Thursday, June 29, 2017

အခြားသောဧ၀ံဂေလိတရားကို ခံယူခြင်း

“ခရစ်တော်၏ ကျေးဇူးတော်အားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက် မြန်မြန်ခွာ၍ သင်တို့သည် အခြားသောဧ၀ံဂေလိတရားကို ခံယူကြသောကြောင့် ငါသည် အံ့သြခြင်းရှိ၏” (ဂလာတိ ၁း၆)။


စစ်မှန်တဲ့ယုံကြည်သူဟာ ဘုရားသခင်နှင့်အတူ အမြဲအသက်ရှင်ရင် ဘာမဆို လုပ်နိုင်တတ်စွမ်းနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ရှင်ပေါလုက “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏” လို့ဆိုထားခြင်း ဖြစ်ပါတယ် (ဖိ ၄း၁၃)။ ဒါကိုစာတန်က ကောင်းကောင်းသိပြီး သဘောပေါက် နားလည်တယ်။ စာတန်ရဲ့ နည်းပရိယာယ်များစွာထဲက တစ်ခုကတော့ ယုံကြည်သူတွေကို ဘုရားသခင်နှင့် ဝေးကွာစေဖို့ အဓိကလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဧဒင်ဥယျာဉ်ထဲမှာတုန်းက လူဟာ ဘုရားသခင်နှင့်အတူ အသက်ရှင် လျှောက်လှမ်းနေတဲ့ အချိန်မှာ အရာခပ်သိမ်း အဆင်ပြေချောမွေ့လို့ ရှိနေပါတယ်။ သို့သော်လည်း စာတန်ရဲ့ အကြံအစည်ကို လူကသဘောတူလက်ခံလိုက်တဲ့အချိန်မှာ ဘုရားသခင်နှင့် လူတွေကြားက နီးကပ်စွာရှိနေတဲ့ ဆက်ဆံရေးဟာ ပြတ်တောက်ပြီး ဝေးကွာသွားစေခဲ့ပါတယ်။ ဒါ့အပြင် လူဟာ ဘုရားသခင်နှင့် ဝေးကွာသည်သာမက ဘုရားသခင်ပေးထားတဲ့၊ ဘုရားသခင်အပ်နှင်းထားတဲ့ အရာအားလုံးကိုလည်း ဆုံးရှုံးသွားခဲ့ရပါတယ်။ သခင်ယေရှုရဲ့ အသွေးတော်အားဖြင့် ဘုရားသခင်နှင့်လူတွေကြားမှာ ပြန်လည်ဆက်ဆံနိုင်ဖို့ ဘုရားသခင်လမ်းဖွင့်ပေခဲ့ပါတယ်။ ဒါကြောင့် ယုံကြည်သူတွေရဲ့အသက်တာကို ဘုရားသခင်နှင့် မကွာစေဖို့ အမြဲတမ်းသတိရှိဖို့၊ ဘုရားသခင်နှင့် ဆက်ဆံရေး မပြတ်တောက်ဖို့ လိုအပ်ပါတယ်။

