Friday, January 19, 2018

ယေရှုခရစ်တော်၏ ကယ်တင်ခြင်း



လောကီသားတို့အား အပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း စေလွှတ်တော်မူ၏ (ယောဟန် ၃း၁၇)။

ယေရှုခရစ်တော်ဟာ လောကလူသားအားလုံးအတွက် တစ်ဦးတည်းသော ကယ်တင်ပိုင်ရှင် ဖြစ်ပါတယ်။ ယေရှုသာလျှင် အရာခပ်သိမ်း၊ အခြေနေခပ်သိမ်းကနေ ကယ်တင်နိုင်တဲ့အရှင်ပါ။ ယေရှုရဲ့ နာမည်အဓိပါယ်ကလည်း လူတို့ကို အပြစ်ကယ်မှကယ်ချွတ်မည့်သူလို့ ဆိုလိုပါတယ် (မ ၁း၂၁)။ ယေရှုရဲ့ကယ်တင်ခြင်းဟာ လူတွေကို ဘာတွေကနေ ကယ်တင်ပြီး အသက်တာမှာ ဘာတွေဖြစ်ပျက်လာစေသလည်းဆိုတာကို သေချာသိဖို့လိုပါတယ်။ ယေရှုခရစ်တော်ရဲ့ ကယ်တင်ခြင်းဟာ ၀ိညာဉ်တစ်ခုတည်းကိုသာ ကယ်တင်တာ မဟုတ်ဘူး၊ ခန္တာ၊ စိတ်ဝိညာဉ် အားလုံးကို ကယ်တင်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။

၁။ ဆိုးညစ်တဲ့ ပစ္စုပန်ကာလမှ ရွေးနှုတ်တယ်။
ဒီကမ္ဘာလောကကြီးဟာ တစ်နေ့တစ်ခြား ဆိုးလာတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ကျမ်းစာကတော့ ယခုကာလကို ခဲယဉ်းဆိုးယုတ်တဲ့ကာလလို့ ဆိုပါတယ် (ဧဖက် ၅း၁၆)။ ဒီနေ့ကမ္ဘာပေါ်မှာ နိုင်ငံရေး၊ စီးပွါးရေးနှင့် ကပ်ရောဂါတွေဟာ ကြောက်စရာ ကောင်းလောက်အောင် ဖြစ်ပေါ်နေတာ လူတိုင်းသိကြပါတယ်။ ယေရူခရစ်တော်ရဲ့ကယ်တင်ခြင်းကတော့ ဒီလိုအခြေအနေတွေကနေလည်း ရွေးနှုတ်ကယ်တင်ခဲ့ပြီးလို့ ဆိုပါတယ် (ယော ၁၉း၃၀)။ ဒါကြောင့် ကျနော်တို့အားလုံး အတွက် ယေရှုကားတိုင်ပေါ်မှာ ကိုယ်စားအသေခံတဲ့ အခါမှာ ငရဲမှ လွတ်ရုံအတွက်၊ နောင်တမလွန်အတွက်သာ မဟုတ်ပဲ ယနေ့ ဖြစ်ပေါ်နေတဲ့ ဆိုးညစ်ခြင်းအလုံးစုံကနေလည်း ရွေးနှုတ်ပြီး၊ လွတ်မြောက်စေပြီး ဖြစ်ပါတယ် (ဂလာတိ ၁း၎)။

၂။ ခပ်သိမ်းသောဒုစရိုက်မှ ရွေးနှုတ်တယ်။
ယေရူခရစ်တော်ရဲ့ ရွေးနှုတ်ကယ်တင်ခြင်းဟာ အပြစ်ဒုစရိုက်ထဲကနေ ရွေးနှုတ်ပြီး ကောင်းတဲ့အကျင့်ဘက်မှာ စိတ်အား ကြီးစေတယ်လို့ ဆိုပါတယ် (တိတု၂း၁၄)။ လူတိုင်း အမိဝမ်းတွင်းထဲကနေ မွေးလာကတည်းက အပြစ်နှင့် မကင်းကြဘူးဆိုတာ အားလုံးအသိပါ (ဆာ ၅၁း၅၊ ရောမ ၃း၂၃)။ အဲဒီအပြစ်ထဲမှာ အသက်ရှင်တဲ့လူတွေဟာ ယေရှုခရစ်တော်ကို မိမိကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံပြီးတဲ့အခါမှာ သူတို့ရဲ့အသက်တာမှာ အပြောင်းအလဲတွေ ဖြစ်စေပါတယ်။ အဲဒါကတော့ ဒုစရိုက်အပြစ်အတွက် စိတ်အားကြီးရာကနေ ကောင်းတဲ့အကျင့်ဘက်မှာ စိတ်အားကြီးဖို့ ဖြစ်လာစေပါတယ် ။ ဒါတွေဟာ ယေရှုခရစ်တော်ရဲ့ ရွေးနှုတ်ကယ်တင်ခြင်းအားဖြင့် ရရှိနိုင်တဲ့ ရလဒ်ဖြစ်ပါတယ်။

