Tuesday, December 29, 2015

ဘုရားသခင် နှစ်သက်တော်မူဘွယ်သောလက္ခဏာများ

ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဘွယ်သော လက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကို ပြုမည်အကြောင်း ဘုရားသခင်ဂရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏ (ရောမ ၁၂း၁)။


ယုံကြည်သူတို့၏အသက်တာတွင် မိမိအလိုအတိုင်း အသက်ရှင်ခြင်းမပြုပဲ ထာဝရဘုရားသခင် နှစ်သက်တော်မူသော အသက်တာဖြင့် အသက်ရှင်နေထိုင်နိုင်ရေးသည် အလွန် အရေးကြီးလှပေသည်။ ထိုအချက်နှင့်ပတ်သက်၍ တမန်တော်ကြီးရှင်ပေါလုက အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဘွယ်သော လက္ခဏာ စသည့် ယုံကြည်သူတို့ပြုအပ်သောအချက်များဖြင့် တိုက်တွန်းနှိုးဆော်ထားသည်ကို တွေ့နိုင်ပါသည်။ သမ္မာကျမ်းစာထဲတွင် ဘုရားသခင် နှစ်သက်တော်မူသော အရာများစွာဖော်ပြပါရှိသည့်အနက် အောက်ပါအချက်အလက်အချို့ကို ကောက်နှုတ်ပြီး ခွန်အားယူကြဖို့ရန် ခေါ်ဖိတ်လိုပါသည်။

၁။ အလိုတော်ကို နာခံအသက်ရှင်ခြင်း။
အလိုတော်အတိုင်း နာခံအသက်ရှင်ခြင်းသည် ခရစ်ယာန်အသက်တာအတွက် အရေးကြီးသော အရည်အချင်းတစ်ရပ်ဖြစ်သည်။ ဘုရားသခင်သည် အပြင်ပန်း ပူဇော်မှုများထက် သူ၏အလိုတော်ကို ဦးစားပေး လိုက်နာခြင်းကို နှစ်သက်သဘောကျပါသည်။ ယနေ့ ယုံကြည်သူများသည် ပေးကမ်းမှုများ၊ အသင်းတော်တွင်ပြုရမည့်အမှုများ၊ ယဇ်ပူဇော်ခြင်းအမှုများကို ဦးစားပေး ပြုလုပ်နေကြသော်လည်း ဘုရားသခင်၏ အလိုတော်အတိုင်း လိုက်လျှောက်ခြင်းထက် မိမိစိတ်သဘောကျအသက်ရှင်နေမှုက
ပိုမိုများပြားပါသည်။ ဘုရား၏အလိုတော်သည် နုတ်ကပတ်တော်သမ္မာကျမ်းစာထဲတွင် အတိအကျ ဖော်ပြပါရှိပါသည်။ ထို့ကြောင့် နုတ်ကပတ်တော်အတိုင်းအသက်ရှင်ခြင်း ဆိုသည်မှာ ဘ၀တွင်
ဘုရားသခင်၏အလိုတော်ကို စိတ်နှလုံးအကြွင်းမဲ့ ဦးစားပေးကာ ပထမနေရာတွင် ထားခြင်းဖြစ်ပါသည်။ ရှင်ဘုရင်ရှောလု၏ အသက်တာကို လေ့လာကြည့်ပါက ဘုရားသခင်၏ စကားကိုနားထောင်ခြင်းထက် မိမိအလိုရှိသည့် ယဇ်ပူဇော်ခြင်းကို ပိုပြီးစိတ်အားထက်သန်ခဲ့ပါသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ပူဇော်သည့်ယဇ်ကို လက်မခံပဲ ငြင်းပယ်ခဲ့ပါသည်။ လက်မခံသည့်အပြင် ဘုရားသခင်နောင်တရလျက် သူ့အား ရှင်ဘုရင်အရာမှ ပယ်နှုတ်ခဲ့ပါသည် (၁ ရာ ၁၅း၁၁)။ ပရောဖက်ရှမွေလအားဖြင့် “အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက် သာ၍ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း၏” ဟုမိန့်တော်မူလျက် အခြားအရာအားလုံးထက် အလိုတော်အတိုင်း နားထောင်အသက်ရှင်ခြင်းကို ဘုရားရှင်က ပို၍ တန်ဖိုးထားကြောင်း တွေ့ရှိနိုင်ပါသည် (၁ရာ ၁၅း၂၂-၂၃)။ ယေရမိအနာဂတ္တိကျမ်း ၇း၂၂-၂၃ တွင် ထာဝရဘုရားက “သင်တို့ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊ မီးရှို့ရာယဇ်အစရှိသော ယဇ်များအတွက် သူတို့ကို ငါမှာထားသည်မဟုတ်။ ငါမှာထားသော အရာဟူမူကား၊ ငါ့စကားကိုနားထောင်ကြလော့။ သို့ပြုလျှင် ငါသည် သင်တို့၏ ဘုရားသခင်ဖြစ်မည်” ဟု အတိအလင်း မှာထားခဲ့ပါသည်။ ထို့ကြောင့် အလိုတော်ကို နာခံအသက်ရှင်ခြင်းသည် လွန်စွာပင်အရေးကြီးကြောင်း တွေ့မြင်နိုင်ပါသည်။

