Friday, January 19, 2018

သူခံရသော ဒဏ်ချက်အားဖြင့်



“ထိုသူသည် ငါတို့ လွန်ကျူးခြင်းအပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်း ချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍၊ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏” (ဟေရှာယ ၅၃း၅)။

ဒီကျမ်းချက်ဟာ လက်ဝါးကပ်တိုင်ပေါ်မှာ သခင်ယေရှုရဲ့ခံစားရမယ့်ဝေဒနာတွေအကြောင်းကို ကြိုတင်ဖော်ပြထားတဲ့ ကျမ်းချက်ဖြစ်ပါတယ်။ လူတွေ အနာပျောက်ဖို့အတွက် သခင်ယေရှုကိုယ်တော်တိုင် အနာဖြစ်ခံတယ်ဆိုတာ လူတွေအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ကြီးမားတဲ့ချစ်ခြင်းမေတ္တာတော်ကြောင့်ပါ။ ဘုရားသခင်က လူတွေကို ကျန်းမာစေချင်တယ်။ ပြီးပြည့်စုံတဲ့ ၀မ်းမြောက်ခြင်းကို ခံစားစေချင်ပါတယ်။ ကျန်းမာခြင်းသည် လာဒ်တစ်ပါး ဆိုတဲ့အတိုင်း ကျန်းမာခြင်းဟာ လူတွေအတွက် သိပ်အရေးကြီးပါတယ်။ လူဆိုတာ မကျန်းမာရင်တော့ ပိုက်ဆံဘယ်လောက်ရှိရှိ၊ ရာထူးဘယ်လောက်မြင့်မြင့်၊ နာမည်ဘယ်လောက်ကြီးကြီး လုံးဝပျော်စရာ မကောင်းတော့ပါဘူး။ သခင်ယေရှု ခံစားခဲ့တဲ့ ဝေဒနာတွေ၊ ဒဏ်ချက်တွေဟာ လူတွေအားလုံး အနာပျောက်ပြီး ကျန်းမာကြဖို့အတွက် ဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ သေခြင်းကို အောင်မြင်လျက် ရှင်ပြန်ထမြောက်တော်မူတဲ့ သခင်ယေရှုအားဖြင့် ပြည့်စုံစေခဲ့ပါတယ်။ အာမင်။

၁။ အနာရောဂါအစပြုခြင်း။
ထာဝရဘုရားသခင် ဖန်ဆင်းစတုန်းက လောကမှာ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတာ မရှိပါဘူး။ ဘုရားသခင်က လူကို ဧဒင်ဥယျာဉ်တော်ထဲမှာ အစစအရာရာ ပြီးပြည့်စုံအောင် ဖန်ဆင်းပေးထားခဲ့တယ်။ ဒါပေမဲ့ လူတွေက ဘုရားသခင်ရဲ့ စကားကို နားမထောင်ပဲ သွေးဆောင်မှုနောက်ကို လိုက်သွားတဲ့အတွက် လောကကြီးထဲမှာ အနာရောဂါတွေ စတင်ဝင်ရောက်လာပါတယ်။ အနာရောဂါဟာ ဘုရားသခင်ရဲ့က အလိုတော်ကို ဆန့်ကျင်ပြီး မနာခံခြင်းကြောင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါကြောင့် လူတွေ အနာရောဂါဝေဒနာတွေ ခံစားရတာဟာ ဘုရားသခင်ရဲ့အလိုတော် မဟုတ်ပါဘူး။ နူနာစွဲတဲ့သူတစ်ယောက်က ယေရှုဆီလာပြီးတော့ ကိုယ်တော်အလိုတော်ရှိရင် ကျနော့်ကို ကျန်းမာစေပါလို့ တောင်းလျှောက်တဲ့အခါမှာ ယေရူက ငါအလိုတော်ရှိတယ်လို့ ပြန်ဖြေရုံတင်မဟုတ်ပဲ လက်တွေ့ကျန်းမာခြင်းကိုပါ ပေးခဲ့ပါတယ် (မသဲ ၈း၁-၂၊ မာကု ၁း၄၀-၄၅၊ လုကာ ၅း၁၂-၁၆)။ ဘုရားသခင်က လူတွေ လက်တွေ့ကျန်းမာစေဖို့ အလိုတော်ရှိတယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။

