Wednesday, September 6, 2017

ဘုရားသခင်ကို တောင်းလျှင်ရလိမ့်မယ်



“သင်တို့တွင် တစုံတယောက်သောသူသည် ပညာကို လိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ။ တောင်းလျှင် ရလိမ့်မည်။ သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းရမည်။ တွေးတောခြင်းရှိသောသူသည်ကား၊ လေခတ်၍ လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့် တူ၏” (ယာကုပ် ၁း၅-၆)။

ကျနော်တို့ ကိုးကွယ်တဲ့ဘုရားသခင်ဟာ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော ဘုရားဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ လိုအပ်တဲ့ အရာအားလုံးကို ဘုရားသခင့်ဆီ တောင်းလျှောက်နိုင်ပါတယ်။ လိုတဲ့အရာကို တောင်းမယ်ဆိုရင် ဘုရားသခင်ပေးတော်မူမှာပါ။ အရာခပ်သိမ်းကို ပိုင်တော်မူတဲ့ ဘုရားသခင့်ကို ယုံကြည်သူများဖြစ်တဲ့အတိုင်း လိုအပ်ချက်အားလုံးကို ယုံကြည်သောစိတ်နှင့် ဘုရားသခင့်ဆီ တောင်းလျှောက်တတ်ဖို့ လိုပါတယ်။

၁။ ဘုရားသခင်ကို တောင်းရမယ်။
ဘုရားသခင်က သူ့ကိုယ်သူ ကောင်းသောသိုးထိန်းနှင့် ခိုင်းနှိုင်းထားပါတယ် (ယော ၁၀)။ ဒါ့အပြင် ဖခင်တစ်ဦးလို သူ့ကို မြင်လာစေဖို့ ဖော်ပြထားတယ်- ပျောက်သောသားအတွက် အမြဲတမ်း တံခါးဖွင့်ပေးထားတယ် (လု ၁၅)။ လူတွေရဲ့လိုအပ်ချက်တွေ၊ ခံစားချက်တွေကို ဘယ်တော့မှ မသိယောင်ဆောင်ပြီး လစ်လျှူမရှုခဲ့ပါဘူး။ တခြားလူတွေ၊ တခြားအားကိုးစရာတွေက အပြစ်တင်ကောင်း အပြစ်တင်တတ်ပေမယ့် ဘုရားကတော့ ကျနော်တို့ လိုအပ်ချက်အတွက် သူ့ဆီကို အားကိုးပြီး ဆုတောင်းတာကို ဘယ်တော့မှ မငြင်းပယ်ခဲ့ပါဘူး။ ဒါ့အပြင် ပေးတဲ့အခါမှာလည်း ၀တ်ကျေတန်းကျေပေးတာမျိုးမဟုတ်ပဲ တကယ့်မေတ္တာ၊ စေတနာစိတ်နှင့် ပေးတတ်ပါတယ်။ ဒါကြောင့် ရှင်ပေါလုက “ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုပြင်ခြင်းငှါ တတ်နိင်တော်မူသောဘုရားသခင်” လို့ ဖော်ပြထားပါတယ် (ဧဖက် ၃း၂၀)။ ကျနော်တို့ တောင်းတာပဲမဟုတ်ဘူး၊ အဲ့ဒီ
ထက်ထူးခြားတာတွေကိုတောင် ပြုပေးနိုင်တဲ့ ဘုရားသခင်ဖြစ်ပါတယ်။ ဒါကြောင့်ဆုတောင်းတဲ့အခါမှာ စိတ်ချစေချင်တယ်။ ဘုရားသခင်က ဘယ်တော့မှ အပြစ်တင်ကဲ့ရဲ့မှာမဟုတ်ဘဲ ကျနော်တို့တောင်းတဲ့အရာတွေကို စေတနာအပြည့်၊ ချစ်ခြင်းမေတ္တာအပြည့်နှင့် ပေးမှာဖြစ်ပါတယ်။ ရသင့်ရထိုက်တဲ့ အမွေဥစ္စာတွေကိုယူပြီး လောကထဲမှာ စိတ်ကြိုက်ပျော်မွေ့ခဲ့တဲ့ သားငယ်ကို နောင်တနှင့် ပြန်လာတဲ့အခါမှာလည်း ပြန်လည်လက်ခံရုံတင်မက အကောင်းဆုံးသောအရာတွေကို  ပြန်လည်ပေးအပ်တဲ့ဖခင်လို ဘုရားသခင် ဖြစ်ပါတယ်။ အပြစ်ထဲမှာ ကျင်လည်ပြီးဘုရားနှင့် ဝေးခဲ့ရင်တောင်မှ နောင်တရပြီး ပြန်လာမယ်ဆိုရင် ပျောက်သောသားကိုလက်ခံသလို ကျနော်တို့ကိုလည်း အကောင်းဆုံးသောအရာတွေနှင့် လက်ကမ်းကြိုနေမှာပါ။
 