၂။ ဖြောင့်သောလမ်းကို လိုက်လျှောက်ခြင်း။
သုတ္တံဆရာက “သဘောကောက်သောသူတို့ကို ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်သော လမ်းသို့ လိုက်သော သူတို့ကိုကား၊ နှစ်သက်တော်မူ၏” ဟု ဖော်ပြထားပါသည် (သု ၁၁:၂၀)။ ဘုရားသခင်၏ ကျေနပ်နှစ်သက်ခြင်းသည် ကျွန်ုပ်တို့ မည်သည့်လမ်းကို လိုက်လျှောက်နေသနည်းဆိုသည့် အချက်အပေါ်တွင် မူတည်ပါသည်။ အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းကြီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့တွင် ငါထားသည်ဟု သင့်တဘက်တွင် ကောင်းကင်မြေကြီးကို ငါတိုင်တည်၏။… အသက်တရားကို ရွေးယူလော့… ဟူ၍ ဘုရားရှင်မိန့်တော်မူခဲ့ပေသည် (တရားဟော ၃၀း၁၉-၂၀)။ သခင်ယေရှုကလည်း ကျဉ်းသောလမ်းနှင့် ကျယ်သောလမ်းစသည့် ရွေးစရာ လမ်းနှစ်ခုအကြောင်းကို ပြောပြပြီး ဝင်ရောက်သူနည်းပါးသည့် ကျဉ်းသောလမ်းသို့သာ လိုက်လျှောက်အသက်ရှင်ဖို့ရန် အားပေးဆုံးမခဲ့ပေသည် (မသဲ ၇း၁၃-၁၄)။ ကျွန်ုပ်တို့ ရွေးချယ်လျှောက်လှမ်းသည့်လမ်းကြောင့် ကျွန်ုပ်တို့ အသက်တာတွင် များစွာ အပြောင်းအလဲဖြစ်စေနိုင်ပါသည်။ ဆာလံဆရာကလည်း လူဆိုးတို့၏ လမ်းတွင် မရပ်မိစေရန် သတိပေးနှိုးဆော်ထားပါသည်။ မတရားသောသူတို့နှင့် လျှောက်ဖို့ မပြောနှင့်၊ ရပ်ဖို့တောင် မလုပ်ပါရန် သတိပေးထားပါသည် (ဆာလံ ၁)။ အကြောင်းမှာ မတရားသောသူ၊ လူဆိုးတို့နှင့် အပေါင်းအဖော်ပြုခြင်းသည် ပျက်စီးခြင်းကို ဦးတည်နေသောကြောင့်ဖြစ်ပါသည်။

