတ်ပြုကိုးကွယ်ခြင်းသည် ဘုရားသခင်ထံချဉ်းကပ်ဖို့ရန် တောင်းဆိုထားသည့် အရေးကြီးလိုအပ်သည့် အရာများထဲတွင် အဓိက အချက်တစ်ခု ဖြစ်ပါသည်။ သခင်ယေရှုက “ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သော သူတို့သည် နံဝိညာဉ်နှင့်၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ရမည်” လို့ မိန့်ဆိုထားသည် (ယော ၄း၂၄)။ ထိုသို့ ကိုးကွယ်သူများကို လိုက်ရှာနေပြီး ထိုသို့သော လူတွေကို အလိုရှိကြောင်း သိရှိရပါမည်။ ထို့ကြောင့် ယနေ့ ယုံကြည်သူများဟု အမည်တပ်ထား သူများသည် ယုံကြည်သူ တစ်ယောက်ကဲ့သို့ ပြုမူနေထိုင်ပြီး ယုံကြည်သူ တစ်ယောက်ကဲ့သို့ အသက်ရှင် နေထိုင်ကြ ပါသလား ဆိုပြီး မိမိကိုယ်မိမိ ပြန်လည် ဆန်းစစ်ရန် လိုပါသည်။ ထိုသို့ ဘုရားသခင်အား ၀တ်ပြုခြင်းနှင့် ပတ်သက်ပြီး အလေးအနက် စဉ်းစားသင့်ကြောင်းနှင့် ဘုရားသခင်ကို ရှာနေသော သူများထဲတွင် မိမိပါဝင်ခြင်းရှိမရှိ ပြန်လည်သုံးသပ် သင့်ပါသည်။

၁။ ရောက်သည့်နေရာမှ ကိုးကွယ်မည်။
ဒံယေလနှင့် သူ၏ မိတ်ဆွေသူငယ်ချင်းများ ဖြစ်ကြသော ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ အသက်တာများကို လေ့လာသည့်အခါ ဘုရားသခင်ကို နံဝိညာဉ်နှင့်၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်သူများ ဖြစ်ကြောင်း တွေ့နိုင်ပါသည် (ဒံယေလ ၃)။ သူုတို့၏ အသက်တာ များသည် လွန်စွာပင် လေးစားစရာကောင်းပြီး ဘုရားသခင်၏ စိတ်တော်ကို၎င်း၊ ထိုခေတ်ကာလ ရှင်ဘုရင်၏နှလုံးသားကို၎င်း ကိုင်လူပ်ခဲ့ကြသောသူများ ဖြစ်ကြောင်း တွေ့နိုင်ပါသည်။ မည်သည့်နေရာသို့ ရောက်နေသည်ဖြစ်စေ မိမိတို့၏ ကိုးကွယ်ခြင်းကို အတိုးအလျော့ မလုပ်ခဲ့ကြပါ။ သူတို့သည် ဗိမာန်တော်တည်ရှိရာ ယေရုရှလင်မြို့မှ ရုပ်တုအပြည့်ရှိသော ဗာဗုလုန်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည်။ ဗိမာန်တော်ထဲ၌သာ ၀တ်ပြုကိုးကွယ်ခြင်းကို သစ္စာရှိရှိ လုပ်ခဲ့ခြင်း မဟုတ်ပဲ ဗိမာန်တော် မရှိသည့်နေရာ၊ မြို့များတွင်လည်း ကိုးကွယ်ခြင်းနှင့် ပါတ်သက်ပါက ယုံကြည်ခြင်း ခိုင်မာကြောင်း သိမြင်နိုင်ပါသည်။
ယနေ့ခရစ်ယာန်များအနေဖြင့် ဘုရားကျောင်းတွင်တစ်မျိုး၊ ဘုရားကျောင်းက ပြင်ပတွင်တစ်မျိုး အဖြစ် ပြောင်းလဲလေ့ရှိသော ယုံကြည်သူ များစွာ ရှိနေပေသည်။ ဘုရားသခင်ကို စစ်မှန်စွာ ကိုးကွယ်သူများသည် မည်သည့်နေရာရောက်ရောက်၊ ပုံစံမပြောင်းပါ။ ယုတ်စွအဆုံး သေခြင်းနှင့် ရင်ဆိုင်သည့်အချိန်တွင်ပင် ဘုရားသခင်ကို ကိုးကွယ်ခြင်းမှ မပြောင်းပဲ ရဲရဲဝံ့ဝံ့ သေခြင်းကိုပင် ရွေးချယ်ရန် ဆုံးဖြတ် ထားကြပေသည်။

