Thursday, June 29, 2017

ယခုအချိန်

ဗျာဒိတ်တော်အချက်ဟူမူကား၊ နှစ်သက်ဘွယ်သောအချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင် နှစ်သက်ဘွယ်သောအချိန်ရှိ၏။ ယခုပင် ကယ်တင်ရာနေ့ရက် ကာလရှိ၏။ (၂ကော ၆း၂)
ယနေ့ကာလဟာ ခဲယဉ်းဆိုးယုတ်သောကာလကို ဦးတည်နေကြတဲ့အချိန် ဖြစ်ပါတယ်။ မကြုံတွေ့ဘူးတဲ့ အဖြစ်အပျက်တွေ၊ ပြသနာပေါင်းစုံတွေနှင့် နေ့စဉ် ရင်ဆိုင်နေကြရပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ ဒီအခြေအနေမှာလည်း လောကီရေးရာအတွက်နှင့် အချိန်တွေကုန်ပြီး ဖန်ဆင်းရှင်ဘုရားသခင်ကို မသိကြပါဘူး။ အချို့သော ယုံကြည်သူတွေ ကလည်း အချိန်ရှိပါသေးတယ်။ အခုတော့ လူ့ဘ၀ခဏတာလေးမှာ ပျော်ရွှင်စွာနေထိုင် အသက်ရှင်ဦးမယ်။ နောက်မှ ဘုရားတရားကို အချိန်ပေးရင်ရပါသေးတယ်လို့ ဆင်ခြေတွေ ပေးတတ်ကြပါတယ်။ သေချာစဉ်းစားရင် လူတွေထင်သလို အချိန်မရှိတော့ဘူးဆိုတာ အထူးသဖြင့် ယုံကြည်သူတွေ အနေဖြင့် သတိရဖို့ လိုအပ်လှပါပြီ။



၁။ မရေရာသော မနက်ဖြန်။
ဒီလောကကြီးမှာ လူရယ်လို့ဖြစ်လာသူတိုင်း အသက်ရှင်နေသေးသရွေ့ မနေ့၊ ယနေ့နှင့် မနက်ဖြန်ဆိုတဲ့ အချိန်ကာလကို လူတိုင်းလူတိုင်း ဖြတ်ကျော်ရပါတယ်။ မနက်ဖြန်ဆိုတာ တစ်ခါတစ်လေ မျှော်လင့်ခြင်းတွေနှင့် ပြည့်ပြီးစဉ်းစားလိုက်တိုင်း ချက်ခြင်းရောက်ချင်တဲ့ နေ့ရက်တွေဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေတော့လည်း ပူပန်မှုပြသနာတွေနှင့် ရင်ဆိုင်ရင်း မနက်ဖြန်ဆိုတာကို စဉ်းစားကြည့်ရင် ဖြေရှင်းရမယ့် အခက်အခဲတွေကို တွေးကြည့်လိုက်တိုင်း မနက်ဖြန် မရောက်ပါစေနှင့် ဆိုပြီး အကြိမ်ကြိမ် ဆုတောင်းခဲ့မိတာလည်း ရှိကောင်းရှိကြမှာပါ။ ဒါကြောင့် “နက်ဖြန်နေ့ကို အမှီပြု၍ မ၀ါကြွားနှင့်။ တရက်အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်” (သု ၂၇း၁) ဆိုပြီး သုတ္တံဆရာက သတိပေးထားပါတယ်။ မနက်ဖြန်မှ ရရှိလာမယ့် အောင်မြင်ခြင်းတွေ၊ ကောင်းစားခြင်းတွေ၊ လုပ်ဆောင်မယ့် လုပ်ငန်းတွေအားလုံးဟာ ဘုရားသခင်ရဲ့ လက်တော်ထဲမှာ ရှိနေပါတယ်။ ဘုရားသခင် အခွင့်မပေးရင် ဘာမှ ဖြစ်လာစရာအကြောင်း မရှိပါဘူး။ မနက်ဖြန်ပေါင်းများစွာအတွက် စားစရာတွေစုဆောင်းပြီး ဘာမှမလိုအပ်တော့ဘူးလို့ ကိုယ်ကိုယ်ကိုပြောပြီး ကျေနပ်နေတဲ့ သူဌေးကြီးဆီကို ယနေ့ညပင် အသက်ကုန်သွားလိမ့်မယ်လို့ ဘုရားသခင်ထံမှ အသံတော် ရောက်လာတယ်။ အဲဒီအချိန်မှာ အဲဒီသူဌေးကြီးဟာ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ မနက်ဖြန်အတွက် ငွေကြေးဥစ္စာဘယ်လောက်ရှိရှိ၊ ရာထူးဂုဏ်ဘယ်လောက်ကြီးကြီး၊ လောကအာမခံချက်အပြည့်အ၀ ရှိရင်လည်း ဖန်ဆင်းရှင်ဘုရားသခင်က အခွင့်မပေးတော့လို့ အသက်မရှင်တော့ဘူးဆိုရင် အားလုံးဟာ အချည်းနှီးမျှသာ ဖြစ်ကြပါတယ် (လု ၁၂း၁၆-၂၁)။