၁။ မှားယွင်းတဲ့တရားဟာ ခရစ်တော်နှင့် ကင်းကွာဖို့ ဖြစ်စေတယ်(ဂလာ ၁း၆)။
ယုံကြည်ခြင်းဆိုတာက ကြားနာရတဲ့ ဘုရားသခင်ရဲ့စကားတော်၊ နှုတ်ကပတ်တရားတော်ကို လက်ခံခြင်းကနေ ပေါက်ဖွားလာပါတယ်။ ဒါကြောင့် ကျနော်တို့ ကြားနာရတဲ့ တရားစကားမှားရင် ယုံကြည်ခြင်းလည်းမှားသွားနိုင်ပါတယ်။ ယုံကြည်သူတွေကို ခရစ်တော်နှင့် ကွာစေတဲ့ အကြောင်းအရာများစွာထဲက တစ်ခုကတော့ ခရစ်တော်ရဲ့ တရားတော်ကနေ မဟုတ်ပါဘူး။ လူတွေဆီကနေ မိမိလိုရာဆွဲ ပြုလုပ်ထားတဲ့ တရားပေါ်မှာ အသက်တာကို တည်ဆောက်မိပြီး ယုံကြည်လက်ခံမိခြင်းအားဖြင့် ခရစ်တော်နှင့် ကင်းကွာစေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်ကြားရတဲ့ နှုတ်ကပတ် တရားတော်တွေဟာ သမ္မာကျမ်းစာသွန်သင်ထားတဲ့ နှုတ်ကပတ်တော်နှင့် ညီညွတ်ခြင်းရှိမရှိ အမြဲတမ်း တိုက်ဆိုင်စစ်ဆေးဖို့ သိပ်အရေးကြီးပါတယ်။ ယုံကြည်သူခရစ်ယာန်များစွာအနေဖြင့် ဘုရားကျောင်းသွားပြီး နှုတ်ကပတ်တရားတော်ကို ပုံမှန်နားထောင်ကြပေမယ့် အဲဒီနှုတ်ကပတ်တော်တရားတော်တွေ မှန်ကန်ခြင်းရှိမရှိ ဆန်းစစ်ဖို့ သိပ်စိတ်မ၀င်စားပါဘူး။ ၀တ်ကျေတန်းကျေ နားထောင်ဖို့သာ စိတ်ဝင်စားတတ်ကြပါတယ်။ အဲလိုနှင့် မှားယွင်းတဲ့ တရားတွေကို အကြိမ်ကြိမ် နားထောင်မိပြီး နောက်ဆုံးတော့ ခရစ်တော်နှင့် ကင်းကွာဖို့ ဖြစ်စေတတ်ပါတယ်။

၂။ သမ္မာကျမ်းစာနှင့် စစ်ဆေးဖို့ လိုပါတယ် (တ ၁၇း၁၁)။
ပထမအချက်မှာ ဖော်ပြပြီးတဲ့အတိုင်း အချို့သွန်သင်ဟောပြောသူတွေဟာ မိမိတို့အတွေးအခေါ်တွေကို လူတွေ စိတ်ဝင်စားအောင် စီကာပတ်ကုံး ဟောပြောတတ်ကြတယ်။ အဲလိုဟောပြောတဲ့အခါ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်း မရှိသော သွန်သင်မှုများကိုလည်း ကြားညှပ်ပြီး မသိမသာ ထည့်သွင်းတတ်ကြတယ်။ ဒါကြောင့် ဟောပြောချက်တွေ မှန်ကန်မှု ရှိမရှိ သမ္မာကျမ်းစာကို ကိုယ်တိုင်လေ့လာဖတ်ရှုဖို့ လိုတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဗေရိမြို့သားတွေကတော့ အမြဲတမ်း နှုတ်ကပတ်တရားတော်ကို နားထောင်ရုံနှင့်မပြီးပဲ အသက်တာမှာ မှန်မမှန်သိဖို့ ကျမ်းစာကို နေ့တိုင်း ဖတ်ကြတယ်လို့ သိရပါတယ် (တ ၁၇း၁၁)။ ဒါကြောင့် ကျနော်တို့ ကြားနေရတဲ့ တရားစကားဟာ ကျနော်တို့ကို ယေရှုခရစ်တော်နှင့် ကွာစေနိုင်သလို ယေရှုခရစ်တော်နှင့် တည်စေနိုင်တဲ့အရာပါ။ ဒါကြောင့် သခင်ယေရှုက သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌ တည်လျှင်၊ သင်တို့သည် တောင်းချင်သမျှကို တောင်း၍ ရကြလိမ့်မည်လို့ ပြောထားတာပါ (ယော ၁၅း၇)။ အဲဒီလိုမဟုတ်ပဲ မှားယွင်းတဲ့ သြ၀ါဒထဲမှာ တည်မိတယ်ဆိုရင်တော့ ကျနော်တို့ဟာ ခရစ်တော်နှင့် ကွာ(ကင်းကွာ)သွားမှာဖြစ်တယ်။ ခရစ်တော်နှင့် ကွာဖို့က ကျနော်တို့ အသက်တာမှာ စာတန်က ပြုချင်၊ ဖြစ်စေချင်တဲ့ အလိုဆန္ဒပါ။ တစ်ကယ်လို့သာ ကျနော်တို့ဟာ ခရစ်တော်နှင့် ကွာတယ်ဆိုရင် ဘာမှ တတ်နိုင် လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

