Tuesday, December 29, 2015

"သခင်ဘုရား၌ ဝမ်းမြောက်ခြင်း"

ရွှေကျမ်းချက်။ "သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့" (ဖိလိပ္ပိဩဝါဒစာ ၄:၄)။


လောကကြီးဟာ တစ်နေ့တခြား အနာရောဂါတွေ ဘေးဒုက္ခတွေ ပြသနာတွေနှင့် ရင်ဆိုင်လာရတယ်။ ဝမ်းမြောက်နိုင်စရာတွေလည်း နည်းသထက် နည်းလာပါတယ်။ ဝမ်းမြောက်စရာတွေကလည်း ရှာလေဝေးလေ ဆိုသလို မရှိသလောက်ပါပဲ။ လူတိုင်းရဲ့နှလုံးသားထဲမှာလည်း ငြိမ်သက်ခြင်းတွေ ကင်းမဲ့လာတယ်။ အမောပြေရယ်(ရီ)မောစရာ ရုပ်ရှင်ဇာတ်လမ်းတွေ ဘယ်လောက်ကြည့်ကြည့်၊ လူရွှင်တော်ပြက်လုံးတွေ ဘယ်လောက်နားထောင်နားထောင်၊ လူတွေအတွက် ခဏတာဝမ်းသာစရာ ဖြစ်ပေမယ့် အမြဲတမ်းဝမ်းမြောက်စရာ မဖြစ်စေနိုင်ပါဘူး။ ဘုရားသခင်၌သာ စစ်မှန်သော ဝမ်းမြောက်ခြင်းရှိကြောင်း သခင်ယေရှု သွန်သင်တော်မူခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် တစ်နှစ်တာပတ်လုံး ခံစားရတဲ့ကျေးဇူးတော်များကို ရေတွက်ရင်း သခင်ဘုရား၌ ၀မ်းမြောက်ခြင်း ရှိကြဖို့ လိုပါတယ်။

၁။ လောက၏ ဝမ်းမြောက်ပျော်ရွှင်ခြင်း။
လူတိုင်း အကောင်းဆုံးကို လိုချင်ကြပါတယ်။ ထိုလိုချင်တဲ့အကောင်းဆုံးတွေ ရရှိတဲ့အခါ ၀မ်းသာပျော်ရွှင်တတ်ကြပါတယ်။ ကျနော်တို့ရဲ့အလုပ်တွေ၊ ရည်မှန်းချက်တွေ အောင်မြင်တဲ့အခါ အလွန် ၀မ်းသာပီတိ ဖြစ်ခဲ့ရပါတယ်။ လူတိုင်းနေ့စဉ် ၀မ်းသာပျော်ရွှင်စွာ အမြဲနေနိုင်ကြဖို့ လိုလားပြီး ရှာဖွေနေတတ်ကြပါတယ်။ သို့သော် လောကရဲ့ပျော်ရွှင်မှုတွေကို သုတ္တံဆရာက၊ ရယ်စဉ်မှာပင် ဝမ်းနည်းသောစိတ်သဘောရှိတယ် ရယ်မောရွှင်လန်းခြင်း အဆုံးမှာတော့ စိတ်ညိုးငယ်ခြင်းရှိတတ်တယ် လို့ဆိုထားပါတယ် (သု ၁၄:၁၃)။ လောကရဲ့ပျော်ရွှင်ဝမ်းမြောက်ခြင်းဟာ ခဏတာအတွင်းမှာ ပြန်လည်ပျောက်ကွယ်သွားတတ်ပြီး မတည်မြဲပါဘူး။ သုတ္တံဆရာ ရှောလမုန်လောက် လောကီအပျော်ပါးကြိုက်ပြီး၊ လောကီအပျော်အပါးရှာတာ ဘယ်သူမှ ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် သူရှာခဲ့တဲ့ ဝမ်းမြောက်ပျော်ရွှင်ခြင်းဟာ ဒီလောကထဲမှာ မရှိလို့ မတွေ့ခဲ့ရပါဘူး။ ဒီအကြောင်းကို ကျနော်တို့ ဘယ်လိုသိနိုင်ကြတာလဲ။ ရှောလမုန်ရေးသားတဲ့ ဒေသနာကျမ်းရဲ့ အဖွင့်ထဲမှာ၊ အနတ္တသက်သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တသက်သက် ဖြစ်ကြ၏ လို့ဆိုထားပါတယ် (ဒေသနာ ၁း၂)။ ဒါကြောင့် ဒီလောကမှာ စစ်မှန်တဲ့ ဝမ်းမြောက်ပျော်ရွှင်ခြင်းကို ကျနော်တို့တွေ့ရမှာ မဟုတ်ပါဘူး။ ဘယ်အရာကမှ စစ်မှန်တဲ့ ပျော်ရွှင်ခြင်းကို မပေးနိုင်ဘူးဆိုတာ သေချာလွန်းပါတယ်။

