“သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို
လွှတ်လိမ့်မည်” (ယော ၈း၃၂)။
ယုံကြည်သူများသည် ကယ်တင်ရှင်ယေရှုခရစ်တော်တည်းဟူသော
သမ္မာတရားကို သိရှိ၊ လက်ခံ၊ ယုံကြည်ကြသူများ ဖြစ်ပါသည်။ ထို့ကြောင့် ယုံကြည်သူများ၏
အသက်တာတွင် သမ္မာတရားဖြင့် အသက်ရှင်ခြင်းသည် လွန်စွာပင် အရေးကြီးလှပါသည်။
သမ္မာကျမ်းစာသွန်သင်တော်မူသော သမ္မာတရားကို သိရှိပြီး မိမိတို့အသက်တာတွင်
လက်တွေ့ခံယူ ကျင့်သုံးကြရန် လိုအပ်လှပါသည်။ သခင်ယေရှုက “သမ္မာတရားကိုလည်း
သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်” (ယော ၈း၃၂) ဟု မိန့်တော်မူထားပါသည်။
သမ္မာတရားအတိုင်းအသက်ရှင်ခြင်းနှင့် ပတ်သက်ပြီး အောက်ပါအချက်များဖြင့်
ခွန်အားယူကြပါစို့။
၁။
မိဘကိုရိုသေခြင်း။
မိဘကိုရိုသေခြင်းသည် အလွန်အရေးကြီးသော သမ္မာကျမ်းစာ၏ သွန်သင်ချက်တစ်ခု ဖြစ်သည်။ ပညတ်တော် ဆယ်ပါးတွင် မိဘကိုရိုသေစွာ ပြုရမည်အကြောင်း ဖော်ပြထားပါသည် (ထွက် ၂၀း၁၂)။ ထိုအကြောင်းကို ရှင်ပေါလုက “မိဘကို ရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည်ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည် အကြောင်းဟူ၍ ဂတိတော်နှင့်ဆိုင်သော ပဌမပညတ်ဖြစ်၏” ဟု ဆိုထားပါသည် (ဧဖက် ၆:၂-၃)။

၂။
ကောင်းသောအကျင့်ကိုကျင့်ခြင်း။
လူတိုင်း ကောင်းသောအကျင့်နှင့် မကောင်းသော အကျင့်တို့ကို ပိုင်းခြားဝေဖန်လျက် အသက်ရှင်ခြင်းသည် အရေးကြီးလှပါသည်။ ရှင်ပေါလုက “ကောင်းသောအကျင့်ကို အမြဲကျင့်၍၊ ဘုန်းအသရေကို၎င်း၊ မဖေါက်ပြန်သော ဇာတိကို၎င်း၊ ရှာသော သူတို့အား ထာဝရအသက်ကို ပေးတော်မူလတံ့” ဟု ဆုံးမထားပါသည် (ရောမ ၂:၇)။

၃။
စိတ်ရှည်သီးခံခြင်း။
စိတ်ရှည်သီးခံခြင်းသည် အလွန်အရေးကြီးသောအရာ ဖြစ်သော်လည်း လက်တွေ့ကျင့်သုံးရန် ခက်ခဲလှပါသည်။ ရှင်ပေါလုက “အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့် ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တယောက်ကို တယောက် သည်းခံခြင်းရှိကြ၍” ဟု အလေးထားဆုံးမထားပေသည် (ဧဖက် ၄:၂)။

၎။
သစ္စာရှိခြင်း။
သစ္စာတရားသည် လူ့အသက်တာတွင် လွန်စွာတန်ဖိုးရှိလှပေသည်။ သစ္စာရှိခြင်းကို မိမိတို့အသက်တာတွင် အမြဲတမ်းထွေးပွေ့ထားရန် လိုပါသည်။ “သစ္စာစောင့်၍ ဖြောင့်မတ်သောလူမျိုး ဝင်ပါစေ။ စိတ်နှလုံး တည်ကြည်သောသူသည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်းသက်သက် ရှိမည့်အကြောင်း စောင့်ရှောက်တော်မူလိမ့်မည်” (ဟေရှာယ ၂၆း၃)။

