Thursday, June 29, 2017

ဘုရားစကားကို နားထောင်ခြင်း

''ငါ့စကားကို နားထောင်သော သူမူကား လုံခြုံစွာနေ၍၊ ဘေးကိုမကြောက်ဘဲငြိမ်ဝပ်လိမ့်မည်။'' (သုတ္တံ ၁း ၃၃)။


ဆုံးမခြင်းဆိုတာ ကောင်းစေချင်လို့ ဖြစ်ပါတယ်။ လူမှန်လျှင် လိုအပ်သလို ဆုံးမခြင်းခံရပါမည်။ အကောင်း အဆိုး၊ အမှားအမှန် စသည်ဖြင့် ပိုင်းခြားတတ်ဖို့ ဆုံးမစကားများကို နားထောင်ဖို့ လိုပါတယ်။ ဒီလိုနှင့် ကျနော်တို့ရဲ့ အမှားတွေကို ပြင်နိုင်ပြီး စိတ်ချအားထားရသောသူများအဖြစ် ရောက်ရှိစေမှာပါ။ ဘုရားကဆုံးမတာ၊ သူ့စကားနားထောင်တာဟာလည်း ဘုရားအတွက် မဟုတ်ပါဘူး၊ တကယ်တမ်းတော့ ကျနော်တို့အတွက်ဖြစ်ပါတယ်။ ဘုရားသခင်က ကျနော်တို့ကို ချစ်လို့ အပြစ်နွံတွင်းထဲမှာ ထာဝရမသေစေလိုပါ။ ဒါကြောင့် ချစ်ခြင်းအားဖြင့် ဆုံးမလေ့ရှိပါတယ်။ ဒါတွေကို နားထောင်ခြင်း အားဖြင့် အသက်တာမှာလည်း ပြန်လည်ခံစားရဖို့အရာ များစွာရှိပါတယ်။ ဘုရားစကားနားထောင်ခြင်းဟာ ကျနော်တို့အတွက် ဘယ်တော့မှ အကျိုးမဲ့ မဖြစ်စေပါ။ သုတ္တံဆရာက ဘုရားစကားနားထောင်သူဟာ (၁) လုံခြုံစွာနေရမယ်၊ (၂) ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်၊ လို့ ဆိုထားပါတယ်။

၁။ လုံခြုံစွာနေရမယ်။
လောကမှာ ဘယ်နေရာရောက်ရောက်လုံခြုံမှုဆိုတာမရှိတော့ပါဘူး။ တိုးတက်ပြီးတော့ နည်းပညာအဆင့် အလွန်မြင့်မားတဲ့ အမေရိကန်နိုင်ငံမှာလည်း လုံခြုံမှုမရှိပါဘူး။ ပြသနာနှင့် ခက်ခဲမှုမျိုးစုံကနေ မလွတ်မြောက်နိုင်ပါဘူး။ မသိဘူးတဲ့ရောဂါဆိုးတွေလည်း တနေ့တခြားပေါများလာပြီး ကူးစက်နည်းပေါင်းစုံနှင့် ကူးစက်နေလို့ လုံခြုံမှု ကင်းမဲ့လာတယ်။ ဒါပေမယ့် နှုတ်ကပတ်တော်ကတော့ ''ငါ့စကားကို နားထောင်သော သူမူကား လုံခြုံစွာနေ၍” လို့ ဆိုထားပါတယ် ။ အဲဒီအချက်ကတော့ ဘုရားသခင်ရဲ့ ကတိတော်စကားဖြစ်ပါတယ်။ သခင်ယေရှုက အိမ်ဆောက်သူနှစ်ဦးအကြောင်းကို ဥပမာပေးပြီး “ငါ့စကားကိုကြားပြီး နားထောင်တယ်ဆိုရင် ကျောက်ပေါ်မှာအိမ်ဆောက်တဲ့ ပညာရှိနှင့်တူပြီး နားမထောင်တဲ့သူကတော့ သဲပေါ်မှာအိမ်ဆောက်တဲ့ လူမိုက်နှင့်တူတယ် လို့ ဆိုထားပါတယ် (မ ၇း၂၄-၂၇)။ မုန်တိုင်းလာတဲ့အခါမှာ အဲဒီနှစ်အိမ်စလုံးကတော့ မုန်တိုင်းဒဏ်ကိုခံရပေမယ့် ခံနိုင်ရည်ခြင်းကတော့ မတူပါဘူး။ စကားနားထောင်ပြီးတော့အသက်တာကို ခရစ်တော်ထဲမှာ တည်ထားသလို ဖြစ်နေတဲ့ ကျောက်ပေါ်မှာ ဆောက်တဲ့အိမ်ကတော့ ပြသနာအားဖြင့်သူ့ကိုလှဲချလို့ မရပါဘူး။ စကားနားမထောင်တဲ့လူ ဆောက်ထားတဲ့အိမ်ကတော့ လွယ်လွယ်လေးနှင့် လှဲချခြင်းခံရပါတယ်။ စကားနားထောင်ခြင်းဟာ အလွန်အရေးကြီးပါတယ်။ နေ့စဉ်သင့်အသက်တာကို ခရစ်တော်ထဲမှာ တည်ဆောက်နေမယ်ဆိုရင် ဘယ်တော့မှမပြိုလဲနိုင်ပါ။ ခရစ်တော်ရဲ့စကားကို နားထောင်ခြင်းဟာ လုံခြုံစွာနေရဖို့ ဖြစ်ပါတယ်။

