“အချင်းလူပျင်း၊
ပရွက်ဆိတ်ထံသို့သွား၍၊ သူ၏အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့” (သုတ္တံ ၆း၆)။
လူအမျိုးမျိုးရှိပါတယ်။
တချို့ကတော့ အလုပ်ကြိုးစားပြီး တချို့ကျတော့ အပျင်းထူကြပါတယ်။ အလုပ်ကြိုးစားတဲ့သူတွေကတော့
အလုပ်နှင့် လက်နှင့် ပြတ်တယ်မရှိလောက်အောင် အလုပ်လုပ်ကြတယ်။ တိုးတက်ဖို့အတွက် အမြဲတမ်း
ဇွဲ၊ လုံ့လ၊ ၀ီရိယစိုက်ပြီး ကြိုးစားကြတဲ့အတွက် အောင်မြင်လာကြတယ်။ ဒါပေမယ့် လူပျင်းတွေကတော့ အလုပ်ကို မယ်မယ်ရရ လက်ကြောတင်းအောင်
မလုပ်ချင်ကြပါဘူး။ တစ်စုံတစ်ခုကို လုပ်ရင်လည်း မဆိုစလောက်လေးသာ လုပ်တတ်ကြပါတယ်။ ဒီလိုနှင့်ဘဲ
အောင်မြင်မှုနှင့် အလှမ်းဝေးကွာခဲ့ကြပါတယ်။ ပျင်းတာနှင့် ပတ်သက်ပြီး လူပျင်းတွေက “ပျင်းတယ်ဆိုတာ
နာမည်သာဆိုးတာ၊ လူကတော့ အလွန်သက်သာတာပဲ” လို့
ပြောတတ်ကြသေးတယ်။ ပျင်းရိမှုကြောင့် ဘာတိုးတက်အောင်မြင်မှုကိုမှ မရရှိခဲ့ကြပါဘူး။
ငယ်ငယ်တုန်းက
ကျောင်းသင်ခန်းစာထဲမှာ သင်ဖူးခဲ့တဲ့ “ကလေးတို့ရှောင်ကျဉ်ရန် ပျင်းရိခြင်းအကြောင်း ၆
ပါး” ကတော့ -အေးသည်၊ ပူသည်၊ မိုးချုပ်သည်နှင့် စောသည်၊ ဆာသည်၊ ပြည့်အင်သည်- ဆိုတဲ့အချက်လေးတွေပါ။
အဲဒီအချက်တွေဟာ ဆိုရင် လူတွေ ပျင်းရိခြင်းအတွက် ဆင်ခြေပေးတတ်ကြတဲ့ အချက်တွေပါပဲ။
သုတ္တံ
၆း၇-၈ ထဲမှာ ဖော်ပြတဲ့ ပရွက်ဆိတ်ရဲ့အပြုအမူတွေကတော့ (က) ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊
မင်းမရှိ၊ (ခ) နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏။ ပရွက်ဆိတ်တွေဟာ
ခေါင်းဆောင်မရှိသော်ငြားလည်း ကြိုးစားပမ်းစား အလုပ်လုပ်ကြပါတယ်။ ဘယ်သူက ပိုလုပ်တယ်၊
ဘယ်သူကအချောင်ခိုတယ် ဆိုပြီး တစ်ကောင်နှင့်တစ်ကောင် ပြစ်တင်ခြင်းမပြုတတ်ကြပါဘူး။ လုပ်စရာရှိတာကို
အားလုံးတက်ညီလက်ညီ လုပ်တတ်ကြပါတယ်။ အင်းဆက်ကောင်လေးမျှသာဖြစ်သော်လည်း အချိန်ကာလကို
အကျိုးရှိရှိ အသုံးပြုတတ်ကြပါတယ်။ နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ဟိုဒီပြေးလွှားပြီး
အဆက်မပြတ် ရှာဖွေစုဆောင်းတတ်ကြပါတယ်။ ဒါကြောင့် မိုးတွင်ကာလမှာ မိမိတို့စုဆောင်းထားသမျှနှင့်
တွင်းထဲမှာ အဆင်ပြေနေနိုင်ကြပါတယ်။ ဒါကို ကြည့်ပြီး သုတ္တံဆရာက ပရွက်ဆိတ်ထံသို့သွားပြီး
သင်ယူစေတာ ဖြစ်တယ်။
၁။ ပျင်းရိပြီး အိပ်ပျော်မနေပါနှင့်။
သုတ္တံဆရာက
“အိုလူပျင်း၊ သင်သည် အဘယ်ကာလပတ်လုံး အိပ်လျက် နေလိမ့်မည်နည်း။ အဘယ်သောအခါ နိုးလိမ့်မည်နည်း။
ခဏပျော်လျက်၊ အိပ်ပျော်အံ့သောငှါ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်၊ ဆင်းရဲခြင်းသည် ခရီးသွားသော
သူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာလိမ့်မည်”လို့ သတိပေးထားပါတယ်
