Friday, January 19, 2018

အလိုတော်အတိုင်း လိုက်ခြင်း



“အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏” (၁ ရာ ၁၅း၂၂)။

ဘုရားသခင်က လူကို သူ့ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းထားပါတယ်။ ဘုရားသခင်အလိုရှိတဲ့အရာကတော့ အလိုတော်အတိုင်း လိုက်ခြင်း ဖြစ်တယ်။ အာဒံနှင့် ဧ၀တို့ဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း မလိုက်တဲ့အတွက် ဧဒင်ဥယျာဉ်ကနေ မောင်းထုတ်ခြင်း ခံကြရပါတယ် (ကမ္ဘာ ၃း၂၂-၂၄)။ ယုံကြည်သူများရဲ့အသက်တာမှာ မိမိသိတဲ့အရာ၊ ပြောတဲ့အရာ ဘယ်လောက်များများ ဘုရားသခင်အလိုရှိတာကတော့ အလိုတော်အတိုင်း လိုက်ဖို့ဘဲ ဖြစ်တယ်။ သိခြင်း၊ ဟောပြောခြင်း အရေးကြီးသလို အသက်တာမှာ လိုက်လျှောက်အသက်ရှင်ဖို့ ပိုမိုပြီး အရေးကြီးပါတယ်။ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း လိုက်တဲ့သူတွေကို ဘုရားသခင်ကလည်း ကောင်းကြီးများစွာ ချပေးသွန်းလောင်းတော်မူပါတယ်။ အလိုတော်အတိုင်း လိုက်တဲ့သူတွေကို  ဘုရားသခင်က ကောင်းကြီးခံစားရတဲ့သူ များစွာထဲကနေ အချို့သောလူများ ကြုံတွေ့ရတဲ့ အခြေအနေတွေကို အကျဉ်းချုံးပြီး လေ့လာခွန်အားယူကြစေလိုပါတယ်။

၁။ စောင့်ထိန်းကာကွယ်ပါတယ်။
ဘုရားသခင်က နောဧကို သင်္ဘောတည်ဆောက်စေခဲ့ပါတယ်။ နောဧကလည်း ဘုရားသခင်ရဲ့ အလိုတော်အတိုင်း တိတိကျကျ လိုက်နာခဲ့တယ် (က၊ ၇း၅)။ နောဧက ဘာလုပ်ဖို့၊ ဘာကြောင့်၊ ဘယ်လို၊ ဖြစ်နိုင်မလား၊ စသည်ဖြင့် ဘုရားသခင့်ဆီ မမေးခဲ့ပါဘူး။ အလိုတော်အတိုင်း ၀န်ခံလိုက်နာခဲ့ပါတယ်။ သင်္ဘောတည်ဆောက်ပြီးတဲ့အခါမှာလည်း ဘုရားသခင့်အမိန့်တော်အတိုင်း သင်္ဘောထဲကို ၀င်ကြတယ် (က၊ ၇း၁၆)။ ဘုရားသခင့်အလိုတော်အတိုင်း လိုက်နာတဲ့အတွက် နောဧနှင့် သင်္ဘောထဲမှာ ရှိတဲသူတွေအားလုံး ရေလွှမ်းမိုးခြင်းထဲမှာ ဘုရားသခင်က စောင့်ထိန်းကာကွယ်ခဲ့ပါတယ်။ လူဆိုတာ မိမိကိုယ်ကို မကာကွယ်နိုင်ပါဘူး။ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း အသက်ရှင်ခြင်းအားဖြင့် အခက်အခဲ ပြသနာတွေ ဘယ်လောက်ရှိရှိ ဘုရားသခင်က စောင့်ထိန်းကာကွယ်ပေးခဲ့ပါတယ်။