၂။ မည်သို့ပင်ဖြစ်စေ ကိုးကွယ်မည်။
ကယ်တင်ခြင်းနှင့် ၀တ်ပြုကိုးကွယ်ခြင်းသည် သီးခြားစီ ဖြစ်နေကြသော်လည်း အချို့သောသူများက ထိုအရာနှစ်ခုကို ရောနေ တတ်ကြပါသည်။ ကောင်းကြီးမင်္ဂလာခံစားရပါက ၀တ်ပြုကိုးကွယ်ခြင်းကို ပြုတတ်ကြသည်မှာ လူ့သဘာဝပင် ဖြစ်ပါသည်။ မည်သူမဆို ကောင်းကြီးပေးမည့် အရာအားလုံးကို ၀တ်ပြုကိုးကွယ်ရန်ဝန်လေးကြမည် မဟုတ်ပါ။ ထိုသို့ပြုခြင်းသည် ကောင်းကြီးကို ဗဟိုပြုသည့် ကိုးကွယ်ခြင်း ဖြစ်ပေသည်။ ယောဘအသက်တာကို စဉ်းစားကြည့်ပါက ယောဘသည်ကောင်းကြီးရနေသဖြင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း ဖြစ်ကြောင်း စာတန်က စွပ်စွဲခဲ့ပါသည်။ ကောင်းကြီးမင်္ဂလာ မခံစားရပါက ဘုရားသခင်ကို ကိုးကွယ်မည့်အစား စွန့်ပယ်ပါလိမ့်မည်ဟု စာတန်က ဘုရားသခင်ကို ပြန်လျှောက်လေ၏ (ယောဘ ၁း၆-၁၁)။ ထိုသို့စာတန်၏ စွပ်စွဲမှုပုံစံသည် ယနေ့ထိတိုင်အောင် မပြောင်းလဲသေးပါ။ ယနေ့ယုံကြည်သူများစွာတို့သည် မိမိတို့၏ကိုးကွယ်ခြင်းကို ကောင်းကြီးရခြင်း၊ မရခြင်း အပေါ်တွင် ထားခဲ့ကြပေသည်။ ဒံယေလ၏သူငယ်ချင်းများကတော့ ကိုးကွယ်ခြင်းနှင့် ပတ်သက်ပြီး ပြတ်သားလှပါသည်။ သူတို့ဘုရားသခင်ကို ကိုးကွယ်ခြင်းသည် ကောင်းကြီးမင်္ဂလာနှင့် မသက်ဆိုင်ပါ။ ရာထူး၊ နေရာများမရပဲ၊ ကောင်းကြီးတွေ မရပါကလည်း ကိုးကွယ်ခြင်းကို ရပ်ကြမည်မဟုတ်ပါ။ ဘုရားသခင်က သူတို့ကို ကယ်လွှတ်မှပဲ ကိုးကွယ်မည်မဟုတ်ပါ။ မကယ်လွှတ်လျှင်လည်း ဘုရားသခင်ကိုသာ ကိုးကွယ်ခြင်းပြုရန် ဆုံးဖြတ်ထားကြပါသည်။

နိဂုံး။
ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ စစ်မှန်သောကိုးကွယ်ခြင်းအားဖြင့် ရှင်ဘုရင်၏ နှလုံးသားကို တို့ထိတော်မူကြောင်း တွေ့နိုင်ပါသည် (ဒံယေလ ၃း၂၈-၃၀)။ ထို့ကြောင့် ယနေ့ယုံကြည်သူများအနေဖြင့် ကောင်းကြီးမင်္ဂလာမျိုးစုံ ခံစားရမှ ၀တ်ပြုကိုးကွယ်ခြင်းကို ပြုရမည်မဟုတ်ပါ။ မိမိအခြေအနေကောင်းနေမှ ကိုးကွယ်ခြင်းကို ပြုရမည်မဟုတ်ပါ။ မည်သည့်နေရာသို့ ရောက်နေသည် ဖြစ်စေ၊ မည်သည့် အခြေအနေတွင် ရောက်နေသည် ဖြစ်စေ မိမိအသက်တာတွင် ဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်းကို သတိရလျက် ကိုးကွယ်ခြင်းကို ပြုရပါမည်။ “အကျွန်ုပ်တို့ ကိုးကွယ်သော ဘုရားသခင်သည်မီးလောင်လျက်ရှိသော မီးဖိုထဲက အကျွန်ုပ်တို့ကို ကယ်လွှတ်နိုင်တော်မူ၏။ ကိုယ်တော်၏လက်မှလည်း ကယ်လွှတ်တော်မူလိမ့်မည်။ ထိုသို့ ကယ်လွှတ်တော်မမူသော်လည်း အရှင်မင်းကြီး၊ ကိုယ်တော်၏ ဘုရားတို့ကို အကျွန်ုပ်တို့သည် ၀တ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါ“ (ဒံယေလ ၃း၁၇-၁၈)။

ဝိညာဉ်ခွန်အားခံယူသူ အယောက်စီတိုင်းအပေါ် ဘုရားသခင်သာ၍ ကောင်းကြီးသွန်းလောင်းတော်မူပါစေသော်။ အာမင်။

ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော်ဒေါက်တာဟရန်မှုန်း၊
Toungphila, Kalay myo, Myanmar.
April 16, 2016|Saturday|10:00pm.

No comments:

Post a Comment