Friday, January 19, 2018

ဒီနေ့ရက်၊ ဒီအချိန်



သမ္မာကျမ်းစာတော်ထဲမှာ နေ့ရက်အချိန်တွေနှင့် ပတ်သက်ပြီး ဖော်ပြတဲ့အချက်များစွာ ရှိပါတယ်။ ဒီအချက်တွေကို လေ့လာတဲ့အခါ ယုံကြည်သူတွေအတွက် အရေးကြီးတဲ့နေ့ရက်တွေ ဖြစ်ပါတယ်။ ဒီအကြောင်းတွေနှင့် ပတ်သက်ပြီး အောက်ဖော်ပြပါအချက်တွေနှင့် ခွန်အားသစ်တွေ ယူကြပါစို့။

၁။ ထာဝရဘုရားစီရင်တော်မူတဲ့နေ့ ဖြစ်တယ်။
ကျနော်တို့အားလုံး ဘုရားသခင်ပေးတဲ့နေ့ရက်ထဲမှာ ၀မ်းမြောက်ပျော်ရွှင်စွာ နေထိုင်အသက်ရှင်နိုင်ဖို့ နေ့ရက်တွေကို ဖန်ဆင်းပေးထားပါတယ်။
“ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသော နေ့ရက်ဖြစ်၍၊ ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့” (ဆာ ၁၁၈:၂၄)။

၂။ ကရုဏာသစ်ကို ခံစားစေတဲ့နေ့ ဖြစ်တယ်။
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူတယ် ဆိုတာ ယုံကြည်သူတိုင်း သိပြီး ဖြစ်ပါတယ်။ ဒီအကြောင်းနှင့် ပတ်သက်ပြီး ကျမ်းစာက အခုလိုဖော်ပြထားပါတယ်။
“ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့်၊ ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲ နေကြ၏။ နံနက်တိုင်း ကရုဏာတော်အသစ်ကိုခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏” (မြည် ၃:၂၂-၂၃)။

၃။ ၀မ်းမြောက်သီချင်းဆိုရတဲ့နေ့ ဖြစ်တယ်။
လူတိုင်းအခက်အခဲဒုက္ခတွေကြောင့် မျက်ရည်ကျရတယ်၊ ငိုကြွေးရတယ်။ ဒါပေမယ့် မကြာခင်မှာ ၀မ်းမြောက်တဲ့နေ့ ရောက်လာလေ့ရှိပါတယ်။
“အမျက်တော်သည် ခဏထွက်၏။ ကျေးဇူးတော်မူကား၊ တသက်လုံးတည်၏။ ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍တည်းခို၏၊၊ နံနက်ယံ၌ကား သီချင်းဆိုရသော အခွင့်ရှိ၏” (ဆာ ၃၀:၅)။

၎။ ကယ်တင်ရာ နေ့ရက်ဖြစ်တယ်။
ကျနော်တို့အားလုံး အပြစ်သားများ ဖြစ်ကြတယ်။ အပြစ်ကြောင့် ဘုရားသခင်နှင့် ဝေးကွာခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့အတွက် ကယ်တင်ရာနေ့ရက်ရှိပါတယ်။
“ဗျာဒိတ်တော်အချက်ဟူမူကား၊ နှစ်သက်ဘွယ်သော အချိန်၌ သင်၏ စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကိုငါမစပြီဟု လာသည်နှင့်အညီ ယခုပင် နှစ်သက်ဘွယ်သောအချိန်ရှိ၏။ ယခုပင်ကယ်တင်ရာနေ့ရက်ကာလ ရှိ၏” (၂ ကော ၆:၂)။

၅။ သတင်းကောင်း ကြားပြောရနေ့ ဖြစ်တယ်။
အသက်တာမှာ ရင်ဆိုင်ရတဲ့အရာအားလုံးဟာ သူ့နေရာနှင့်သူ ကောင်းကွက်ရှိပါတယ်။ မိမိ၌ရှိတဲ့ သတင်းကောင်းကို သူများဆီမှာ ကြားပြောတတ်ဖို့လိုပါတယ်။ လူနူလေးယောက်ဆီမှာ သတင်းကောင်းရောက်လာတဲ့အခါ
“သို့ရာတွင်၊ ငါတို့သည် ကောင်းမွန်စွာ မပြုပါတကား။ ယခုနေ့သည် ကောင်းသော သိတင်းကို ကြားပြောရသော နေ့ဖြစ်လျက်၊ ငါတို့သည် မကြားမပြောဘဲနေပါပြီ တကား။ မိုဃ်းလင်းသည် တိုင်အောင် မပြောဘဲနေလျှင် အမှုတစုံတခု ရောက်လိမ့်မည်။ သို့ဖြစ်၍ နန်းတော်၌ သိတင်းကြားပြောအံ့သောငှါ ငါတို့သည် သွားကြကုန်အံ့” (၄ ရာ ၇:၉)။