၂။ မြို့ရိုးကို ပြိုလဲစေတယ်
ယေရိခေါမြို့ရိုးဟာ အလွန်ခိုင်ခံ့ပြီး လွယ်လွယ်ကူကူ ဖျက်ဆီးလို့ရနိုင်မယ့် အနေအထားမှာ မရှိပါဘူး။ ယောရှုဆိုတဲ့ လူငယ်ခေါင်းဆောင်လေးနဲ့ ဣသရေလလူမျိုးဟာတောထဲမှာဘဲ လှည့်လည်သွားလာ ရွေ့ပြောင်းနေထိုင်၊ မွေးဖွား၊ သေကြေလာကြတာ အခုဆိုရင်မောပန်းနာကျနေကြပါပြီ။ ဒီလိုအခြေအနေမှာ ယေရိခေါကို တိုက်ပြီး သိမ်းယူဘို့ဆိုတာ သူတို့အတွက် ဖြစ်နိုင်ချေမရှိတဲ့ အလုပ်တစ်ခုပါ။ မျှော်လင့်ချက်မဲ့တဲ့ စိတ်ပျက်စရာ အခြေအနေမှာ ရှိနေကြပါတယ်။ ဒါပေမယ့် ဘုရားသခင့် အလိုတော်အတိုင်း မိန့်မှာချက်ကို လက်တွေ့လိုက်နာ လုပ်ဆောင်တဲ့အတွက် ယေရိခေါမြို့ရိုးဟာ အကုန်အစင် ပြိုလဲသွားပါတယ် (ယောရှု ၆း၈-၂၀)။ ဒီလိုပြိုလဲသွားနိုင်ခြင်းဟာ လူရဲ့ခွန်အား၊ အစွမ်းသတ္တိနှင့် လက်နက်တွေအားဖြင့် မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့အလိုတော်အတိုင်း လိုက်နာခြင်းကြောင့်သာ ဖြစ်ပါတယ်။ ယေရိခေါမြို့ရိုးပြိုလဲအောင် ဣသရေလလူမျိုးတွေ အောင်မြင်ခြင်းကို ပို့ဆောင်ပေးတဲ့သူဟာ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ပါတယ်။

၃။ အကျိုးဖြစ်ထွန်းစေပါတယ်။
ရှိမုန်ပေတရုဟာ တံငါလုပ်ငန်းနှင့် ၀မ်းစာရှာဖွေသူဖြစ်တဲ့အတွက် ငါးဖမ်းခြင်းအတတ်ပညာမှာ ကျွမ်းကျင်သူ ဖြစ်တယ်။ သခင်ယေရှုက ရှိမုန်ကို ဂင်္နေသရက်အိုင်ထဲ ရေနက်ရာမှာ ငါးဖမ်းဖို့ စေခိုင်းခဲ့တယ်။ ရှိမုန်ကလည်း “သခင်၊ အကျွန်ုပ်တို့သည် တညဥ့်လုံးကြိုးစားသော်လည်း ငါးတကောင်ကိုမျှ မရပါ။ သို့ရာတွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကို ချပါမည်” လို့ပြန်ပြောခဲ့ပါတယ် (လုကာ ၅း၎-၈)။ ကျနော်တချိန်လုံး ငါးဖမ်းပိုက်ချတဲ့နေရာ ဖြစ်လို့ ခိုင်းတဲ့အတိုင်း မလုပ်နိုင်ဘူးလို့ မငြင်းခဲ့ပါဘူး။ “အမိန့်တော်ရှိလျှင် ပိုက်ကွန်ကို ချပါမည်” ဆိုပြီး ကိုယ်တော့်အလိုတော်အတိုင်း လုပ်ဆောင်ခဲ့ပါတယ်။ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း လုပ်ဆောင်ခဲ့တဲ့အတွက် အလွန်များတဲ့ငါးတွေကို ဖမ်းမိခဲ့ပါတယ်။ ဘုရားသခင်ရဲ့အလိုတော်အတိုင်း လိုက်နာခြင်းကြောင့်သာ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းနိုင်တာ ဖြစ်ပါတယ်။

နိဂုံး
ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို နားဖြင့် ကြားရုံနှင့် မလုံလောက်ပါဘူး။ အမိန့်တော်၊ အလိုတော်ကို အသက်တာမှာ လိုက်နာကျင့်သုံးရမှာ ဖြစ်တယ်။ မိမိသဘောအတိုင်း ကြိုက်သလို အသက်ရှင်နေထိုင်ဖို့ မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း လုပ်ဆောင်ခဲ့ရင် နောဧလို စောင့်ထိန်းကွယ်ကာခြင်း ခံရမှာပါ။ ယောရှုနှင့် ဣသရေလလူမျိုးတွေလို မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့အရာကို အောင်မြင်စွာ ကျော်လွှားနိုင်မှာပါ။ ရှိမုန်လို အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းနိုင်မှာပါ။ လက်တွေ့လိုက်နာပြီး အသက်ရှင်ဖို့ လိုပါတယ်။ ဒါကြောင့် ရှမွေလက “အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏” လို့ ဆိုထားခြင်း ဖြစ်ပါတယ်။

~ဆရာတော်ဒေါက်တာဟရန်မှုန်း
မတ်လ ၅ ရက်၊ ၂၀၁၇ ခုနှစ်။

No comments:

Post a Comment