၅။
ကရုဏာတရားရှိခြင်း။
ကရုဏာတရားနှင့် သစ္စာတရားတို့သည် အမြဲဒွန်တွဲလေ့ရှိပေသည်။ သုတ္တံဆရာက “ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့်မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ ဆွဲထားလော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့” ဟုသွန်သင်ထားပါသည် (သုတ္တံ ၃း၃)။

၆။
စိတ်နှလုံးနှိမ့်ချခြင်း။
လူသည် အများအားဖြင့် စိတ်နှလုံး မာကြောပြီး မောက်မာတတ်သော သူများဖြစ်ကြသည်။ ထို့ကြောင့် သခင်ယေရှုက “စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏” ဟု စိတ်နှလုံးနိမ့်ချကြရန် မှာကြားထားခဲ့ပေသည် (မဿဲ ၅:၃)။ ရှင်ပေတရုက “ထို့ကြောင့် ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကို ချီးမြှောက်တော်မူမည် အကြောင်း၊ တန်ခိုးကြီးသော လက်တော်အောက်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့” ဟု ဆိုထားပါသည် (၁ ပေ ၅း၆)။

၇။
ဖြောင့်မတ်ခြင်း။
သခင်ယေရှုက လောကစည်းစိမ်များထက် နိုင်ငံတော်နှင့် ဖြောင်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြဖို့ရန် မိန့်ကြားခဲ့ပါသည် (မဿဲ ၆:၃၃)။ ဆာလံဆရာကလည်း “ဖြောင့်မတ်သောသူတို့၏ ကယ်တင်ခြင်းအမှုကို ထာဝရဘုရားစီရင်တော်မူ၏။ ဘေးရောက်သည်ကာလ၌ သူတို့ခိုလှုံရာဖြစ်တော်မူ၏” ဟု ဖော်ပြခဲ့သည်(ဆာလံ ၃၇း၃၉)။

၈။
အဆုံးတိုင်အောင်တည်ကြည်ခြင်း။
မိမိတို့ ပြုမူလုပ်ဆောင်သမျှသည် ခဏတာအတွက် မဟုတ်ပဲ အဆုံးတည်အောင် စောင့်ထိန်းလိုက်လျှောက်ရေးသည် အရေးကြီးလှပါသည်။ သခင်ယေရှုက “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်” ဟု အဆုံးတိုင်အောင်တည်ကြည်ခြင်း အရေးကြီးပုံကို မိန့်တော်မူထားပါသည် (မဿဲ ၂၄:၁၃)။

၉။
အစဉ်မပြတ် ဝမ်းမြောက်ခြင်း။
လူတွင် ခံစားချက်အမျိုးမျိုးပြောင်းလဲ ဖြစ်ပေးလေ့ရှိသည်။ ရှင်ပေါလုက ခရစ်တော်နှင့် ဆက်ဆံလျက် “သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့” ဟု တိုက်တွန်းထားပါသည် (ဖိလိပ္ပိ ၄:၄)။

၁၀။
သူတပါး၌ပြုခြင်း။
လူသည် မိမိအကျိုးကိုသာ ကြည့်တတ်သော သူများ
ဖြစ်ကြပေသည်။ သို့သော် သခင်ယေရှုက “သင်တို့သည် ကိုယ်၌သူတပါးပြုစေလိုသမျှအတိုင်း
သူတပါး၌ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်း နှင့် အနာဂတ္တိကျမ်းတို့၏ အချုပ်အချာပင်
ဖြစ်သတည်း” ဟု သူတပါးအပေါ် ပြုရမည့်အချက်ကို ထောက်ပြထားပါသည် (မဿဲ ၇:၁၂ )။
~ဆရာတော်ဒေါက်တာဟရန်မှုန်း၊ D.Min., Ph.D.,
No comments:
Post a Comment