၃။ လူမျိုးနွယ်ခပ်သိမ်းတို့အထဲမှ ရွေးနှုတ်တယ်။
ယေရူခရစ်တော်ရဲ့ အသွေးတော်အားဖြင့် လူအသီးသီး ထဲမှ ကျွန်ပ်တို့ကို ရွေးနှုတ်ကာ ဘုရားသခင်အဖို့ဖြစ်စေပါတယ် (ဗျာ ၅း၉-၁၀)။ ဒါကြောင့် နှုတ်ကပါတ်တော်က မိမိကိုယ်ကို မပိုင်ပဲ ယေရူက အဖိုးအခပေးရွေးဝယ်ခဲ့ပြီးကြောင်း ဆိုပါတယ် (၁ကော ၆း၂၀)။ အဲဒီလိုရွေးနှုတ်တာလည်း ဘုရားသခင်အဘို့ ဖြစ်စေဖို့လို့ ဆိုပါတယ်။ ဒါကြောင့် ယေရှုကို ယုံကြည်ပြီး ကယ်တင်ခြင်း ရပြီးသူတိုင်း ကိုယ့်အတွက် အသက်မရှင်တော့ပဲ ဘုရားသခင်အတွက် အသက်ရှင်ဖို့ဖြစ်ပါတယ်။ အဲဒီလို ရွေးနှုတ်ခြင်းကို နားလည်တဲ့သူတိုင်းကို ရှင်ဘုရင်အရာ၊ ယဇ်ပရောဟိတ်အရာမှာ ခန့်ထားပါတယ်။ ဒါကြောင့် အမြင့်ဆုံး ဘုရားအတွက် အသက်ရှင်လေလေ အမြင့်ဆုံးသောအရာတွေကို အသက်တာမှာ ရရှိစေလေလေပါပဲ။ ယေရှုခရစ်တော်ရဲ့ အသွေးတော်နှင့် ရွေးနှုတ်ခြင်းအားဖြင့် အပါယ်ငရဲထဲကနေ ကယ်တင်တာတစ်ခုတည်းမဟုတ်ပဲ လောကမှာ နေရာပေးခြင်း၊  အောင်မြင်ခြင်း၊ အာမခံခြင်းနှင့် မလွတ်နိုင်တဲ့အရာတွေကနေ လွတ်မြောက်ခြင်းတို့ကို ခံစားစေပါတယ်။

နိဂုံး။
ယေရှုခရစ်တော် ဒီလောကထဲကို ရောက်ရှိလာခြင်းဟာ လောကီသားတို့ရဲ့ အပြစ်စီရင်ဖို့ မဟုတ်ပါဘူး။ ယေရှုခရစ်တော်ကို ယုံကြည်သောအားဖြင့် ကယ်တင်ခြင်းရရှိနိုင်ဖို့ ဖြစ်ပါတယ် (ယောဟန် ၃း၁၇)။ ယုံကြည်သူလူသားတိုင်းကို ဆိုးညစ်တဲ့ ပစ္စုပန်ကာလ၊ ခပ်သိမ်းသောဒုစရိုက်နှင့် လူမျိုးနွယ်ခပ်သိမ်းတို့အထဲကနေ ရွေးနှုတ်ကယ်တင်ခဲ့ပါတယ်။ ကယ်တင်ခြင်းစိတ်ချမှုရရှိစေတဲ့ ယေရှုဘုရားရဲ့နာမတော်သာ၍ ဘုန်းကြီးတော်မူပါစေ၊ အာမင်။
 
~ဆရာတော်ဒေါက်တာဟရန်မှုန်း
ဧပြီ ၂၉၊ ၂၀၁၇ ခုနှစ် (စနေနေ့)။

No comments:

Post a Comment