“စိတ်နှလုံးနှိမ့်ချသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံတော်ဖြစ်၏” (မဿဲ ၅း၃)။
မင်္ဂလာတရားတော်သို့မဟုတ် တောင်ပေါ်ဒေသနာသည် သခင်ယေရှု၏ တရားဒေသနာဟောကြားခြင်းများထဲတွင် လွန်စွာ ပြီးပြည့်စုံပြီး ကောင်းမွန်လှပေသည်။ မင်္ဂလာတရားတော်သည် အပြင်ပိုင်းကိုအဓိကမပြောပဲ အပြင်ပိုင်းအသက်တာ ကောင်းစားရေးအတွက် အတွင်းပိုင်းနှလုံးသားအရေးကြီးကြောင်း ထင်ဟပ်စေပါသည်။ ထိုအထဲတွင် ပထမဆုံး လိုအပ်သည့်အရာသည် နှိမ့်ချခြင်းဖြစ်ပါသည်။ သခင်ယေရှုက နှိမ့်ချခြင်းစိတ်ရှိသောသူသည် မင်္ဂလာရှိသည်ဟု ဆိုပါသည်။ ဆိုလိုသည့်အဓိပ္ပါယ်မှာ မာနတရားသည် လူကို အမင်္ဂလာဖြစ်စေပြီး နှိမ့်ချခြင်းတရားသည် အသက်တာကို ဘုရားသခင်အလိုတော်ရှိသော မင်္ဂလာရှိခြင်းများကို ယူဆောင်ပေးပါသည်။ သခင်ယေရှုက ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံတော်ဖြစ်၏ဟု ဆိုသည့်အတွက် ဤအကြောင်းအရာကို ကြည့်ခြင်းအားဖြင့် နှိမ့်ချခြင်းသည် ကောင်းကင်နိုင်ငံတော်သားများ၏ စိတ်နေစိတ်ထားဖြစ်ကြောင်းကိုလည်း ဖော်ထုတ်ပြသလိုက်ခြင်း ဖြစ်ပေသည်။ ယုံကြည်သူများအနေဖြင့် မိမိတို့သည် နှိမ့်ချခြင်းနှင့် သက်ဆိုင်သော ၀ိညာဉ်ရေးရာတွင် မစုံလင်သောသူများဖြစ်ကြောင်း နားလည်သဘောပေါက်ရန် လိုပါသည်။
၁။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု ထင်မှတ်ခြင်း။
သမ္မာကျမ်းစာသွန်သင်ပေးသော နှိမ့်ချခြင်းဆိုသည်မှာ သူတစ်ပါးကို ကိုယ်ထက်ကောင်းမြတ်သည်ဟု အကောင်းမြင်ပေးခြင်း ဖြစ်ပါသည်။ သာမန်အားဖြင့် လူတို့သည် မိမိကိုယ်ကိုသာ အကောင်းမြင်တတ်ကြပါသည်။ သူတပါးအား အကောင်းမြင်ပါသည် ဆိုသည့်တိုင် သူတပါးအား မိမိလောက် မကောင်းပါ၊ မတော်ပါ ဟု မြင်တတ်ကြသည်။ သို့သော်လည်း နှိမ့်ချစိတ်ရှိသောသူသည် ကိုယ်နှိမ့်ချဖို့လိုသည့် အခြားသူများရှေ့တွင် မိမိထက် တော်သည်ဖြစ်စေ၊ မတော်သည်ဖြစ်စေ၊ အသက်ငယ်သည် ဖြစ်စေ၊ အသက်ကြီးသည် ဖြစ်စေ၊ အရာရာတွင် မိမိထက်တော်သည်၊ ကောင်းသည်ဟု အကောင်းဘက်မှ မြင်ပေးနိုင်ခြင်း ဖြစ်ပါသည်။ ထိုသို့ မိမိကိုယ်ကို နှိမ့်ချစွာ မြင်တတ်မှသာ သူတပါးနှင့် ပေါင်းသင်းမိတ်သဟာရဖွဲ့ရန် လွယ်ကူစေပါသည်။ သုတ္တံဆရာက “မာနထောင်လွှားသောအခါ အရှက်ကွဲခြင်း ဖြစ်တတ်၏။ နှိမ့်ချသောသူတို့၌ကား ပညာရှိ၏” ဟုဆိုပါသည် (သုတ္တံ ၁၁း၂)။ နှိမ့်ချခြင်းမရှိသောသူတို့သည် တစ်ခါတစ်ရံ ဘုရားသခင်ကိုပင်လျှင် မိမိကဲ့သို့ စွမ်းဆောင်နိုင်ခြင်းမရှိဟု လွဲမှားစွာထင်တတ်ကြပါသည်။ ထို့ကြောင့် ရှင်ပေါလုက “ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်စောကိတ္တိကို တပ်မက်သော စိတ်ရှိ၍ အဘယ်အမှုကိုမျှ မပြုကြနှင့်။ သူတပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ၍ တယောက်ကိုတယောက် ထင်မှတ်ကြလော့” ဟု သွန်သင်ဆုံးမထားပါသည် (ဖိလိပ္ပိ ၂း၃)။
