Thursday, June 29, 2017

ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှါ

“အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိမည်အကြောင်း၊ ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှါ သွန်သင်တော်မူပါ” (ဆာလံ ၉၀း၁၂)။

ဆာလံ ၉၀ ကို မောရှေက ရေးဖွဲ့ထားပါတယ်။ မောရှေဟာ အသက် ၁၂၀ ထိ ရှင်ခဲ့ပါတယ် (တရားဟော ၃၄း၇)။ သူဟာ အဲဂုတ္တုပြည်မှ ဣသရေလလူမျိုး ၆၀၀၀၀၀ ကျော်ကို ကျွန်ခံရာကနေ လွတ်မြောက်အောင် ခေါင်းဆောင်ခဲ့သူပါ။ အဲဒီအချိန်တုံးက နေ့စဉ်
လူတွေသေဆုံးနေကြတာကို တွေ့ကြုံခဲ့ပြီး လူ့ဘ၀တိုတောင်းပုံကို အများဆုံးမြင်တွေ့ခဲ့သူပါ။ ဒါကြောင့်ဒီဆာလံ ၉၀ ကိုရေးဖွဲ့ရခြင်း ဖြစ်တယ်။ ဘုရားသခင်သည် ထာဝရတည်မြဲပြီး ဒီကမ္ဘာကြီးလည်း နှစ်ပေါင်းများစွာ တည်ရှိခဲ့ပေမယ့် လူ့ဘ၀ကတော့ သိပ်တိုတောင်းတဲ့ အကြောင်းကို အပိုဒ်ငယ် ၁ မှ ၁၁ ထိ ရေးဖွဲ့ထားပါတယ်။ အပိုဒ်ငယ် ၁၂ မှ ၁၇ အထိ ဘုရားသခင်ဆီကို တောင်းလျှောက်ထားတဲ့ အချက်တွေ ဖြစ်ပါတယ်။ ခွန်အားယူကြပါစို့။

၁။ ပညာတရားကို နှလုံးသွင်းစေတယ်။
အသက်တာတိုတောင်းတယ် ဆိုတာကို နားလည်သဘောပေါက်ရင်တော့ ပညာတရားကို နှလုံသွင်းစေပါတယ်။ တနည်းအားဖြင့် ပညာရှိဖြစ်စေပါတယ်။ ပညာရှိဆိုတာ သင်ယူပြီး နားလည်တတ်မြောက်ထားတဲ့အရာတွေကို လက်တွေ့အသုံးပြုတတ်ခြင်း ဖြစ်ပါတယ်။ နားလည်ရုံနှင့် ပညာရှိလို့ မခေါ်ပါဘူး။ နားလည်တတ်မြောက်ထားတဲ့အရာတွေကို လက်တွေ့အသုံးပြုနိုင်မှသာ ပညာတရားကို နှလုံးသွင်းမိသူ ဖြစ်မှာပါ။ ဘုရားတရားကို ဘယ်လောက်အထိနားလည်တယ် ဆိုတာထက် နားလည်ထားတဲ့တရားတွေအတိုင်း လက်တွေ့အသက်ရှင်တတ်ဖို့ ပိုပြီး အရေးကြီးပါတယ်။ ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှါ သွန်သင်တော်မူပါ ဆိုတဲ့အချက်ဟာ တစ်ရက်၊ နှစ်ရက် လို့ ရေတွက်တတ်တာကို ဆိုလိုခြင်း မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း နေ့ရက်၊ လတွေ ရေတွက်အသက်ရှင်တတ်တာကို ဆိုလိုတာ ဖြစ်တယ်။ ဒါဆိုရင်တော့ ပညာတရားကို နှလုံးသွင်းတဲ့သူ ဖြစ်မှာပါ။

၂။ ရောင့်ရဲစေတော်မူတယ်။
ရောင့်ရဲကျေနပ်ခြင်းဆိုတာ လောကီစည်းစိမ်၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုအပေါ်မှာ မမူတည်ပါဘူး။ ဒီလောကမှာ ဘုရားသခင်နှင့် သူ့ရဲ့တရားတော်က လွဲပြီး ရောင့်ရဲကျေနပ်ခြင်းကို တွေ့နိုင်မှာ မဟုတ်ပါဘူး။ လောကီစည်းစိမ်၊ ပစ္စည်းကောင်းတွေ ဘယ်လောက်ဘဲ ရနေပေမယ့် ခဏတာကျေနပ် ရောင့်ရဲစေနိုင်ပါတယ်။ ခရစ်ယာန်ဓမ္မတေး ပုဒ်ရေ ၈၀၀၀ ကျော် သီကုံးဖွဲ့ဆိုခဲ့သူ Fanny J. Crosby ဟာ မျက်မမြင် ဖြစ်နေသော်ငြားလည်း ကယ်တင်ခြင်း စိတ်ချမှုရရှိသူ ဖြစ်တဲ့အတွက် သူ့ဘ၀အသက်တာကို ရောင့်ရကျေနပ်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ ဘ၀ဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ရှင်သန်နေကြတယ်ဆိုတာကို သဘောပေါက်ကြရင်တော့ သူ့ရဲ့ဂရုဏာတော်နှင့် ရောင့်ရဲစေတော်မူပြီး တသက်လုံး ၀မ်းမြောက်ရွှင်လန်းနိုင်မှာပါ။