၆။ ဗျာဒိတ်တော် အသံကြားရာနေ့ ဖြစ်တယ်။
ဘုရားသခင်ရဲ့ အသံတော်ကို ကြားရတဲ့သူတိုင်း ခိုင်မာတဲ့ စိတ်နှလုံးမရှိကြဖို့ လိုအပ်ပါတယ်။ ဘုရားသခင်ကို ဆန့်ကျင်ခြင်းမပြုသင့်ပါဘူး။
“ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ရှိသည်ဖြစ်၍ ၊ ဆန့်ကျင်ဘက်ပြုရာ ကာလ၌ရှိသကဲ့သို့၊ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်ဟု ကျမ်းစာလာသည်အရာမှာ၊  လို့ ဗျာဒိတ်တော်အသံကို ကြားကြဖို့ ဖိတ်ခေါ်နေပါတယ်” (ဟေဗြဲ ၃:၁၅၊ ၄း၇)။

၇။ သနားခြင်းကရုဏာ ချပေးခြင်းတဲ့နေ့ ဖြစ်တယ်။
ဘုရားသခင်က လူတွေအပေါ် သူ့ရဲ့ချစ်ခြင်းမေတ္တာကို အမြဲတမ်း ဖော်ပြလျက်ရှိပါတယ်။
“သို့သော်လည်း၊ ထာဝရဘုရားသည် နေ့အခါသနားခြင်း ကျေးဇူးတော်ကို ပေးချတော်မူ၏၊၊ ညဥ့်အခါ၌လည်း ဂုဏ်တော်ကို သီချင်းဆိုလျက်၊ ငါ၏အသက်သခင်ကို ပဌာနာပြုလျက် ငါနေ၏” (ဆာ ၄၂:၈)။

၈။ ဘုရားကိုနံဝိညာဉ်၊ သစ္စာနှင့် ကိုးကွယ်ရမယ့်နေ့ ဖြစ်တယ်။
ဘုရားသခင်ကို သိကျွမ်းသောသူဟာ ဘုရားသခင်ကို နံဝိညာဉ်၊ သစ္စာနှင့် ကိုးကွယ်ရမှာ ဖြစ်ပါတယ်။ ဒါကို ၀ိညာဉ်တော်ရဲ့ လမ်းပြမှုဖြင့်သာ ရယူနိုင်ပါတယ်။
“ကိုးကွယ်သောသူ မှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်၎င်း၊ သစ္စာတရားနှင့်၎င်း၊ ကိုးကွယ်ရမည့် အချိန်ကာလသည် လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ ကိုးကွယ်သောသူ တို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏” (ယော ၄:၂၃)။

၉။ ပျောက်သောသူရှာ၍ ကယ်တင်ရာနေ့ ဖြစ်တယ်။
သခင်ယေရှုသည် ပျောက်သောသူများကို ရှာဖွေပြီး ကယ်တင်ရန်အတွက် လောကသို့ကြွလာတော်မူကြောင်း ဇက္ခဲ၏ အသက်တာအားဖြင့် ဖော်ပြခဲ့ပါတယ်။ “ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏သားဖြစ်သည်နှင့် အလျောက်၊ ယနေ့ပင် ကယ်တင်တော်မူခြင်း ကျေးဇူးသည် ဤအိမ်ပေါ်မှာ သက်ရောက်လေ၏။ လူသားသည် ပျောက်သောသူတို့ကို ရှာ၍ ကယ်တင်အံ့သောငှါ ငါကြွလာသတည်းဟု ဇက္ခဲကို မိန့်တော်မူ၏” (လု ၁၉း၉-၁၀)။

၁၀။ ပရဒိသုဘုံ၌ ရှိရသောနေ့ ဖြစ်တယ်။
“ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ၏” (လု ၂၃း၄၃)။ ပရဒိသုဘုံဟာ ပါရှားဘာသာဖြစ်ပြီး ၀မ်းမြောက်ရာဥယျာဉ်လို့ ဆိုလိုပါတယ်။ ဂရိဓမ္မဟောင်းကျမ်း စက်တူအာဂျင်မှာ ဧဒင်ဥယျာဉ်လို့ဖော်ပြထားပါတယ်။ ၂ ကောရိနု ၁၂း၎ ပရဒိသုဘုံနှင့် ဗျာဒိတ် ၂း၇ တွင် ပရဒိသုဥယျာဉ် လို့ ဖော်ပြပါရှိပါတယ်။ အပြစ်သားဖြစ်ကြောင်း ကိုယ့်ကိုယ်ကို သိပြီး နောင်တရခဲ့တဲ့လူဟာ သခင်ယေရှုရဲ့ ခွင့်လွှတ်ခြင်းခံရပြီး ပရဒိသုဘုံမှာ နေရာရရှိခဲ့ပါတယ်။

နိဂုံး၊
ဒီနေ့၊ ဒီအချိန်ဆိုတာ ကျနော်တို့အသက်တာ ခဏတာအတွင်းမှာ အကျိုးရှိရှိ သုံးနိုင်ဖို့ ကိုယ်တော်ရှင် အလိုတော်ရှိပါတယ်။ ယုံကြည်သူအားလုံး မိမိတို့ရရှိတဲ့ ဒီနေ့ဒီအချိန်ကို ကိုယ်တော့်အလိုအတိုင်း တန်ဖိုးရှိစွာ ခံယူတတ်ကြဖို့ အယောက်တိုင်းအပေါ် ဘုရားသခင်ကောင်းကြီးသွန်းလောင်းတော်မူပါစေ၊ အာမင်။

~ဆရာတော်ဒေါက်တာဟရန်မှုန်း
ဧပြီ ၂၂၊ ၂၀၁၇ ခုနှစ် (စနေနေ့)။

No comments:

Post a Comment