Friday, January 19, 2018

ဘုရားသခင်ဆီ ပြန်လှည့်လာဖို့



“သူတို့သည် ပြုမြဲပြုသောကြောင့်၊ သူတို့၏ ဘုရားသခင့်ထံတော်သို့ ပြန်၍ မလာနိုင်ကြ။ မှားယွင်းသော သဘော စွဲလန်းသည် ဖြစ်၍၊ ထာဝရဘုရားကို မသိကြ” (ဟောရှေ ၅း၎)။

လောကလူသားတွေဟာ အပြစ်ကြောင့် ဘုရားသခင်နှင့် မိသဟာရ ပျက်ပြားခဲ့ရပါတယ်။ ဒါပေမယ့် ဘုရားသခင်ကတော့ သူ့ပုံသဏ္ဍာန်တော်နှင့် အညီ ဖန်ဆင်းထားတဲ့လူတွေနှင့် ပြန်လည်မိသဟာရပြုနိုင်ဖို့ လောကကို ယေရှုခရစ်တော်အားဖြင့် ကြွဆင်းလာခဲ့ပါတယ်။ လူတိုင်း သှူ့ဆီ ပြန်လှည့်လာစေချင်လို့ ဖြစ်ပါတယ်။ ပျောက်သောသားဥပမာကို ကြည့်ရင် သားငယ်ဟာ သူ့ဖခင်ဆီကနေ ထွက်သွားတာနှင့် ကြမ်းတမ်းခက်ခဲတဲ့အရာတွေကို ရင်ဆိုင်ရတယ်။ ဖခင်နှင့် ဝေးတဲ့နေရာမှာ သူ့ဘ၀ဟာ သူထင်ထားသလို မလွယ်ကူပဲ အောက်ဆုံးအဆင့်ကို ရောက်သွားခဲ့ရပါတယ် (လုကာ ၁၅း၁၁-၃၂)။ ဒါကြောင့် ဘုရားသခင်က သူနှင့် ဝေးပြီးတော့ အခက်ခဲတွေကြားမှာ ရုန်းကန်နေရတဲ့ လူတွေကို ပြန်လာဖို့ ဖိတ်ခေါ်နေတာပါ။ ဒါဆိုရင် ဘုရားသခင်ဆီကို ဘယ်လိုပြန်လာကြမလဲ။ တစ်ချို့သောလူတွေ ပြန်လာချင်ကြပေမယ့် ဘာကြောင့် ပြန်လာလို့မရတာလည်းဆိုတာ နှုတ်ကပါတ်တော်က ရှင်းလင်းစွာဖေါ်ပြထားပါတယ်။

၁။ ဘုရားသခင်ကို မသိလို့။
ဒီနေ့ယုံကြည်သူတော်တော်များများက ဘုရားသခင်ကို စိတ်နှလုံးသားထဲကနေ မသိကြပါဘူး။ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ အပေါင်းအသင်းများက ယုံကြည်သူများဖြစ်နေကြလို့ ဘုရားသခင်ကို မသိနိုင်ပါဘူး။ သိနိုင်ဖို့အတွက် အထောက်အကူ ပြုနိုင်ကြသူများသာ ဖြစ်ပါတယ်။ ဘုရားသခင်ကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ကျွမ်းဝင်ပြီး စိတ်နှလုံးသားထဲကနေ လက်ခံ ယုံကြည်မှသာ ဘုရားသခင်ကို သိနိုင်မှာ ဖြစ်ပါတယ်။ ဘုရားသခင်ကို တကယ်သိမှသာလျှင် မိမိကိုယ်ကို ဘုရားသခင်နှင့် ဆက်သွယ်မှု ပြတ်တောက်သွားတဲ့အဖြစ်ကို သိမြင်လာနိုင်မှာပါ။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်သူများ ဖြစ်နေမှသာ ဘုရားသခင်ကို သိကျွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဘုရားသခင်ကို အမှန်တကယ် သိပါသလားဆိုတာ ကိုယ့်ကိုယ်ကို စစ်ဆေးဖို့ လိုပါတယ်။