၂။ ယနေ့အရေးကြီးဆုံးနေ့ပါ။
စစ်မှန်တဲ့ ယုံကြည်သူတွေအနေဖြင့် မနက်ဖြန်နေ့ကို စိုးရိမ်စရာ ကြောက်နေစရာလည်း မလိုပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သခင်ယေရှုက ''ထို့ကြောင့် နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့ စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်း မသင့်သော အရာသည် ယခုနေ့ဘို့ လောက်ပေ၏'' (မဿဲ ၆း၃၄) လို့ ဆိုထားတဲ့အတွက် ဖြစ်ပါတယ်။ မရောက်သေးတဲ့ မနက်ဖြန်အတွက် စိုးရိမ်ပူပန်ပြီးတော့ ကြောက်ရွံ့နေခြင်းဟာ ယနေ့အတွက် ဖိစီးမှုတစ်ခုဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်လေ မနက်ဖြန်ဆိုတာ ယုံကြည်သူတွေကို စာတန်လှည့်စားတဲ့ အချိန်ကာလလည်း ဖြစ်တတ်ပါတယ်။ ယုံကြည်သူတွေကို စာတန်က မနက်ဖြန်အောင်မြင်မယ်၊ ကျန်းမာမယ်၊ ကောင်းစားတိုးတက်မယ်ဆိုပြီး ဒီနေ့ ထဲကနေ သတိလက်လွတ်ဖြစ်ပြီး အဆက်ပြတ်သွားအောင် အမြဲတမ်း သွေးဆောင်နေတယ်။ ဘုရားသခင်က လူတွေကို ဒီနေ့ကောင်းစား စေချင်တယ်၊ ဒီနေ့လွတ်စေချင်တတယ်။ ဒါကြောင့်ကျမ်းစာက “ယခုပင် နှစ်သက်ဘွယ်သောအချိန်ရှိ၏။ ယခုပင် ကယ်တင်ရာနေ့ရက် ကာလရှိ၏” (၂ကော ၆း၂) လို့ဖော်ပြထားတယ်။ ကယ်တင်ရာနေ့ရက်ဟာ မနက်ဖြန်မဟုတ်ဘူး။