၂။ တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းရမယ်။
ဆုတောင်းတဲ့အခါ ရတယ်၊ မရဘူးဆိုတဲ့ ပြသနာဟာ ဘုရားသခင့်ဆီမှာ မရှိပါဘူး၊ လူတွေဆီမှာ ရှိနေပါတယ်။ ဘုရားသခင်ကတော့ တောင်းရင် ရမယ်လို့ သေချာပြောထားပြီး ဂတိပေးထားပါတယ် (မ ၇း၇)။ တောင်းလို့ မရတဲ့အရာတွေ အများကြီးရှိနေတာပဲ လို့ ကျနော်တို့ စောဒက တက်ကောင်း တက်မိပါလိမ့်မယ်။ ဘုရားသခင်က တောင်းကြလော့ တောင်းလျှင် ရမည် ဆိုတဲ့နေရာမှာပဲ မဆုံးပဲ ရှာကြလော့ ရှာလျှင်တွေ့မည် ဆိုတဲ့အချက်ကို ကျော်သွားလို့တော့မရတော့ပါဘူး။ တောင်းလို့မရရင် ရှာရပေမည်။ ယာကုပ်ထဲမှာတော့ဘုရားသခင်က အဖြေပေးထားပါတယ်။ စိတ်နှစ်ခွ ရှိရင်တော့ ဘုရားလက်တော်ကနေ ဘာတစ်ခုမှ မရနိုင်ဘူးလို့ ဆိုထားပါတယ်။ ဒါဆိုရင် ကျနော်တို့က ဆုကို တောင်းသာ တောင်းပေမယ့် ဘုရားသခင်ကို ယုံကြည်ခြင်း အပြည့်မရှိပဲ စိတ်နှစ်ခွ ရှိနေလို့ ဖြစ်ပါလိမ့်မယ်။ တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းရမယ်လို့ ကျမ်းစာက ဆိုထားပါတယ် (ယာ ၁း၇-၈)။။

စိတ်နှစ်ခွဆိုတာ ဘာနှင့်တူသလည်းလို့ ဖော်ပြရမယ်ဆိုရင် နှုတ်ကပါတ်တော်က ဖေါ်ပြထားသလို လေတိုက်ပြီးလူပ်ရှားတတ်တဲ့ လိုင်းတံပိုးနှင့်တူတယ်လို့ ဆိုပါတယ်။ လှိုင်းတံပိုးကိုကြည့်မယ်ဆိုရင် ကျောက်ဆောင်နှင့် မတူပါဘူး။ ကျောက်ဆောင်ကတော့ လေဘယ်လောက်တိုက်တိုက် လုံးဝမလှုပ်ဘူး။ လှိုင်းကတော့ လေတိုက်တဲ့နေရာ နောက်ကို ပါသွားတယ်။ ဒါကြောင့် အခြေအနေပေါ်မှာ ကျနော်တို့ရဲ့ယုံကြည်ခြင်းဟာ မတည်ငြိမ်ပဲ မျောပါနေမယ် ဆိုရင်တော့ စိတ်နှစ်ခွရှိသူဖြစ်ပါတယ်။ ပြုလေသမျှတို့မှာ မတည်ကြည်တဲ့သူလို့ ဆိုနိုင်ပါတယ်။ ဆိုလိုချင်တာက တစိုက်မတ်မတ် ယုံကြည်တတ်တာမဟုတ်ပဲ ပါတ်ဝန်းကျင်အခြေအနေကို ယုံတတ်တဲ့သူဖြစ်နေလို့ပါ။ ဒါကြောင့် စိတ်နှစ်ခွရှိတဲ့သူကို ဘုရားသခင် မကြိုက်ပါဘူး။ ဒါကြောင့် ဆုတောင်းတဲ့အခါမှာ ကျနော်တို့ရဲ့ယုံကြည်ခြင်းကို ဆန်းစစ်ဖို့ လိုပါတယ်။ ဘုရားသခင်ကတော့ ယုံကြည်သည်နှင့်အညီ ပေးမယ့် ဘုရားဖြစ်ပါတယ် (မ ၈း၁၃)။ မယုံနိုင်တဲ့အရာကိုတော့ ဘုရားသခင်က ကျနော်တို့ကို ခံစားခွင့်ပေးမှာ မဟုတ်သလို၊ ပိုင်ဆိုင်လို့ ရမှာ မဟုတ်ပါဘူး။

နိဂုံး။ ယုံကြည်သူများအနေဖြင့် ကျနော်တို့ လိုအပ်တဲ့အရာတွေကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်သောစိတ်နှင့် တောင်းရင် ဘုရားသခင်ပေးတော်မူမှာပါ။ ဘုရားသခင်က ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူပါတယ်။ တောင်းလျှင် ရမှာပါ။ ဒါပေမယ့် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းရမှာ ဖြစ်ပါတယ်။

~ဆရာတော်ဒေါက်တာဟရန်မှုန်း၊ ပီအိပ်ခ်ျဒီ။

No comments:

Post a Comment