Tuesday, August 29, 2017

သမ္မာကျမ်းစာဆိုတာ




၁။ သမ္မာကျမ်းစာဆိုတာဘာလဲ?
သမ္မာကျမ်းစာဆိုတာ ဖန်ဆင်းရှင်ထာဝရဘုရားသခင်ရဲ့ အလိုတော်ကို လူသားများသိရှိစေဖို့ ဗျာဒိတ်ရူပါရုံ အားဖြင့် ဖော်ပြရေးသားခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ဘုရားသခင်၏ ၀ိညာဉ်တော်မှုတ်သွင်းခြင်းဖြင့် ရေးသားမှတ်တမ်းတင်ထားတဲ့အတွက် ရိုသေလေးစား ထိုက်ပြီး နက်နဲမြင့်မြတ်တဲ့ အခွင့်အာဏာနှင့် ပြည့်စုံတဲ့စာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့လူတွေကတော့ ဘာသာရေးစာပေ အဖြစ်သာ ရှုမြင်ကြပါတယ်။

သမ္မာကျမ်းစာကို စတင်ရေးသားမှတ်တမ်းတင်ကြသူတွေကတော့ သူတို့ရေးသားတဲ့စာဟာ တချိန်ချိန်ကျရင် သမ္မာကျမ်းစာအဖြစ် သတ်မှတ်လိမ့်မယ်လို့ မသိခဲ့ကြပါဘူး။ သာဓကအားဖြင့် ရှင်ပေါလုရဲ့စာတွေကို လေ့လာကြည့်တဲ့အခါ အသင်းတော်တွင်းပြသနာတွေ ဖြေရှင်းဖို့ရေးသားတဲ့စာတွေ၊ မှားယွင်းသွန်သင်ခြင်းတွေ အတွက် ရှင်းလင်းချက်စာတွေ၊ ပုဂ္ဂိုလ်ရေးရာပေးစာတွေ ပါဝင်ပါတယ်။ ရှင်ပေါလုအနေနှင့် သူရေးသားခဲ့တဲ့စာတွေဟာ တနေ့နေ့ကျရင် သမ္မာကျမ်းစာထဲမှာ ပါဝင်တဲ့စာပေများအဖြစ် သတ်မှတ်ခြင်း ခံရလိမ့်မယ်လို့ မသိခဲ့ပါဘူး။

ဒီနေ့ယုံကြည်သူများအသုံးပြုနေတဲ့ သမ္မာကျမ်းစာထဲမှာ စာအုပ်ပေါင်း ၆၆ အုပ်ပါဝင်ပြီး ဓမ္မဟောင်းကျမ်းထဲမှာ ၃၉ အုပ်နှင့် ဓမ္မသစ်ကျမ်းထဲမှာ ၂၇ အုပ် ပါဝင်ပါတယ်။ ဓမ္မဟောင်းကျမ်းဟာ ယုဒ(ဂျူး)လူမျိုးတို့ရဲ့ အလေးထားရာ ကျမ်းစာဖြစ်ပြီး ဓမ္မသစ်ကျမ်းကတော့ ဓမ္မဟောင်းကျမ်းထဲမှာ ဖော်ပြခဲ့တဲ့ မေရှယဆိုတဲ့ သခင်ယေရှုအကြောင်းကို ရေးသားထားတဲ့ ကျမ်းစာပေ ဖြစ်ပါတယ်။

သမ္မာကျမ်းဆိုတာ ဘုရားသခင်က သူဖန်ဆင်းထားတဲ့ လူတွေအတွက် ထာဝရတည်မြဲစေမယ့် ကတိတော်များ သို့မဟုတ် သဘောတူညီချက်များ ဖြစ်ပါတယ်။ ဓမ္မဟောင်းကျမ်းကတော့ ယေရှုခရစ်တော် ဒီလောကကို မလာခင်အထိ ဘုရားသခင်က လူတွေအတွက် ကယ်တင်ခြင်းနှင့် ပတ်သက်တဲ့ ကတိတော်တွေ ဖြစ်ပြီး ဓမ္မသစ်ကျမ်းကတော့ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်က လူတွေအတွက် ကယ်တင်ခြင်းနှင့် ပတ်သက်တဲ့ ကတိတော်တွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ ဓမ္မဟောင်းကျမ်းဟာ ပညတ်တော်တရားကို အခြေခံထားပြီး ဓမ္မသစ်ကျမ်းကတော့ ကျေးဇူးတော်တရားကို အခြေခံထားပါတယ်။

