Tuesday, December 29, 2015

ဘုရားသခင်တောင်းတော်မူသောအရာများ။

“အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့် ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသော စိတ်နှင့် ကျင့်နေခြင်း မှတပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရားတောင်းတော်မူသနည်း” (မိက္ခာအနာဂတ္တိကျမ်း ၆း၈)။

ယုံကြည်သူများနေ့စဉ်အသက်တာတွင် ကောင်းသောအသက်ရှင်ခြင်းဖြင့် အသက်ရှင်နေထိုင်တတ်ရန် လွန်စွာ အရေးကြီးပေသည်။ ထို့သို့ ခရစ်ယာန်အသက်တာ၌ ကျင်လည် အသက်ရှင်တတ်ရန် ဘုရားသခင်သည် ကောင်းသောလမ်းကို ပြတော်မူခဲ့ပါသည်။

၁။ တရားသဖြင့် ပြုခြင်း။
ဘုရားသခင်ကို ယုံကြည်သူများသည် ဘုရားသခင့်ရှေ့တော်မှောက်တွင် တရားသဖြင့် ပြုမူကျင့်ကြံ အသက်ရှင်ရန် လိုပါသည်။ အကြောင်းမူကား၊ ငါထာဝရဘုရားသည် တရားသဖြင့် စီရင်ခြင်းကို နှစ်သက်၏ ဟု ဘုရားရှင်မိန့်တော်မူ၏ (ဟေရှာ ၆၁း၈)။ တရားသဖြင့် ပြုမူကျင့်ကြံခြင်းသည် သူတပါးအပေါ်၌ ချစ်ခြင်းမေတ္တာထားနိုင်ခြင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ သခင်ယေရှုက ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ ဟုဆိုထားပါသည် (မာ ၁၂း၃၁)။ ချစ်ခြင်းမေတ္တာရှိမှသာ မိမိနှင့် စပ်ဆိုင်သောသူတို့အား တရားသဖြင့် ပြုပြီး ချစ်နိုင်မည်ဖြစ်ပါသည်။ မတရားသော အရာများကို ရှောင်ရှားတတ်ရပါမည်။ နေ့စဉ်အသက်တာတွင် သူတပါးအပေါ်၌ တရားသဖြင့် ပြုမူပြီး အသက်ရှင်နေထိုင်ရန် အရေးကြီးလှပါသည်။ 

၂။ ကျေးဇူးကရုဏာတော်ကို နှစ်သက်ခြင်း။
ဘုရားသခင်ရှေ့တော်မှောက်တွင် တရားသောသူ မရှိပါ။ အထူးသဖြင့် လူသားများသည် အပြစ်သားများ ဖြစ်ကြသည့် အတိုင်း တရားသဖြင့် မပြုမူနိုင်ပါ။ သို့သော်လည်း ဘုရားသခင်သည် မိမိပုံသဏ္ဍာန်တော်နှင့် အညီ ဖန်ဆင်းထားသောလူတို့ကို မိမိအသက်စွန့်သည့်တိုင်အောင် ချစ်တော်မူပေသည် (ယော ၃း၁၆)။ ဘုရားသခင်၏ သနားခြင်းကရုဏာတော်ကြောင့်ဖြစ်၏။ ရှင်ပေါလုက ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။… ဘုရားသခင် သနားတော်မူရာဖြစ်သတည်း ဟု ဖော်ပြထားပါသည် (ဧဖက် ၂း၈)။ ယုံကြည်သူတို့အသက်တာတွင် ထိုကျေးဇူးကရုဏာတော်ကိုအစဉ်သဖြင့် နှစ်သက်စွဲလန်းဖို့လိုအပ်ပါသည်။ ကျေးဇူးဂရုဏာတော်ကြောင့်သာ ကျနော်ကျမတို့၏ အသက်တာများသည် အဓိပ္ပါယ်ရှိနေခြင်း ဖြစ်ပေသည်။

၃။ နှိမ့်ချသောစိတ်နှင့် ပြုကျင့်ခြင်း။
ကျနော်ကျမတို့ လူ့ဘ၀အသက်တာကို ပြန်လည်ဆန်းစစ်ကြည့်သောအခါ ၀ါကြွားစရာ တစ်ကွက်မျှမရှိပါ။ သို့သော်လည်း လူတို့သည် အရာခပ်သိမ်းကို ပိုင်သသူကဲ့သို့ မလိုအပ်ပဲ ၀ါကြွားထောင်လွှား တတ်ကြပေသည်။ တိုတောင်းလှသော လူ့ဘ၀အသက်တာကို သေချာစွာဆင်ခြင်မိဖို့ လိုအပ်ပါသည်။ သခင်ယေရှုက မိမိကိုယ်ကို ချီးမြှောက်ခြင်း မပြုပဲ နှိမ့်ချစွာ အသက်ရှင်ရန် သွန်သင်ထားပါသည် (မ ၂၀း၂၆-၂၈။ သူကိုယ်တိုင် သခင်ဖြစ်သော်လည်း မိမိတပည့်တော်တို့၏ခြေကို ဆေးတော်မူ၏ (ယော ၁၃း၎-၁၀)။ ရှင်ပေတရုက အချင်းချင်းတယောက်အောက်တယောက် နှိမ့်ချလျက်နေပြီး နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏။ ထို့ကြောင့် ကာလအချိန်တန်လျှင် ဘုရားသခင်သည် သင်တို့ကို ချီးမြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသော လက်တော်အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့ ဟု ဖော်ပြထားပါသည် (၁ ပေ ၅း၅-၆)။ နှိမ့်ချသောစိတ်နှင့် ပြုကျင့်နေထိုင်ရန် အရေးကြီးလှပါသည်။

နိဂုံး။
အထက်ဖော်ပြပါ အချက်များကို ထာဝရဘုရားသခင် တောင်းတော်မူကြောင်း သိရှိရန်အရေးကြီးပါသည်။ ထိုအချက်များမှတပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရားတောင်းတော်မူသနည်းဟု ပရောဖက် မိက္ခာမှ ဖော်ပြထားသည်ကို ဆင်ခြင်သတိရလျက် မိမိတို့၏အသက်တာ အသီးသီးကို အမြဲဆက်ကပ်အပ်နှံလျက် အသက်ရှင်တတ်ရန် အရေးကြီးလှပါသည်။

ချစ်ခြင်းမေတ္တာ့ဖြင့်၊

ဆရာတော်စီဂျေဟရန်မှုန်း၊ PhD.
Nov. 24, 2015|Monday|
ခေတ္တ Salt Lake City, Utah, USA.

No comments:

Post a Comment