Thursday, June 29, 2017

ဥစ္စာဘဏ္ဍာနှစ်မျိုး

“သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖေါက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။ သံချေး၊ ပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းမဖေါက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းဖူးကြလော့။ အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ ဘဏ္ဍာရှိ၏၊ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံးရောက်တတ်၏” (မ ၆း၁၉-၂၁)။


ဤလောကတွင် အသက်ရှင်နေထိုင်ကြသောကုန်သောသူတိုင်း ပိုင်ဆိုင်ခွင့်ရရှိနိုင်သည့် ဘဏ္ဍာနှစ်မျိုးရှိပါသည်။ ကျွန်ုပ်တို့ပိုင်ဆိုင်သည့် ဥစ္စာဘဏ္ဍာသည် ကျွန်ုပ်တို့အား အကောင်းဘက်သို့ ရောက်အောင်ပြုပြင်နိုင်သကဲ့သို့ အဆိုးဘက်ကိုလည်း ဦးတည်စေနိုင်ပါသည်။ ကျွန်ုပ်တို့ တန်ဖိုးထား စုဆောင်းထားသည့်အရာများက ကျွန်ုပ်တို့အသက်တာကို သက်ရောက်မှုများစွာ ဖြစ်ပေါ်စေသည်။ ကျွန်ုပ်တို့၏ ဘဏ္ဍာရှိသည့်အရပ်တွင် ကျွန်ုပ်တို့၏ စိတ်နှလုံးလည်း ရောက်ရှိလေ့ရှိပါသည်။ ကျွန်ုပ်တို့၏စွဲလန်းခြင်းကို မည်သည့်နေရာတွင် ထားလိုပါသနည်း။ အချို့သောစွဲလန်းခြင်းမျိုးသည် ဤမြေကြီးပေါ်တွင်သာရှိပါသည်။ သို့သော်လည်း ဘုရားသခင်က ကျွန်ုပ်တို့အား အထက်အရပ် ကောင်းကင်တွင်ရှိသော ဘဏ္ဍာကိုသာ စွဲလန်းစေချင်ကြောင်း ကျမ်းစာအားဖြင့် သိနိုင်ပါသည်။

၁။ မြေကြီးဘဏ္ဍာ မဆည်းဖူးနှင့်။
မည်သူမဆို စည်းစိမ်ချမ်းသာ လိုချင်တပ်မက်ကြသည်မှာ လူ့သဘာဝပင် ဖြစ်ပါသည်။ ထို့ကြောင့် လောကရှိ လူသားတိုင်း လိုချင်တပ်မက်သည့် စည်းစိမ်ချမ်းသာကို ပင်ပန်းကြီးစွာ ရှာဖွေလျက် ရှိနေကြပါသည်။ ဤမြေကြီးစည်းစိမ်က မည်မျှလောက်အောင် စွမ်းဆောင်နိုင်ပါသနည်းဟု ဆိုရပါလျှင် သခင်ယေရှုက သခင်တစ်ပါးဟူ၍ပင် တင်စားထားကြောင်း တွေ့နိုင်ပါသည် (မ ၆း၂၄)။ ထို့ကြောင့် လူတိုင်းရင်ထဲတွင် ငွေကိုရှာခြင်းနှင့် ငွေကိုစုဆောင်းခြင်းသည် ပြသနာအဖြစ် မြင်ကြမည် မဟုတ်ပါ။ ငွေများများ စုဆောင်းနိုင်မှသာ စည်းစိမ်ချမ်းသာ ခံစားနိုင်ပေမည် မဟုတ်လော။ အချို့သောသူများက ငွေသည် မကောင်းမှုအပေါင်း၏ မူလအမြစ်ဟူ၍ ထင်တတ်ကြပါသည်။ သို့သော်လည်း သမ္မာကျမ်းစာက ထိုသို့ မဆိုလိုပါ။ ငွေကို တပ်မက်ခြင်းသည်သာ မကောင်းမှုအပေါင်း၏ မူလအမြစ်အဖြစ်သာ ဖော်ပြထားပါသည်။
တပ်မက်မှုရှိခြင်းသည်သာ ပြသနာဖြစ်စေပါသည်။ “အကြောင်းမူကား၊ ငွေကို တပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ် ဖြစ်သတည်း” ဟူ၍ ရှင်ပေါလုက ဖော်ပြထားပါသည် (၁တိ ၆း၁၀)။ ထိုသို့ ငွေကိုတပ်မက်ခြင်းကြောင့် လူတွေကို တရားလမ်းမှ လမ်းလွဲစေပြီး စိတ်နှလုံးပူပန်မှုကို ဖြစ်ပေါ်စေပါသည်။ ဤသို့ဖြင့် ငွေရနိုင်ရေး၊ မြေကြီးဘဏ္ဍာ ရနိုင်ရေး အတွက် မည်သည့်အရာကိုမဆို လုပ်ဖို့ ၀န်မလေးကြတော့ပါ။ ထို့ကြောင့် သခင်နှစ်ပါး၏အစေကိုခံခြင်းဟူ၍ သခင်ယေရှု မိန့်ဆိုထားခြင်း ဖြစ်ပါသည်။ လောကတွင် အသက်ရှင်ကြသူတိုင်း မြေကြီးဘဏ္ဍာကို ရှာခြင်းသည် အပြစ်မဟုတ်ပါ။ သို့သော်လည်း ထိုဘဏ္ဍာကိုသာ စုဆောင်းပြီး မိမိ၏သခင်နေရာတွင် ထားမိပါက ဘ၀တွင် ပြသာနာများစွာ ခေါ်ဆောင် လာမည် ဖြစ်ပါသည်။ ထိုအရာကို သတိထားဆင်ခြင်လျက် ဥစ္စာဘဏ္ဍာကို ရှာဖွေတတ်ဖို့ လိုပါသည်။