၂။ အသုံးပြုတဲ့ ဘာသာစကား
သမ္မာကျမ်းစာကို လေ့လာကြည့်ရင်တော့ မူရင်းဘာသာစကား(၃) မျိုးဖြင့် ရေးသားထားကြောင်း တွေ့မြင်နိုင်ပါတယ်။
(က) ဓမ္မဟောင်းကျမ်းကို ဟေဗြဲဘာသာဖြင့် ရေးထားခဲ့ပါတယ်။
(ခ) ဓမ္မပညာရှင်များ လေ့လာစစ်ဆေးချက် အရ ဓမ္မဟောင်းကျမ်းထဲမှ ဧဇရမှတ်စာအခန်းကြီး(၄)၊ ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး (၆) နှင့် ယေရမိအနာဂတ္တိကျမ်း အခန်းကြီး(၁၀) တို့ကို အာရမစ်ဘာသာဖြင့် ရေးသားခဲ့ကြောင်း သိရှိရပါတယ်။
(ဂ) ဓမ္မသစ်ကျမ်းကို အဓိကအားဖြင့် ဂရိဘာသာနှင့် ရေးသားထားခဲ့ပါတယ်။ ဒါပေမယ့် ဓမ္မသစ်ကျမ်းထဲက
အချို့ကို ဟေဗြဲဘာသာနှင့် အာရမစ်ဘာသာဖြင့် အသုံးပြု ရေးသားထားတာကိုလည်း တွေ့နိုင်ပါတယ်။

၃။ အချိန်နှင့် နေရာ
သမ္မာကျမ်းစာကို နှစ်ပေါင်း ၁၆၀၀ ကျော်အတွင်း နေရာအသီးသီးမှ ရှုထောင့်စုံဖြင့် ရေးသား မှတ်တမ်းတင် ခဲ့ပါတယ်။ သမ္မာကျမ်းကို ရေးတဲ့သူတွေရဲ့ ရေးသားတဲ့အချိန်လည်း မတူပါဘူး။ သမ္မာကျမ်းကို ရေးတဲ့သူတွေရဲ့ ရေးသားတဲ့ နေရာများလည်း မတူကြပါဘူး။ တစ်ချို့ကတော့ သဲကန္တာတောထဲတွင် ရေးသားမှတ်တမ်းတင် ခဲ့ကြပါတယ်။ တစ်ချို့ကလည်း အကျဉ်းထောင်ထဲမှာ ထောင်ကျနေတဲ့အချိန်မှာ ရေးသားခဲ့ကြပါတယ်။ တစ်ချို့ကလည်း နန်းတော်ထဲကနေ ရေးသားခဲ့ကြပါတယ်။

၎။ ရေးသားသူ
သမ္မာကျမ်းစာကို ကမ္ဘာ့နေရာအသီးသီးမှာ နေထိုင်ကြခဲ့ကြတဲ့ လူပေါင်း (၄၀) ကျော်က ရေးသားခဲ့တာ ဖြစ်ပါတယ်။ ကျမ်းစာရေးသားသူတွေကတော ရှင်ဘုရင်တွေ၊ မင်းညီမင်းသားတွေ၊ ကဗျာဆရာတွေ၊ အတွေးအခေါ်ရှင်တွေ၊ အခွန်ကောက်သော သူတွေ၊ ပရောဖက်တွေ၊ တံငါသည်တွေ၊ ယဇ်ပုရောဟိတ်တွေ၊ ကုန်သည်တွေ၊ ထောင်မှူးတွေ၊ လယ်သမားတွေ၊ သိုးကျောင်းသားတွေ၊ ဆင်းရဲသားတွေ၊ ချမ်းသာတဲ့သူတွေ စတဲ့ လူတန်းစား အလွှာအသီးသီးမှ ပါဝင်တာကို တွေ့ရှိရပြီး ၀ိညာဉ်တော်မှုတ်သွင်းခြင်းအားဖြင့် ရေးသား မှတ်တမ်းတင်ခဲ့ကြပါတယ်။