၃။ ခရစ်တော်၌ တည်မှသာ အောင်မြင်မယ် (ယော ၁၅း၅)။
ဂလာတိအသင်းတော်ဟာ အရင်က ခရစ်တော် ၌ တည်ပြီး ကြီးစွာအောင်မြင်ခဲ့တဲ့ အသင်းတော်တစ်ပါး ဖြစ်ပါတယ်။ ဒါပေမယ့် မှားယွင်းတဲ့ သွန်သင်ချက်တွေ၊ လူတွေပြုပြင်ထားတဲ့ သြ၀ါဒတွေ ၀င်ရောက်လာပြီး ဂလာတိအသင်းတော်မှာ ခရစ်တော်ရဲ့ သွန်သင်ချက်နှင့် တဖြည်းဖြည်း ကင်းကွာလာတယ်။ အခြားသောဧ၀ံဂေလိကို ခံယူခြင်းဖြင့် ခရစ်တော်၏ ဆုကျေးဇူးအားဖြင့် သူတို့ကို ခေါ်တော်မူသော သူနှင့် မြန်မြန်ကွာသွားခဲ့တယ်။ ဒါကို ရှင်ပေါလုက သင်တို့ခရစ်တော်နှင့် ကွာစေတဲ့အရာဟာ ဘာလည်း ဆိုတာကို ထောက်ပြထားပါတယ်။ ဂလာတိ ၅း၉ မှာတော့ အနည်းငယ်သော တဆေးဟာ မုန့်စိမ်းတစ်ပုံးလုံးကို ဖေါင်းကြွစေတတ်တယ်လို့ ပြောပါတယ်။ ဆိုလိုတာကတော့ ခရစ်တော်ရဲ့ နှုတ်ကပတ်တရားတော်ကို အနည်းငယ်သော လွဲမှားသောသြ၀ါဒအားဖြင့် လူတွေရဲ့ ခံယူချက်ကို ဖေါင်းကြွစေတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ခံယူချက်၊ ယုံကြည်ချက်တွေဟာ ခရစ်တော်ရဲ့ နှုတ်ကပတ်တရားတော်မှာ ရာနုန်းပြည့် မှီခိုရမှာ ဖြစ်ပြီးတော့ လူ့အကြံ၊လူ့သြ၀ါဒတွေ နည်းနည်းလေးမှ ရောနောလို့မရကြောင်း မြင်သာစေပါတယ်။ ခရစ်တော်၌ တည်မှသာလျှင် အောင်မြင်နိုင်မယ် ဆိုတာ အမြဲတမ်းသိရှိကြဖို့ လိုပါတယ်။

နိဂုံး။
ဒီနေ့ကျနော်တို့ရဲ့ ယုံကြည်ချက်၊ ခံယူချက်များဟာ ခရစ်တော်နှင့် ကွာစေသောအရာများ ယုံကြည်ချက်များ ဖြစ်နေသလား ဆိုတာကိုတော့ သေသေချာချာ ဆန်းစစ်လေ့လာဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ စာတန်ရဲ့ အကြံအစည်အတိုင်း လမ်းလွဲပြီး ခရစ်တော်နှင့် ကွာသွားစေမှာ ဖြစ်ပါတယ်။ ယုံကြည်သူတွေ ခရစ်တော်နှင့် ကွာခဲ့ရင်တော့ ဘာမှာ မတတ်နိုင်၊ မလုပ်နိုင်၊ မစွမ်းဆောင်နိုင်သောသူများ ဖြစ်နေကြပါလိမ့်မည်။ ဒါကြောင့် ခရစ်တော်ရဲ့ ဧ၀ံဂေလိတရားတော်မှ လွဲပြီး အခြားသောဧ၀ံဂေလိကို ခံယူခြင်းမပြုမိဖို့ ကျနော်တို့ရဲ့ အသက်တာကို ခရစ်တော်နှင့် အမြဲတမ်း ဆက်သွယ်နေရမှာ ဖြစ်ပါတယ်။

ဝိညာဉ်ခွန်အားခံယူသူ အယောက်စီတိုင်းအပေါ် ဘုရားသခင်သာ၍ ကောင်းကြီးသွန်းလောင်းတော်မူပါစေသော်။ အာမင်။

ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော်ဒေါက်တာစီဂျေဟရန်မှုန်း၊ PhD.
Toungphila, Kalay myo, Myanmar.
March 19, 2016|Saturday|10:20pm.

No comments:

Post a Comment