၂။ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်။
ကိုယ်တော်က နားထောင်ခြင်းအားဖြင့် ဘေးမရှိဘူးလို့ မပြောပါဘူး။ ဘေးရှိသော်ငြားလည်း ကြောက်ရွံ့ခြင်းရှိမှာ မဟုတ်ဘူး။ လောကမှာ ကြောက်ရွံ့စရာများစွာ ရှိသော်လည်း သခင်ရဲ့ ကွယ်ကာမှုအောက်မှာ နေတဲ့အတွက် မကြောက်တာပါ။ ဆာလံဆရာက “အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့် အတူ ရှိတော်မူသည် ဖြစ်၍ လှံတံတော်နှင့် တောင်ဝှေးတော်တို့သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏” လို့ဆိုထားပါတယ် (ဆာ ၂၃း၎)။ ငြိမ်ဝပ်ခြင်းဆိုတာ ကိုယ်တော်ကပေးမှာသာလျှင် ရရှိနိုင်မှာပါ။ ကိုယ်တော်က “မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်၊ သင်၏ ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့စေမည်” လို့ ဆိုထားပါတယ် (ဟေရှာ ၄၁း၁၀)။ စိုးရိမ်၊ ကြောက်ရွံ့စရာကတော့ ရှိနေမှာပါ၊ ဒါပေမယ့် ကိုယ်တော်နှင့်အတူ ရှိနေတဲ့အတွက် မစိုးရိမ်၊ မကြောက်ရွံ့တာပါ။
ငြိမ်ဝပ်ခြင်းဆိုတာ ဘုရားသခင်ပေးမှ ရတာပါ။

နိဂုံး။
ကောင်းစေချင်လို့ဆုံးမတဲ့စကားတွေကို သေချာစွာ နားထောင်ဖို့လိုပါတယ်။ လူဟာ မိမိကိုယ်ကို သေချာစွာ မသိမြင်နိုင်ပါဘူး။ မှားမိမှန်းလည်း မသိတတ်ပါဘူး။ ဒါကြောင့် ဘုရားသခင်ဆုံးမတဲ့အခါ သေချာစွာ နားထောင်တတ်ဖို့ လိုပါတယ်။ ဘုရားသခင်ရဲ့ ဆုံးမစကားကို နားထောင်ခြင်းအားဖြင့် ကျနော်တို့ကို ဘေးရောက်စေမှာ မဟုတ်ဘူး။ ကျနော်တို့အတွက် လုံခြုံခြင်းနှင့် ငြိမ်ဝပ်ခြင်းကို ရရှိစေမှာပါ။ ''ငါ့စကားကို နားထောင်သော သူမူကား လုံခြုံစွာနေ၍၊ ဘေးကိုမကြောက်ဘဲငြိမ်ဝပ်လိမ့်မည်။'' (သု ၁း ၃၃) လို့ သုတ္တံဆရာပြောတဲ့စကားကို အမြဲသတိရလျက် ဘုရားသခင်ရဲ့စကားကို နားထောင်ကြပါစို့။
ဝိညာဉ်ခွန်အားခံယူသူ အယောက်စီတိုင်းအပေါ် ဘုရားသခင်သာ၍ ကောင်းကြီးသွန်းလောင်းတော်မူပါစေသော်။ အာမင်။

ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော်စီဂျေဟရန်မှုန်း၊
တောင်ဖီလာရပ်ကွက်၊ ကလေးမြို့။
မေလ ၂၁၊ ၂၀၁၆ ခုနှစ်။ ည ၁၁း၃၀နာရီ။

No comments:

Post a Comment