သမ္မာကျမ်းစာကို ရေးသားသောသူတို့၏ စိတ်နေစိတ်ထားများလည်း မတူကြပါဘူး။ တစ်ချို့ကတော့ ဝမ်းမြောက်နေတဲ့ အချိန်မှာ ရေးသားခဲ့ကြပြီး တစ်ချို့ကလည်း မျှော်လင့်ချက်ကင်းမဲ့နေချိန်၊ ဝမ်းနည်းနေတဲ့အချိန်၊ စိတ်ဓါတ်ကျနေတဲ့အချိန်တို့မှာ ရေးသားခဲ့ကြပါတယ်။ သမ္မာကျမ်းစာကို ရေးသားတဲ့ သူတွေရဲ့ နေထိုင်ရာဒေသလည်း မတူညီကြပါဘူး။ တစ်ချို့က အာရှတိုက်မှာ နေထိုင်ခဲ့ကြပြီး၊ တစ်ချို့ကလည်း အာဖရိကတိုက်နှင့် ဥရောပတိုက်တို့မှာ နေထိုင်ခဲ့ကြပါတယ်။

၅။ ထူးခြားချက်
ဓမ္မသစ်ကျမ်းမှာ ပါရှိတဲ့ အကြောင်းအရာတွေဟာ ဓမ္မဟောင်းကျမ်းမှာကြိုတင်ပါရှိပြီး၊ ဓမ္မဟောင်းကျမ်းမှာ ပါရှိတဲ့ အကြောင်းအရာတွေကိုလည်း ဓမ္မသစ်ကျမ်းထဲမှာ ရှင်းပြထားခဲ့ပါတယ်။ သမ္မာကျမ်းစာဟာ လူတွေရဲ့စိတ်ထဲကနေ ထွက်လာတဲ့အရာတွေ၊ မိမိထင်မြင်ရာတွေကို ရေးသားထားတာ မဟုတ်ပါဘူး။ ဘုရားသခင်ဝိညာဉ်တော် မှုတ်သွင်းထားတဲ့စာအုပ် ဖြစ်ပါတယ် (၂တိ ၃:၁၆)။ လူတွေရေးတဲ့ စာအုပ်တွေ ဘယ်လောက်ကောင်းကောင်း လူ့အသက်တာကို မပြောင်းလဲစေနိုင်ပါဘူး။ ဒါပေမယ့် သမ္မာကျမ်းစာကတော့ လူတွေရဲ့အသက်တာကို ပြောင်းလဲစေနိုင်တဲ့ တန်ခိုးရှိပါတယ်။ သမ္မာကျမ်းစာဟာ လူမျိုးတိုင်း၊ လူတိုင်း၊ အလွှာအသီးသီးမှာ ရှိကြတဲ့သူတွေအားလုံးကို အံ့သြဘွယ်ရာ ပြောင်းလဲစေနိုင်ပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးကိုမဆို သမ္မာကျမ်းစာရဲ့ တန်ခိုးတော်အားဖြင့် ပြောင်းလဲစေခဲ့ပါတယ်။ ဒါကြောင့် ဘယ်စာအုပ်နှင့်မှ မတူဘဲ ထူးခြားနေပါတယ်။

၆။ ဖျက်ဆီးလို့ မရနိုင်ဘူး
ရာစုနှစ်ပေါင်းများစွာက သမ္မာကျမ်းကို ဖျက်ဆီးဖျောက်ဖျက်ပစ်ဖို့ လူတော်တော်များများက ကြိုးစားခဲ့ကြပေမယ့် ဘယ်တော့မှ မအောင်မြင်ခဲ့ကြပါဘူး။ သမ္မာကျမ်းစာအကြောင်း ဟောပြောတဲ့သူတွေ၊ သမ္မာကျမ်းစာကို သယ်ဆောင်ထုတ်ဝေတဲ့သူတွေကို ခေတ်အဆက်ဆက် ညှင်းပန်းနှိပ်စက်ပြီး သတ်လို့ရခဲ့ပေမယ့် သမ္မာကျမ်းစာ ကိုတော့ ကွယ်ပျောက်သွားအောင် သတ်လို့ မရနိုင်ပါဘူး။ သမ္မာကျမ်းစာဟာ ဖျက်ဆီးလို့ မရသည်သာမက တစ်နှစ်ပြီးတစ်နှစ် ကမ္ဘာပေါ်မှာ အရောင်းရဆုံးသောစာအုပ်အဖြစ် ရပ်တည်နေပါတယ်။ ဘာကြောင့်လဲ ဆိုရင်တော့ သမ္မာကျမ်းစာဟာ အပိုမရှိ၊ အလိုမရှိ၊ ပြည့်စုံလုံလောက်တဲ့ ထာဝရဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ သခင်ယေရှုက “ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကားတည်လိမ့်မည်” လို့ ပြောထားပါတယ် (မာကု ၁၃း၃၁)။

ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော် စီဂျေဟရန်မှုန်း
ဇူလိုင် ၂၃၊ ၂၀၁၆။

No comments:

Post a Comment