Thursday, June 29, 2017

“သန့်ရှင်းသောဝိညာဉ်တော်”

“ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်း စည်းဝေး၍ နေကြ၏။ … ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍…” (တမန် ၂း၁-၄)။


ယခုခေတ်ကာလသည် သန့်ရှင်းသောဝိညာဉ်တော်အုပ်စိုးသောကာလဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာတရားနှင့် ပြည့်စုံလျက်၊ ထိုသမ္မာတရားကို အကြွင်းမဲ့သွန်သင်ပြသသောသူဖြစ်သည် (ယော ၁၆း၁၃)။ သန့်ရှင်းသောဝိညာဉ်တော်သည် ခမည်းတော်ဘုရားထံမှ ကျနော်တို့ဆီသို့ စေလွှတ်တော်မူသော ဥပဇ္ဈာယ်ဆရာဖြစ်၏ (ယော ၁၅း၂၆)။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်သည် မည်သူဖြစ်၍ မည်သည့်အရာများကို လုပ်ဆောင်ကြောင်း သိရှိမှသာ နေ့စဉ်အသက်တာတွင် သန့်ရှင်းသောဝိညာဉ်တော်နှင့် မိသဟာရဖွဲ့ပြီး မိမိ၏အသက်တာအတွက် လမ်းပြသူဖြစ်ပေမည်။
ထိုသန့်ရှင်းသောဝိညာဉ်တော်သည် ပင်တေကုတ္တေပွဲနေ့တွင် ဆင်းသက်လာပါသည် (တမန် ၂)။ ယနေ့တိုင်အောင် ယုံကြည်သူများအတွက် လမ်းပြသူ၊ သွန်သင်သူ၊ ကူညီစောင်မသူအဖြစ် တည်ရှိနေပါသည်။ သန့်ရှင်းသောဝိညာဉ်တော်အကြောင်းကို အောက်ပါအတိုင်း အကျဉ်းချုပ် လေ့လာ ခွန်အားယူကြပါစို့။

၁။ သန့်ရှင်းသောဝိညာဉ်တော်သည်…
(က) ဘုရားသခင်စေလွှတ်တော်မူ၏ (ယော ၁၅း၂၆)။
(ခ) အသက်ရှင်စေသူဖြစ်၏ (ရောမ ၈း၂)။
(ဂ) နက်နဲသောအရာကို သိစေသူဖြစ်၏ (၁ ကော ၂း၁၀၊ ၁၁)။
(ဃ) ၀မ်းနည်း၊ စိတ်နာတတ်သူ ဖြစ်၏ (ဧဖက် ၄း၃၀)။

၂။ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်များ။
(က) ပြသသွန်သင်သူ၊ ဆုံးမသူ၊ လမ်းပြသူဖြစ်၏ (ယော ၁၄း၂၆၊ ၁၆း၇-၁၁၊ ၁၃)။
(ခ) တန်ခိုးကို ခံစေသူဖြစ်၏ (ဇာခရိ ၄း၆၊ တမန် ၁း၈)။
(ဂ) သက်သေခံဖြစ်၏ (တမန် ၅း၃၂)။
(ဃ) ဗျာဒိတ်ပေးပြီး အမှုကို ဆောင်ရွက်စေသူဖြစ်၏ (တမန် ၈း၂၉၊ ၁၃း၂)။
(င) ဘုရားသားဖြစ်ဖို့ ပဲ့ပြင်ဆုံးမသူဖြစ်၏ (ရောမ ၈း၁၄-၁၅)။
(စ) ဘုရားသခင်ထံ ယုံကြည်သူများကိုယ်စား တောင်းလျှောက်ပေးသူဖြစ်၏ (ရောမ ၈း၂၆-၂၇)
(ဆ) ၀ိညာဉ်ဆုကျေးဇူးကို ခံယူစေသောသူဖြစ်၏ (၁ ကော ၁၂း၁-၁၁)။

၃။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားဖြစ်ခြင်း။
သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်ဖြစ်ပြီး ခမည်းတော်ဘုရား၊ သားတော်ဘုရားနှင့် တူညီပါသည် (မသဲ ၂၈း၁၉၊ ယော ၁၄း၁၆-၁၈၊ တမန် ၅း၃-၄၊ ၁၆း၆-၇၊ ၂ကော ၁၃း၁၃)။ သန့်ရှင်းသောဝိညာဉ်တော်သည် သုံးပါးတစ်ဆူဘုရားတွင် အပါအ၀င် ဖြစ်ပါသည်။ သုံးပါးတစ်ဆူဘုရား ဖြစ်သော ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏ တလုံးတ၀တည်းဖြစ်ခြင်းကို လူသားများအသိနှင့် စကားလုံးဖြင့် ရှင်းလင်းရန်မလွယ်ပါ။ သို့သော်လည်း ကိုယ်တော်ရှင်တဖန် ပြန်လည်ကြွလာသောအခါ ယုံကြည်သူတို့အား ပြည့်စုံသောအသိညာဏ်နှင့် ပြည့်စေပြီး ရှင်းလင်းစွာ သိရှိကြမည် ဖြစ်ပါသည်။

၎။ ဘုရားဖြစ်ကြောင်း ထင်ရှားစေခြင်း။
(က) တချိန်တည်းတွင် နေရာတိုင်းတွင် ရှိတော်မူ၏ (ဆာ ၁၃၉း၇-၁၁)။
(ခ) နက်နဲသောအရာခပ်သိမ်းကို သိတော်မူ၏ (၁ ကော ၂း၁၀-၁၁)။
(ဂ) အနန္တတန်ခိုးတော်နှင့် ပြည့်စုံတော်မူ၏ (လုကာ ၁း၃၅၊ ၁ပေ ၃း၁၈)။
(ဃ) ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်သူဖြစ်၏ (ယော ၁၄း၂၆)။
(င) သက်သေခံနှင့် သမ္မာတရားဖြစ်၏ (၁ ယော ၅း၆)။

နိဂုံး။
သန့်ရှင်းသောဝိညာဉ်တော်အကြောင်းနှင့် လုပ်ဆောင်ချက်များကို ပြည့်စုံအောင် မည်သူကမျှ ရေးသားဖော်ပြနိုင်လိမ့်မည် မဟုတ်ပါ။ သို့သော်လည်း အထက်ဖော်ပြချက်များသည် သန့်ရှင်းသောဝိညာဉ်တော်သည် မည်သူဖြစ်၍ မည်သည့်အရာများကို လုပ်ဆောင်ကြောင်းဆိုသည့် အချက်များကို အတော်အသင့် သိရှိစေမည်ဟု မျှော်လင့်ပါသည်။ မိမိတို့အသက်တာ အသီးသီးတွင် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုလေ့လာပြီး သန့်ရှင်းသောဝိညာဉ်တော်၏ ကူညီမစမှုနှင့် လမ်းပြမှုခံယူလျက် ခွန်အားယူကြပါစို့။

ဝိညာဉ်ခွန်အားခံယူသူ အယောက်စီတိုင်းအပေါ် ဘုရားသခင်သာ၍ ကောင်းကြီးသွန်းလောင်းတော်မူပါစေသော်။ အာမင်။

ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော်စီဂျေဟရန်မှုန်း၊
 တောင်ဖီလာရပ်ကွက်၊ ကလေးမြို့။
ေ မေလ ၁၅၊ ၂၀၁၆ ခုနှစ်။ ညနေ ၃း၃၀နာရီ။
ပင်တေကုတ္တေပွဲနေ့

No comments:

Post a Comment