၂။ ကိုယ်အမှုအရာကို မရှုမမှတ်ဘဲ သူ့အမှုအရာကို ရှုမှတ်ခြင်း။
တနည်းအားဖြင့် နှိမ့်ချခြင်းဆိုသည်မှာ ကိုယ်အရေး၊ ကိုယ်ကိစ္စကိုသာ ရှေ့တန်းမတင်ပဲ သူတစ်ပါးအရေး၊ ကိစ္စများကိုလည်း စိတ်ဝင်စားပေးကာ ဦးစားပေးတတ်ခြင်း ဖြစ်ပါသည်။ တစ်ခါတစ်ရံ ကိုယ်သာအဓိက၊ ကိုယ်အရေးသာ ဦးစားပေးတတ်ခြင်းသည် လူတို့၏ မာနကြီးခြင်း၊ အတ္တကြီးခြင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။ လူမှန်လျှင် မိမိအကျိုး၊ မိမိအတ္တကို ဦးစားပေးတတ်သည် သတ္တ၀ါ ဖြစ်ပေသည်။ သူတပါး၏ အရေးကိစ္စများကို ကိုယ်ချင်းစာထားပြီး ဆောင်ရွက်ပေးလိုစိတ် မရှိတတ်ကြပါ။ မိမိကိုယ်ကို ၀ိညာဉ်ရေးရာ၌ ပြီးပြည့်စုံခြင်းမရှိဘဲ လိုအပ်ချက်များ၊ အားနည်းချက်များ ရှိနေကြောင်း ၀န်ခံတတ်ရန် လိုအပ်လှပါသည်။ သို့မှသာ မိမိ၏ အားနည်းချက်ကို သိမြင်လာပြီး သူတပါးအပေါ် ကိုယ်ချင်းစာနာစိတ် ရှိလာပေမည်။ ဤသို့ဖြင့် ရှင်ပေါလု ဖော်ပြထားသည့်အတိုင်း ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်တတ်မည် ဖြစ်ပါသည် (ဖိလိပ္ပိ ၂း၎)။ ရှင်ပေတရုကလည်း အချင်းချင်း တယောက်အောက်တယောက်နှိမ့်ချလျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား၊ ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။ ထို့ကြောင့် ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကို ချီးမြှောက်တော်မူမည် အကြောင်း၊ တန်ခိုးကြီးသော လက်တော်အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့ ဟုဖော်ပြထားပါသည် (၁ ပေ၊ ၅း၅-၆)။
နိဂုံး။
သခင်ယေရှုက “စိတ်နှလုံးနှိမ့်ချသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံတော်ဖြစ်၏” (မဿဲ ၅း၃) ဟုမိန့်တော်မူခဲ့ပါသည်။ တနည်းအားဖြင့်ဆိုသော ယုံကြည်သူတို့အသက်တာတွင် မိမိကိုယ်ကို အားနည်းချက်များနှင့် ပြည့်စုံသူဖြစ်ကြောင်း သိမြင်ရန် လိုပါသည်။ အထူးသဖြင့် ၀ိညာဉ်ရေးတွင်ပြည့်စုံခြင်းမရှိ၊ အားနည်းကြောင်း သိမြင်လျက် မာနထောင်လွှားခြင်းမရှိဘဲ နှိမ့်ချစွာ အသက်ရှင်ကြရန် အရေးကြီး လိုအပ်လှပါသည်။ ကောင်းကင်သားတို့၏ စိတ်ထားဖြစ်သော ၀ိညာဉ်ရေးရာအားနည်းခြင်းကို သိမြင်လျက် နှိမ့်ချခြင်းဖြင့် အသက်ရှင်ကြဘို့ အရေးကြီးပါသည်။
ချစ်ခြင်းမေတ္တာဖြင့်၊
ဆရာတော်ဒေါက်တာဟရန်မှုန်း
ခေတ္တ ဟားခါးမြို့၊ ချင်းပြည်နယ်။
မေလ ၂၈၊ ၂၀၁၆ ခုနှစ်၊ ည ၁၀း၃၀ နာရီ။

No comments:
Post a Comment