၂။ ကောင်းကင်ဘဏ္ဍာ ဆည်းဖူးမယ်။
ဘုရားသခင်က ကျွန်ုပ်တို့အား မြေကြီးပေါ်မှာရှိသည့်အရာများကို မရှာနှင့်လို့ မပြောပါ၊ မဆည်းဖူးနှင့်လို့ ဆိုထားခြင်းသာ ဖြစ်ပါသည်။ မဆည်ဖူးနှင့်ဆိုသည့်စကားလုံး၏ဆိုလိုချက်သည် ထိုအရာကိုပဲရှာ၊ ထိုအရာကိုပဲစွဲလန်း၊ ထိုအရာအပေါ်မှာသာ စိတ်က ရောက်နေစေသည့်အရာကို ဆိုလိုခြင်း ဖြစ်ပြီး ထိုသို့စိတ်ရောက်နေခြင်းသည် ဘ၀ကို မှားယွင်းစေပါသည်။ ထို့ကြောင့်ဘုရားသခင်က မြေကြီးဘဏ္ဍာကို ကောင်းကင်ဘဏ္ဍာအဖြစ်ပြာင်းလဲစေရန် အလိုရှိပါသည်။ မြေကြီးဘဏ္ဍာသည် သူခိုးများ ခိုးယူနိုင်ပြီး ပျက်ဆီးနိုင်ပါသည်။ သို့သော်လည်း ကောင်းကင်ဘဏ္ဍာမူကား မည်သည့်အခါမှ မပျက်ဆီးနိုင်ပါ။
စည်းစိမ်ကြွယ်ဝသော သူဌေးတစ်ဦးသည် သခင်ယေရှုနှင့် တွေ့ဆုံသည့်အခါ ထာဝရအသက်လိုချင်သည့်အကြောင်း၊ ထိုထာဝရအသက် ရရှိရေးအတွက် မည်သည့်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးမြန်းခဲ့ပါသည်။ ထိုသူဌေးလိုချင်သည့် အရာသည် ယခုဘ၀အသက် မဟုတ်ပါ၊ ထာဝရအသက်ဖြစ်ပါသည်။ ထာဝရအသက်သည် ဘုရားသခင်နှင်အတူ ကောင်းကင်အရပ်တွင် ရှိပါသဖြင့် ထိုနေရာတွင် နေထိုင်အသက်ရှင်လိုကြောင်း ဖော်ပြခြင်းဖြစ်ပေသည်။ သခင်ယေရူက “သင်သည်စုံလင်ခြင်းသို ရောက်လိုလျှင် သွားလော့။ ကိုယ်ဥစ္စာများကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့လိုက်လော့” ဟု မိန့်တော်မူခဲ့ပါသည် (မ ၁၉း၂၁)။ သခင်ယေရူနောက်ကို လိုက်ဖို့အတွက် ဘာကြောင့် ကောင်းကင်ဘဏ္ဍာ လိုအပ်ပါသလည်း။ မှန်ပါသည်၊ သခင်ယေရှုရှိသောအရပ်သည် ဤလောကတွင် မဟုတ်ပဲ အထက်အရပ်တွင် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးသားကို သခင်ယေရှုနှင့် အတူ အမြဲရှိနေစေဖို့ လိုပါသည်။

နိဂုံး။
ကျွန်ုပ်တို့၏ နှလုံးသားထဲတွင် မြေကြီးဘဏ္ဍာသာများပြီး ထိုအရာများကိုသာ လိုချင်ပါက စိတ်နှလုံးလည်း ထိုနေရာတွင်သာ ရှိနေပေမည်။ ကျွန်ုပ်တို့၏ ၀ိညာဉ်ရေးရာသည်လည်း လောကအရာတွေကသာ လွှမ်းမိုးပြီး ဖြစ်နေပါလိမ့်မည်။ ထို့ကြောင့် ထိုမြေကြိးဘဏ္ဍာကို ကောင်းကင်ဘဏ္ဍာ အဖြစ်ပြောင်းပြီးမှ သခင်ယေရှု နောက်သို့လိုက်မှသာ ကျွန်ုပ်တို့၏ စွဲလန်းမှုနှင့် အသက်တာသည် အထပ်အရပ်သို့ ရောက်ရှိပေမည်။ သို့မှသာ သခင်ယေရှုသည် မိမိဘ၀၏ အရှင်သခင်အဖြစ်သို့ အမှန်တကယ် ရောက်ရလာပါလိမ့်မည်။ ထို့ကြောင့် မြေကြီးဘဏ္ဍာကိုသာ ရှာဖွေ၊ မဆည်းဖူးပဲ ကောင်းကင်ဘဏ္ဍာအဖြစ် ပြောင်းလဲလျက် စုဆောင်းဆည်းဖူးဖို့ ယေရှုခရစ်တော် အလိုတော် ရှိပါသည်။ သခင်ယေရှု အလိုတော် ရှိသည့်အတိုင်း ကောင်းကင်ဘဏ္ဍာကိုသာ ဆည်းဖူးကြပါစို့။
ဝိညာဉ်ခွန်အားခံယူသူ အယောက်စီတိုင်းအပေါ် ဘုရားသခင်သာ၍ ကောင်းကြီးသွန်းလောင်းတော်မူပါစေသော်။ အာမင်။

ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော်ဒေါက်တာဟရန်မှုန်း၊
Toungphila, Kalay myo, Myanmar.
April 9, 2016|Saturday|10:00pm.

No comments:

Post a Comment