(သုတ္တံ ၆း၉-၁၁)။ သခင်ယေရှုကလည်း စုံစမ်းနှောက်ယှက်ခြင်းနှင့် ကင်းလွတ်ဖို့ အိပ်မနေဘဲ
ဆုတောင်းဖို့ တပည့်တော်တွေကို ဆုံးမထားပါတယ် (လုကာ ၂၂း၄၅-၄၆)။ လူပျင်းတွေဟာ လွယ်လွယ်နှင့်
ချမ်းသာနိုင်ဖို့ ဖြတ်လမ်းတွေကိုလိုက်ပြီး မကောင်းမှုတွေ၊ မတရားမှုတွေကို လုပ်ရင်း နောက်ဆုံးတော့
တိမ်မြှုပ်ပျောက်ကွယ် သွားကြရပါတယ်။ ယုံကြည်သူတွေကတော့ ပျင်းရိပြီး အိပ်နေဖို့မသင့်ပါဘူး။
အသင်းတော်သမိုင်းကို လေ့လာတဲ့အခါ ကနဦးယုံကြည်သူတွေဟာ ကယ်တင်ခြင်းသတင်းကောင်းကို ပျင်းရိနေခြင်းမပြုဘဲ
လုံ့လ၀ီရိယစိုက်ထုတ်ပြီး အမှုတော်အတွက် စိတ်အားထက်သန်စွာ ဆက်ကပ်ခဲ့ကြလို့ ကမ္ဘာအရပ်ရပ်ကို
ပြန့်နှံ့သွားတာ ဖြစ်ပါတယ်။ ပျင်းရိပြီး ထိုင်နေခဲ့ကြရင်တော့ ဘယ်မှမရောက်ဘဲ တန့်နေခဲ့မှာပါ။
၂။ လုံ့လ၀ီရိယစိုက်ထုတ်ပြီး လုပ်ဆောင်ကြစို့။
ရှင်ပေါလုက
“သင်တို့နှင့်အတူ ရှိစဉ်အခါ၊ အလုပ်မလုပ်ချင်သောသူ မည်သည်ကား၊ အစာကိုလည်း မစားစေနှင့်ဟု
ပညတ်ထားကြပြီ။ မတရားစွာပြု၍ အဘယ်အလုပ်ကိုမျှ မလုပ်ဘဲ၊ ကိုယ်နှင့်မဆိုင်သော အမှု၌ ရောနှောသောသူ
အချို့တို့သည် သင်တို့တွင် ရှိကြောင်းကို ငါတို့ ကြားရကြ၏။ ထိုသို့သောသူတို့သည် ငြိမ်ဝပ်စွာ
လုပ်ဆောင်၍၊ ကိုယ်အစာကို စားမည်အကြောင်း၊ ငါတို့ သခင် ယေရှုခရစ်အားဖြင့် ငါတို့သည် ပညတ်ထား၍၊
တိုက်တွန်းသွေးဆောင်ကြ၏”လို့ ပြောပါတယ် (၂ သက် ၃း၁၀-၁၂)။ ဒီနေ့အောင်မြင်တဲ့သူတိုင်းဟာ
လုံ့လ၀ီရိယစိုက်ထုတ်ပြီး ကြိုးစားလုပ်ဆောင်ခဲ့ကြသူတွေပါ။ သုတ္တံဆရာက “ခွန်အားကြီးသော
ယောက်ျားသည် စည်းစိမ်ကို ရတတ်၏” လို့ အလုပ်လုပ်ခြင်းရဲ့ အကျိုးရလာဒ်ကို ပြောပြထားပါတယ်
(သုတ္တံ ၁၁း၁၆)။ ဒါကြောင့် လုံ့လ၀ီရိယစိုက်ထုတ်ပြီး အလုပ်လုပ်ဖို့ လိုပါတယ်။ ယုံကြည်သူများအနေဖြင့်
မိမိယုံကြည်ခြင်းကို လုပ်ဆောင်ခြင်းဖြင့် ပြသရမှာ ဖြစ်ပါတယ် (ယာ ၂း၂၆)။
နိဂုံး။
ပျင်းရိခြင်းဟာ
ဘယ်တော့မှ ကောင်းကျိုးကို ရစေမှာ မဟုတ်ပါဘူး။ ပျင်းရိခြင်းအားဖြင့် ဆင်းရဲခြင်း၊ ဘာမှ
မဖြစ်မြောက်ခြင်း၊ အလကားရယူလိုစိတ်ရှိခြင်းတွေကို ဖြစ်ပေါ်စေပြီး အောင်မြင်ခြင်းကို
ယူပေးမှာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ယုံကြည်ခြင်းတွေ တိုးပွားဖို့၊ သတင်းကောင်းပြန့်နှံ့ဖို့၊
အသင်းတော်တိုးပွားအောင်မြင်ဖို့အတွက် လုံ့လ၀ီရိယစိုက်ထုတ်ပြီး လုပ်ဆောင်ရမှာပါ။ ထိုင်နေလို့တော့
ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ပျင်းရိနေရင်တော့ ဘယ်တော့မှ အောင်မြင်ထွန်းပေါက်လာမှာ မဟုတ်ဘူး။
ဒါကြောင့် လုံ့လ၀ီရိယစိုက်ထုတ်ပြီး မိမိတတ်နိုင်တဲ့ အတိုင်းအတာအထိ လုပ်ဆောင်ကြဖို့
ပရွက်ဆိတ်ဆီကနေ သင်ယူကြဖို့ သုတ္တံဆရာက တိုက်တွန်းနှိုးဆော်ထားပါတယ်။
No comments:
Post a Comment