၃။ မနက်ဖြန်အတွက် ဘုရားသခင်။
ထာဝရဘုရားသခင်ဟာ နေ့ရက်တွေကို အစိုးရသောဘုရား ဖြစ်ပါတယ်။ ဘုရားသခင်က မနက်ဖြန်ကို ဒီနေ့နှင့် တစ်သတ်မတ်တည်း မရှိစေပဲ လိုအပ်သလို အပြောင်းအလဲတွေကို လုပ်လေ့ရှိတယ်။ တစ်ခါတစ်ရံမှာ ဘုရားသခင်က မနက်ဖြန်လုပ်မယ့် အလုပ်တွေကို မမြင်နိုင် မယုံနိုင်ပဲ ခက်ခဲမှု၊ ဖိစီးမှုတွေအောက် ရောက်နေတဲ့အတွက် အသက်တာမှာ အဲဒါတွေကို မြင်ပဲမြင်ရပြီး မခံစားရတဲ့လူတွေ အများကြီးရှိတတ်ပါတယ်။ ဧလိရှဲက “မနက်ဖြန်နေ့ ယခုအချိန်ရောက်ရင် ဂျုံမုန့်ညက်တစိတ်ကို ငွေတကျပ် မုယောဆန်တခွဲကို တကျပ်နှင့် ရှမာရိမြို့တံခါးဝမှာ ရောင်းလိမ့်မယ်” လို့ပြောတဲ့အခါမှာ အမတ်ကြီးက မယုံနိုင်ဘူး။ ဒါကြောင့် နက်ဖြန်နေ့ရောက်တဲ့အခါ မြင်ပဲမြင်ရတယ်၊ အသက်တာမှာ မခံစားလိုက်ရဘူး (၄ရာ ၇း၁-၂၀)။ ဘုရားသခင်က အသက်တာမှာ အရာအားလုံးကို တစ်သမတ်တည်း ပုံသေမထားပါဘူး။ အခက်အခဲတွေကနေ ပြောင်းလဲဖန်တီး ပေးတတ်လေ့ရှိပါတယ်။ ဒါပေမယ့် အဲဒီလိုဖြစ်ဖို့ နှုတ်ကပါတ်တော်အပေါ်မှာ အကြွင်းမဲ့ယုံကြည်ဖို့တော့ လိုပါတယ်။ ဒါကြောင့် မနက်ဖြန်အပေါ်မှာ ပြုမယ့်အရာတွေ၊ ပိုင်ဆိုင်တဲ့ငွေကြေးဥစ္စာတွေနှင့် ပါတ်သက်ပြီးတော့ ၀ါကြွားဖို့ မလိုပါဘူး။ မနက်ဖြန်ကို ကျနော်တို့ မပိုင်ပါဘူး။ မနက်ဖြန်ကို ကြည့်ပြီး ဘာတွေ ဖြစ်လာဦးမလဲဆိုပြီး တွေးပူစရာ စိုးရိမ်စရာလည်း မလိုပါဘူး။ ဒီနေ့ကို အုပ်စိုးပြီး ကျနော်တို့နှင့် အမြဲတမ်း အတူရှိနေတဲ့ ဘုရားသခင်က မနက်ဖြန်လည်း ကျနော်တို့နှင့် အတူတူ ရှိနေဦးမယ့် ဧမာနွေလဘုရားပါ (မ ၁း၂၃)။ မနက်ဖြန်ကိုဘန်းပြပြီးတော့ စာတန်ရဲ့ လှည့်စားတာကို မခံမိစေဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုလည်း မလှည့်စားပါနှင့်။ မနက်ဖြန်ကစပြီး ကျမ်းစာဖတ်မယ်၊ ဆုတောင်းမယ်၊ အလုပ်လုပ်မယ်ဆိုပြီး မပြောလိုက်ပါနှင့်။ မနက်ဖြန်ကို အစိုးရတဲ့ ဘုရားသခင်က အပြောင်းအလဲတွေ လုပ်လာတဲ့အခါမှာ တစ်နေ့ထက်တစ်နေ့ ပိုကောင်းအောင် ဘုရားသခင်တတ်နိုင် လုပ်နိုင်ပါတယ်။

နိဂုံး။
လက်ရှိအချိန်လေးဟာ ကျနော်တို့အားလုံးအတွက် အလွန်တန်ဘိုးရှိပါတယ်။ ခဏနေပြီး ဘာတွေဘယ်လို ဆက်ဖြစ်သွားနိုင်တယ်ဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ အရာရာအားလုံးဟာ ဘုရားသခင်ရဲ့အလိုတော်အတိုင်း ဖြစ်ပျက်နေကြဆဲပါ။ ရှင်ယာကုပ်က “နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့ မသိကြ။ သင်တို့အသက်သည် အဘယ်သို့သောအရာဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။ ထာဝရဘုရားသည် အလိုတော်ရှိ၍၊ ငါတို့သည်လည်း အသက်ရှင်လျှင်၊ ဤသို့ပြုကြကုန်အံ့၊ ထိုသို့ပြုကြကုန်အံ့ဟု သင်တို့ဆိုရာသင့်ရာဖြစ်၏” လို့ဆိုထားပါတယ် (ယာ ၄း၁၄-၁၅)။ ယခုပင် နှစ်သက်ဘွယ်သောအချိန်ဖြစ်တယ်။ ယခုပင် ကယ်တင်ရာနေ့ရက် ကာလဖြစ်တယ်။ ယခုအချိန်သည် ဘုရားသခင် ပြင်ဆင်ပေးသနားတော်မူသော တန်ဘိုးအရှိဆုံး အချိန်ဖြစ်ကြောင်း သတိရလျက် နာမတော်ကို ချီးမြှောက်ရင်း အသက်ရှင်ကြပါစို့။
စာဖတ်သူ အယောက်စီတိုင်းအပေါ် ဘုရားသခင် သာ၍ ကောင်းကြီးသွန်းလောင်းတော်မူပါစေသော်။ အာမင်။

ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော်ဒေါက်တာစီဂျေဟရန်မှုန်း၊ DMin.,PhD.
Toungphila, Kalay myo, Myanmar.
March 11, 2016|Friday|9:30am.

No comments:

Post a Comment