၃။ ၀မ်းမြောက်စေတော်မူတယ်။
ဝမ်းမြောက်ခြင်းဆိုတာ ၀ယ်ယူလို့ရတဲ့အရာ မဟုတ်သလို ရောင်းလို့လည်း မရပါဘူး။ ဘွဲ့ဒီဂရီတွေ အမြင့်ဆုံးအထိ ရရှိပြီး၊ စည်းစိမ်ဥစ္စာ ကြွယ်ဝလျက်၊ လှပခြင်း၊ အောင်မြင်ခြင်းများနှင့် ပြည့်စုံနေသော်လည်း အပြည့်အ၀ မ၀မ်းမြောက်စေနိုင်ပါဘူး။ ဘုရားသခင်အတူ မပါရှိပါက ဘယ်အရာမှ ၀မ်းမြောက်ခြင်းအခွင့်ကို မရရှိစေပါဘူး။ ဘုရားသခင်၌သာလျှင် ၀မ်းမြောက်စေနိုင်တယ် ဆိုတာ မောရှေက နားလည်သဘောပေါက်လို့ ပေးသနားတော်မူဖို့ တောင်းဆိုထားပါတယ် (ဆာ ၉၀း၁၅)။ ပြည့်စုံသော ၀မ်းမြောက်ခြင်းဆိုတာ လိုချင်သမျှကို ရနေခြင်းအပေါ်မှာ မရှိပါဘူး၊ ရသမျှအပေါ် ကျေနပ်ရောင့်ရဲခြင်းအပေါ်မှာ တည်နေပါတယ်။

၎။ ဘုန်းတော်ထင်ရှားစေပါတယ်။
ဒီလောကကြီးမှာ လူတွေကို ချီးမြှောက်တဲ့အရာများစွာ ရှိနေပေမယ့် မတည်မြဲပါဘူး။ အောင်မြင်ခြင်းများစွာဟာလည်း မကြာမီ အချိန်လေးမှာ ပြန်လည်ပျောက်ကွယ်သွားလေ့ရှိပါတယ်။ ဂုဏ်ပြုလွှာတွေနှင့် တယောက်နှင့် တယောက် ခမ်းနားကြီးကျယ်စွာ ချီးမြှောက် ဂုဏ်ပြုလေ့ရှိကြတယ်။ အစားအသောက်တွေနှင့် အကောင်းဆုံး ဂုဏ်ပြုလုပ်ဆောင်တတ်ကြတယ်။ အလွန်ကောင်းမွန် လှပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ ခဏတာအတွက်မျှသာ ဖြစ်ပါတယ်။ ဒါကြောင့် ၀ိညာဉ်ရေးမျက်စိပွင့်တဲ့သူတွေကတော့ ထာဝရတည်မြဲစေတဲ့ ဘုန်းတော်ထင်ရှားရေးကိုသာ အလိုရှိရွေးချယ်လေ့ရှိပါတယ်။

၅။ ပြုသောအရာကို မြဲမြံစေပါတယ်။
ကျနော်တို့ လုပ်ဆောင်တဲ့အရာတွေဟာ အကျိုးသက်ရောက်မှု မရှိဘူးဆိုရင် အလဟသသက်သက် ဖြစ်သွားရပါတယ်။ လုပ်ဆောင်တဲ့ အရာအားလုံး အကျိုးသက်ရောက်မှသာ ဘုန်းတော်ကို ထင်ရှားစေပြီး မြဲမြံစေပါတယ်။ ဘုရားသခင်နှင့်အတူ လုပ်ဆောင်အောင်မြင်တဲ့ အရာတွေဟာ ကျေးဇူးတော်အားဖြင့် ကျနော်တို့အပေါ် ရောက်ရှိမှာပါ။ ကျနော်တို့လုပ်ဆောင်တဲ့ အရာတွေကိုလည်း ဘုရားသခင်က ကျနော်တို့အတွက် မြဲမြံစေဖို့အတွက် ဘုရားသခင်ဆီ တောင်းဆိုရမှာ ဖြစ်ပါတယ်။

နိဂုံး။
ဒီလောကမှာ ကျနော်တို့အားလုံးဟာ ခဏတာလေးမျှသာ အသက်ရှင်နေထိုင်ခွင့် ရရှိကြပါတယ်။ အဲဒီတိုတောင်းသော အချိန်လေးထဲမှာ အရာအားလုံးနှင့် ပြည့်ဝစုံလင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာတွေပါ။ ဒါပေမယ့် မောရှေတောင်းလျှောက်ခဲ့တဲ့အတိုင်း တောင်းလျှောက် တတ်ကြဖို့ အရေးကြီးပါတယ်။ ဒါမှသာ ပညာတရားကို နှလုံးသွင်းမိပြီး ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှါ ၀ိညာဉ်တော်မျက်စီ ဖွင့်ပေးတော်မူပါလိမ်မယ်။
 
ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော်ဒေါက်တာဟရန်မှုန်း၊
တောင်ဖီလာရပ်ကွက်၊ ကလေးမြို့။
ဇွန်လ ၁၁၊ ၂၀၁၆ ခုနှစ်။ ည ၁၁း၃၀နာရီ။

No comments:

Post a Comment