၃။ သစ္စာတရားကို စောင့်ခြင်း။
သုတ္တံဆရာက “မုသာသုံးသောနှုတ်ခမ်းသည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဘွယ်ဖြစ်၏။ သစ္စာတရားကို စောင့်ရှောက်သော သူတို့မူကား၊ နှစ်သက်တော်မူဘွယ် ဖြစ်ကြ၏” ဟု ဖော်ပြထားပါသည် (သု ၁၂:၂၂)။ ဘုရာသခင်နှစ်သက်တော်မူသောအရာ နောက်တစ်ခုမှာ သစ္စာတရားကိုစောင့်ခြင်း ဖြစ်ပါသည်။ ဘုရားသခင်၏အနားတွင် မည်သူတွေက အမြင့်ဆုံးနှင့် ဘုရားနားမှာရပ်ခွင့် ရပါသနည်းဟုဆိုပါရင် သစ္စာရှိသောသူ ဖြစ်ကြောင်း ကျမ်းစာအားဖြင်း သိရှိနိုင်ပါသည် (ဗျာ ၁၇:၁၄)။ သစ္စာရှိခြင်းသည် ကိုးကွယ်ခြင်းအမှုတွင်လည်း အဓိကကျသည့် အရာဖြစ်ပါသည်။ သခင်ယေရှုက ဘုရားသခင်ကို ကိုးကွယ်သည့်အခါ နံဝိညာဉ်နှင့်၎င်း၊ သစ္စာနှင့်၎င်း၊ ကိုးကွယ်ရမည်ဟု မိန့်ဆိုထားပါသည် (ယော ၄း၂၄)။ တမန်တော်ကြီး ရှင်ပေါလုကလည်း သူ့ဝိညာဉ်သားဖြစ်သော တိမောသေအား သစ္စာနှင့် ပြည့်စုံပြီးသူတပါးကို
သွန်သင်ခြင်းငှါ တတ်စွမ်းနိုင်သောသူတို့၏ လက်ထဲတွင် အသင်းတော်နှင့် သာသနာ ဦးဆောင်ခွင့်အပ်ဖို့ရန် နှိုးဆော်ထားပါသည် (၂ တိမောသေ ၂:၂)။ ဗျာဒိတ်ကျမ်းထဲတွင်လည်း၊ “သေသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင် အသက်သရဖူကို ငါပေးမည်” ဟု ဖော်ပြထားပါသည် (ဗျာ ၂း၁၀)။

နိဂုံး။
တမန်တော်ကြီးရှင်ပေါလုက ဘုရားသခင် နှစ်သက်တော်မူသော အသက်တာနှင့် ဘုရားသခင် အလိုတော်ရှိသော လက္ခဏာများသည် မည်သည့်အရာဖြစ်သည်ကို သင်ယူနိုင်ဖို့ စိတ်နှလုံးကို အသစ်ပြင်ဆင်ပြီး ပုံသဏ္ဍာန်ပြောင်းလဲဖို့အတွက် ရောမသြ၀ါဒစာ ၁၂:၁ တွင် အတိအလင်း ဖော်ပြထားပါသည်။ ချစ်သောဓမ္မမိတ်ဆွေများအနေဖြင့် မိမိတို့ အသက်တာအသီးသီးကို ပြန်လည်ဆန်းစစ်ပြီး ဘုရားသခင် နှစ်သက်တော်မူဘွယ်သော လက္ခဏာများအတိုင်း အသက်ရှင်နေထိုင်နိုင်ရန် သမ္မာကျမ်းစာတော်မြတ် သွန်သင်ထားသည့် အချက်များကို နေ့စဉ်ဖတ်ရှုလေ့လာရင်း ဘုရားသခင်၏အလိုတော်အတိုင်း အသက်ရှင်နေထိုင်ကြဖို့ ဝေမျှလိုပါတယ်။

ချစ်ခြင်းမေတ္တာဖြင့်

သိက္ခာတော်ရဆရာတော်စီဂျေဟရန်မှုန်း၊ PhD.
Dec. 5, 2015|Saturday|10:30pm.
Salt Lake City, Utah, USA.

No comments:

Post a Comment