၂။ ပြုမြဲပြုသောကြောင့်
ကျနော်တို့ လုပ်နေကျအလုပ်တွေထဲမှာ ဘုရားသခင် မနှစ်သက်တဲ့ အရာတွေကိုပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ ဘယ်တော့မှ ဘုရားသခင်ဆီ ပြန်လာလို့ရမှာမဟုတ်ဘူး။ ပျောက်သောသားဥပမာကို ကြည့်မယ်ဆိုရင် သူဟာ သူမှားတာသိပြီးတော့ အဲ့ဒီနေရာမှာပဲ ၀မ်းနည်းမနေပဲ ရောက်ရာနေရာကနေထပြီး ပြန်လာတဲ့အတွက် သူ့ဖခင်ဆီကို ရောက်နိုင်တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ပြုမြဲအပြစ်တွေ၊ ဘုရားသခင်မနှစ်သက်တာတွေကို နောင်တရစွန့်ပစ်ပြီးမှသာ ဘုရာသခင်ဆီကို လာနိုင်မယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် ဒီနေ့ပြုနေတဲ့ ဘုရားသခင်မနှစ်သက်တဲ့ ပြုမြဲပြုတာ ဘာတွေရှိပါသလည်း။ အဲဒီအရာတွေကို ရပ်တန့်ဖို့အချိန် ရောက်လာနေပါပြီ။ မဟုတ်ရင်တော့ ဘုရားသခင်ပေးတဲ့ လွတ်ခြင်းချမ်းသာကို ဘယ်တော့မှ ခံစားနိုင်မှာ မဟုတ်ပါဘူး။ လူတော်တော်များများက ဘုရားကျောင်းသွားကြပေမယ့် လွတ်မြောက်ပေါ့ပါးခြင်းကို မခံစားရဘူး။ လူတွေက ဘုရားကျောင်းကိုသာလာတယ် ဘုရားသခင်ဆီကိုမလာကြဘူး။ ဘုရားကျောင်းက သင့်ကို လွတ်လပ်ခြင်း ပေးမှာမဟုတ်ဘူး။ အမူတော်ဆောင်တွေက သင့်ဆီက လေးတဲ့ဝန်ကို ပေါ့စေမှာမဟုတ်ဘူး။ ယေရှုဘုရားဆီ လာမှပဲ ပေါ့ပါးတဲ့ဘ၀အသက်တာကို ရမှာဖြစ်ပါတယ်။

၃။ မှားယွင်းသောသဘောကိုစွဲလန်းနေလို့။
လူတွေက ကိုယ့်ကိုယ်ကို ဘုရားသခင်ကိုသိတယ်၊ ဘုရားသခင်နှင့် ရင်းနှီးတယ်လို့ ထင်နေကြပေမယ့် သူတို့ရဲ့ စိတ်နေစိတ်ထား တွေဟာ မှားယွင်းတဲ့ အရာတွေနှင့် ပြည့်နေပါတယ်။ ဘုရားသခင်ပြောတာရှင်းပါတယ်… မှားယွင်းတဲ့စိတ်သဘောတွေနှင့် ပြည့်နေသရွေ့ စစ်မှန်တဲ့ ဘုရားသခင်ကို မသိနိုင်သေးပါဘူး။ စိတ်နှလုံးကောင်းစားမှ အရာရာကောင်းစားနိုင်မှာပါ။ တစ်ချို့လူတွေဟာ ဘုရားသခင်နှင့် အနီးဆုံးကို မရောက်စေတာဟာ တခြားလူကြောင့်မဟုတ်ပဲသူတို့ရဲ့ စိတ်နှလုံးကြောင့်ပါပဲ။ ဘုရားသခင်နှင့် နီးစေတာ၊ ဝေးစေတာဟာ ကျနော်တို့ရဲ့ စိတ်သဘောထားပေးမှာ မူတည်နေပါတယ်။ ဒါကြောင့် ဘုရားသခင်ကို ချဥိးကပ်ချင်တယ် ဆိုရင်တော့ မှားယွင်းတဲ့သဘောနှင့် အတွေးအခေါ်တွေကနေ ရုန်းထွက်ဖို့ အလိုအပ်ဆုံးပါပဲ။

နိဂုံး။
ယေရှုခရစ်က ၀န်လေးပြီးပင်ပန်းသောသူတို့ငါ့ထံသို့လာကြလော့ ငါသည်ချမ်းသာပေးမယ်လို့ ရိုးရှင်းစွာ ဖိတ်ခေါ်နေပါတယ် (မသဲ ၁၁း၂၈)။ ကျနော်တို့ရဲ့ အသက်တာကို ပြန်လည်လွတ်မြောက်ပြီး ပေါ့ပါးစွာ အသက်ရှင်ဖို့အတွက် ရှင်းလင်းပြတ်သားတဲ့ အဖြေကတော့ ဘုရားသခင်ဆီကို ပြန်လှည့်လာဖို့ပါပဲ။ ဒါကြောင့် ဘုရားသခင်ကို သိဖို့ လိုပါတယ်။ ပြုမြဲအပြစ်တွေကို စွန့်ပစ်ဖို့ လိုပါတယ်။ မှားယွင်းသောသဘောကိုစွဲလန်းမနေဘဲ  ရုန်းထွက်ဖို့ လိုအပ်ပါတယ်။

~ဆရာတော်ဒေါက်တာဟရန်မှုန်း 
မေလ ၇၊ ၂၀၁၇ ခုနှစ် (စနေနေ့)။

No comments:

Post a Comment