၂။ ကျန်းမာစေသောထာဝရဘုရား
ထာဝရဘုရားက သူ့လူ
ဣသရေလလူမျိုးတွေ ကျွန်ခံနေတဲ့ဘ၀ကနေ လွတ်လာတဲ့အခါမှာ သူကိုယ်တိုင် ကျန်းမာခြင်းအရှင်အဖြစ်နှင့် ထင်ရှားခဲ့ပါတယ် (ထွက် ၁၅း၂၆)။ ဣသရေလလူမျိုးတွေအထဲကနေ အဲဂုတ္တုပြည်ကနေ ပါလာတဲ့ ရောဂါတွေကို ဖယ်ရှားပေးချင်လို့ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ထာဝရဘုရားသခင်ဟာ လူတွေကို ကျန်းမာစေသောဘုရားဖြစ်တယ်ဆိုတာ သိမြင်နိုင်ပါတယ်။ သခင်ယေရှု ဒီလောကကိုကြွလာမှ ဘုရားသခင်က လူတွေကို ကျန်းမာခြင်းပေးတာမဟုတ်ပါဘူး၊ ဓမ္မဟောင်းခေတ်ကာလကတည်းကပင် ထာဝရဘုရားဟာ ကုသလို့ မပျောက်နိုင်တဲ့ ရောဂါများကို ပျောက်ကင်းစေပြီး ကျန်းမာခြင်းကိုပေးတဲ့ ဘုရားဖြစ်ပါတယ်။

၃။ လူသားတိုင်းကျန်းမာခြင်းကိုခံစားစေပါတယ်။
ဗိုလ်ချုပ်မင်းနေမန်ဟာ ရူရိရှင်ဘုရင်ရဲ့ အားကိုးခြင်းခံရပြီး တိုက်ပွဲတိုင်း အောင်မြင်သူတစ်ယောက် ဖြစ်ပါတယ်။ ဒါဟာ ဘုရားသခင်က အောင်မြင်ရသောအခွင့်ကို ပေးခဲ့လို့ဖြစ်ပါတယ် (၄ ရာ၊ ၅း၁)။ ဒါပေမယ့် နေမန်ဟာ ကုသလို့မရတဲ့ နူနာရောဂါကို ခံစားခဲ့ရပါတယ်။ ရန်သူကိုအောင်ပွဲဆင်နိုင်ပြီး ရှင်ဘုရင်ရဲ့ အားကိုးခြင်းကို ခံရပြီး၊ စည်းစိမ်တွေ ဘယ်လောက်များများခံစားရပေမယ့် သူခံစားရတဲ့နူနာရောဂါကိုတော့ ပျောက်အောင် ဘယ်သူကမှ မကုသပေးနိုင်ပါဘူး။ နောက်ဆုံး ထာဝရဘုရားကိုသိတဲ့
ဣသရေလလူမျိုး ကျွန်မိန်းမငယ်လေးရဲ့ သက်သေခံချက်အားဖြင့် ပရောဖက်ဧလိရှဲဆီ ရောက်လာပြီး ပရောဖက်ညွှန်ကြားတဲ့အတိုင်း ယော်ဒန်မြစ်မှာ (၇) ကြိမ် နှစ်လိုက်ပါတယ်၊ အဲဒီ့အချိန်ကစပြီး ဘယ်သမားတော်ကမှ ကုသပေးလို့ မပျောက်နိုင်တဲ့ရောဂါဟာ ပကတိကျန်းမာခဲ့ပါတယ်။ အဲဒီကျန်းမာခြင်းအားဖြင့် နေမန်ရဲ့အသက်တာဟာ ထာဝရဘုရားဘက်ကို ပြောင်းလဲစေတယ်ဆိုတာ တွေ့နိုင်ပါတယ် (၄ရာ ၅း၁၇-၁၈)။ ဒါကြောင့် ထာဝရဘုရားသခင်ဟာ လူတိုင်းကို ကျန်းမာခြင်းကို ခံစားစေတယ် ဆိုတာ တွေ့ရပါတယ်။

နိဂုံး။
လူတိုင်းကို ကျန်းမာခြင်းခံစားစေချင်တဲ့ ထာဝရဘုရားက ဒီနေ့ ကျနော်တို့မှာ ဖြစ်နေတဲ့ ရောဂါဝေဒနာတွေကနေလည်း ပျောက်ကင်း ကျန်းမာစေလိုပါတယ်။ ဒါကြောင့် ကျနော်တို့အနေဖြင့် ရောဂါဖြစ်စေတဲ့အပြစ်ရှိရင် နောင်တရဖို့ လိုပါတယ်။ ယေရှုဘုရား ကိုယ်တော်တိုင်က ကျနော်တို့ကိုယ်စားခံခဲ့ပြီးကြောင်းကို ယုံကြည်ပါ၊ ၀န်ခံပါ၊ လက်ခံပါ။ ရောဂါဟာ ကျနော်တို့ရဲ့ အသက်တာထဲမှာ နေရာယူလို့ မရတော့ပါဘူး။ ယေရှုခရစ်တော်က အားလုံးကိုယ်စားခံခဲ့ပြီး သေခြင်းကို အောင်မြင်လျက် ထာဝရအသက်ရှင်တော်မူကြောင်း ယုံကြည်လက်ခံလိုက်ရုံပါပဲ။

~ဆရာတော်ဒေါက်တာဟရန်မှုန်း
ဧပြီ ၁၅၊ ၂၀၁၇ ခုနှစ် (စနေနေ့)။

No comments:

Post a Comment