Thursday, June 29, 2017

“ထာဝရဘုရားကိုကြောက်ရွံ့သောသဘော”

ကျနော်တို့ ယုံကြည်သူများကိုးကွယ်တဲ့ ထာဝရဘုရားသခင်ဟာ ကြောက်စရာကောင်းတဲ့ဘုရားသခင် မဟုတ်ပါဘူး။ လူသားတွေကို ချစ်တော်မူတဲ့ မေတ္တာတော်ရှင် ဖြစ်ပါတယ် (၁ ယော ၄း၁၆)။ ထာဝရဘုရားကို ကြောက်ရွံ့တယ်ဆိုတဲ့အခါ တစ္ဆေသရဲကို ကြောက်သလိုမျိုး၊ အနိုင်ကျင့်တဲ့သူကို ကြောက်သလိုမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။
တကယ်တော့ ကြောက်ရွံခြင်းဆိုတာ ကိုးကွယ်ခြင်းဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်တစ်မျိုး ဖြစ်ပါတယ်။ မူရင်းဟေဗြဲစကားကို လေ့လာကြည့်ရင် ကိုးကွယ်ခြင်းမှာ ချစ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ရိုသေခြင်းဆိုတဲ့ အဓိပ္ပါယ်သုံးမျိုးထွက်ပါတယ်။ ဒါကြောင့် ကြောက်ရွံ့ခြင်းလို့ ပြောတဲ့အခါ ချစ်ကြောက်ရိုသေတဲ့ သဘောပါရှိပါတယ်။ မုန်းတီးရွံရှာတဲ့ ကြောက်ရွံခြင်းပုံစံမျိုး မဟုတ်ပါဘူး။ သုတ္တံဆရာ ဖော်ပြတဲ့ “ထာဝရဘုရားကိုကြောက်ရွံ့သောသဘော”တွေကို လေ့လာရင်း ခွန်အားယူကြပါစို့။

၁။ ပညာ၏ အချုပ်အခြာနှင့် မူလအမြစ် ဖြစ်၏ (သုတ္တံ ၁း၇၊ ၉း၁၀)။
''ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည် ပညာ၏ အချုပ်အခြာ ဖြစ်၏'' (သုတ္တံ ၁း၇)။ ပညာဆိုတာက ဘုရားသခင်ကို သိကျွမ်းခြင်း ဖြစ်ပါတယ် (ဧဖက် ၁း၁၇)။ ဒါကြောင့် ကျနော်တို့ ဘုရားသခင်ကို ဘယ်လောက် သိကျွမ်းတယ်၊ ဘယ်လောက်ရင်းနှီးတယ်ဆိုတာ ကျနော်တို့နေ့စဉ်အသက်ရှင်ခြင်းမှာ မြင်တွေ့ရမှာပါ။ ဘုရားသခင်ကိုကြောက်တယ်ဆိုတာ ကျနော်တို့ဘယ်မှာရောက်ရောက်၊ဘာတွေလုပ်လုပ် ဘုရားသခင်က မြင်တယ်၊ သိတယ်၊ ကြည့်နေတယ်ဆိုတာကို နှလုံးသွင်းပြီးတော့ ဘုရားသခင်ရဲ့ မျက်မှောက်တော်မှာ အသက်ရှင်ခြင်း ဖြစ်ပါတယ်။ လူတွေက မတွေ့၊ မမြင်၊ မကြားနိုင်ရင်လည်း ဘုရားသခင်ရဲ့ မျက်မှောက်တော်မှာ အားလုံး အထင်းသားမြင်ပြီးသားပါ၊ ကွယ်ထားလို့ရတာ တစ်ခုမှမရှိပါဘူး။ အကြောင်းကတော့ ဘုရားသခင်ဟာ ပညာရဲ့အချုပ်အခြာ ဖြစ်လို့ပါပဲ။ ဒါကြောင့်အရာရာကို ဘုရားမြင်တယ်ဆိုတာကို သိရှိပြီး လူမြင်တဲ့နေရာမှာဖြစ်စေ၊ မမြင်တဲ့နေရာမှာဖြစ်စေ၊ ဘုရားကျောင်းမှာဖြစ်စေ၊ ဘုရားကျောင်းပြင်ပမှာဖြစ်စေ၊ တသမတ်တည်း အသက်ရှင်လျှောက်လှမ်းဖို့ လိုပါတယ်။

၂။ ဒုစရိုက်ကို မုန်းသောသဘောဖြစ်၏ (သုတ္တံ ၈း၁၃)။
''ထာဝရဘုရားကိုကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း'' (သုတ္တံ ၈း၁၃)။ ဒါကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဟာ ဒုစရိုက်ကိုမုန်းခြင်းလို့ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ ဘုရားသခင်ကို တကယ်ကြောက်တဲ့သူက ဒုစရိုက်လုပ်တာကို ပျော်မွေ့မနေရပါဘူး။ ဘုရားသခင်က မြင်တယ်၊ ကြည့်နေတယ်၊ သူမကြိုက်တာကို ရှောင်မယ်လို့ စိတ်ကူးရှိပြီး အသက်ရှင်ရမှာပါ။ ဖခင်ရှေ့မှာ ရောက်တဲ့ သားသမီးတိုင်းက မဟုတ်တာလုပ်ဖို့ ရှောင်ရှားကြသလို သန့်ရှင်းတဲ့ ဘုရားသခင်ရဲ့ မျက်မှောက်တော်ကို ရောက်နေတယ်လို့ သိမြင်တဲ့ သားသမီးတိုင်းကလည်း ဒုစရိုက်ကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။ ဒီလိုအသက်ရှင်တဲ့သူကပဲ အဲ့ဒီကြောက်ရွံ့ခြင်းက ရတဲ့ပညာ တနည်းအားဖြင့် ဘုရားသခင်နှင့် သိကျွမ်းခွင့် ပိုမိုခံစားရပါတယ်။

၃။ အသက်တာကို ရှည်စေတဲ့ အသက်စမ်းရေတွင်း ဖြစ်၏ (သုတ္တံ ၁၀း၂၇၊ ၁၄း၂၇)။
''ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည် အသက်တာကို ရှည်စေတတ်၏။ မတရားသောသူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏'' (သုတ္တံ ၁၀း၂၇)။ ဘုရားသခင်ကို ချစ်ကြောက်ခြင်းဟာ အသက်တာကို ရှည်စေပြီး မတရားသဖြင့် အသက်ရှင်နေထိုင်မယ် ဆိုရင်တော့ အသက်တာတိုစေပါတယ်။ မမြင်ရတဲ့ ဘုရားသခင်ကို ချစ်ကြောက်ရိုသေဖို့ မြင်ရတဲ့ မိဘများကို ချစ်ကြောက် ရိုသေဖို့ လိုပါတယ်။ ဒါကြောင့် “သင်၏အသက်တာရှည်မည် အကြောင်း၊ သင်၏ မိဘကို ရိုသေစွာပြုလော”့ ဆိုပြီး ဘုရားသခင်က ပညတ်တော်ဆယ်ပါးထဲမှာ ဖော်ပြထားပါတယ် (ထွက်မြောက် ၂၀း၁၂)။ အသက်တာရှည်ဖို့ ဘုရားသခင်အလိုရှိပါတယ်။ ဒါကြောင့် ''ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည် အသေခံရာ ကျော့ကွင်းတို့မှ လွှဲရှောင်ရာ အသက်စမ်းရေတွင်း ဖြစ်၏'' လို့ သုတ္တံဆရာက ဆိုထားပါတယ် (သုတ္တံ ၁၄း၂၇)။

နိဂုံး။
ကယ်တင်ခြင်းရပြီး မိမိကြိုက်တာလုပ်ရင်း ဒုစရိုက်ကို မရှောင်တဲ့ သူကတော့ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိတဲ့အတွက် ပညာတရားအသက်တာမှာ မရှိပါဘူး။ ဒုစရိုက်ကို ပြုနေခြင်းအားဖြင့် ဘုရားသခင်နဲ့ ရင်းနှီးတဲ့ အသက်တာ ရင်းနှီးကျွမ်းဝင်ခြင်းကိုလည်း လက်လွှတ်ဆုံးရှုံးစေမှာပါ။ ဒီနေ့ဘုရားသခင်ကို ကြောက်ရွံ့တဲ့သဘောဖြစ်တဲ့ ဒုစရိုက်ကို ရှောင်ရအောင် အဲဒီကြောက်ရွံခြင်းကရတဲ့ ဘုရားသခင်နှင့် ပိုမိုကျွမ်းဝင်စေတဲ့ပညာကို အသက်တာမှာ ရှိစေဖို့လိုပါတယ်။ ဆာလံ ၁၂၈ မှာတော့ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမှရမယ့် ကောင်းကြီးမင်္ဂလာကို ဖော်ပြပါထားတယ်။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအားဖြင့် အသက်တာကို ရှည်စေမယ့်အပြင် အသေခံရာ ကျော့ကွင်းတို့မှ လွှဲရှောင်နိုင်စေပြီး အသက်စမ်းရေတွင်းကိုလည်း သောက်သုံးခံစားစေပါတယ်။
 
ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော်ဒေါက်တာဟရန်မှုန်း၊
တောင်ဖီလာရပ်ကွက်၊ ကလေးမြို့။
ဇွန်လ ၂၅၊ ၂၀၁၆ ခုနှစ်။ ည ၁၁း၃၀နာရီ။

No comments:

Post a Comment