၂။ သခင်ဘုရား၌ ဝမ်းမြောက်ပျော်ရွှင်ခြင်း။
သခင်ယေရှုက ယုံကြည်သူ ၇၀ ဦးကို ရွေးချယ်ပြီး မြို့ရွာအရပ်ရပ်ဆီသို့ နှစ်ယောက်စီ နှစ်ယောက်စီ စေလွှတ်စေခိုင်းခဲ့တယ်။ သခင်ယေရှုစေခိုင်းတဲ့အတိုင်း သွားရောက်ပြီး အောင်မြင်မှုတွေနှင့် ပြန်လာတဲ့ တပည့်တော်တွေက၊ သခင်၊ ကိုယ်တော်၏ နာမအားဖြင့် အကျွန်ုပ်တို့သည် နတ်ဆိုးကိုပင် နိုင်ပါသည်၊ လို့ဝမ်းမြောက်စွာ သက်သေခံခဲ့ကြတယ် (လု ၁၀း၁၇)။ ဒါပေမယ့် သခင်ယေရှုကတော့ ဝမ်းမြောက်ခြင်းကို ကိုယ်လုပ်နိုင်တဲ့အပေါ်မှာ မထားပဲ ဘုရားလုပ်ပေးတဲ့ အရာပေါ်မှာထားဖို့၊ နတ်ဆိုးကိုအနိုင်ရသောကြောင့်သာ ၀မ်းမြောက်ခြင်းမရှိကြနှင့်။ သင်တို့၏နာမည်များသည် ကောင်းကင်စာရင်း၌ ၀င်သည်ကို ၀မ်းမြောက်ခြင်း ရှိကြလော့၊ လို့ပြန်ပြောလိုက်ပါတယ် (လု ၁၀း၂၀)။ ဒါ့အပြင် အခုလိုအောင်နိုင်ခြင်းဟာ သူတို့ရဲ့ စွမ်းဆောင်နိုင်တာမဟုတ်ဘဲ ဘုရားသခင်ရဲ့ အလိုတော်ရှိသောကြောင့်သာ ဖြစ်ကြောင်း ပြောဆိုသွားပါတယ် (လု ၁၀း၂၁)။

ဆိုလိုချင်တာကတော့ လူဆိုတာ လုပ်နိုင်ပြီး အောင်မြင်တဲ့အချိန်ရှိသလို၊ မလုပ်နိုင်ဘဲမအောင်မြင်နိုင်တဲ့အချိန်ရှိပါတယ်။ သခင်ယေရှု သွန်သင်ချင်တာကတော့ အခြေအနေနှင့် ကိုယ့်ရဲ့လုပ်ဆောင်နိုင်မှုတွေကို ကြည့်ပြီးမှ ဝမ်းမြောက်မယ်ဆိုရင် အသက်တာမှာ ဘယ်တော့မှ ဝမ်းမြောက်ခြင်းရဲ့အနှစ်သာရကို ရရှိနိုင်မှာ မဟုတ်ပါဘူး ဆိုတာ ဖြစ်ပါတယ်။ ဟဗက္ကုတ် ကတော၊ သင်္ဘောသဖန်းပင်မပွင့်ရ၊ စပျစ်ပင် မသီးရ၊ သံလွင်ပင်၏ကျေးဇူးကို မြော်လင့်၍ မခံရ၊ လယ်တို့သည် အသီးအနှံကို မပေးရ၊ သိုးခြံ၌သိုးကုန်၍ တင်းကုပ်၌ နွားမရှိရ။ သို့သော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက်၍၊ ငါ့ကိုကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြုလျက် ရွှင်လန်းမည်။ လို့ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ် (ဟ ၃:၁၇-၁၈)။ သူ့အလုပ်ထဲမှာ မျှော်လင့်စရာ မရှိပါဘူး။ သူ့အလုပ်ကိုကြည့်မယ်ဆိုရင် လုံးဝ အားရစရာ ဝမ်းမြောက်စရာ မကောင်းပါဘူး။ ဒါပေမယ့်လည်း ဘုရားထဲမှာပဲ ဝမ်းမြောက်မယ်လို့ လုံးဝဆက်ကပ်အပ်နှံထားပါတယ်။ ဒါဟာ သခင်ယေရှုက ယုံကြည်သူတွေဆီမှာ အဓိကသွန်သင်ပေးထားတဲ့အချက် ဖြစ်ပါတယ်။

နိဂုံး။
ဘာလို့ ယုံကြည်သူများ အမြဲ ၀မ်းမြောက်ပျော်ရွှင်နိုင်တာလည်း လို့ဆိုရင် ကိုယ်တော်နှင့်အတူ အမြဲတမ်း ဆက်သွယ်နေလို့ဖြစ်ပါတယ်။ စစ်မှန်သော ၀မ်းမြောက်ခြင်းဟာ ဘုရားသခင်ဆီမှာဘဲ ရှိပါတယ်။ လူ့လောက ခဏတာဘ၀လေးမှာ ကျနော်တို့ရဲ့အသက်တာကို ကိုယ်တော်ရှင်က အမြဲတမ်း အုပ်စိုးနေမယ်ဆိုရင် အမြဲဝမ်းမြောက်နိုင်မှာ ဖြစ်ပါတယ်။ တမန်တော်တွေလည်း သူတို့ရဲ့တရားဟောပြောမှုကြောင့် ခေါ်ယူအပြစ်ပေးခြင်း၊ အရှက်ကွဲခြင်းခံခဲ့ရပါတယ်။ အလွန်ဝမ်းနည်းစရာကောင်းလှပါတယ်။ သို့သော်သူတို့က သခင်ယေရှု၏ နာမတော်ကြောင့် အရှက်ကွဲခြင်းကို ခံထိုက်ကြတယ်လို့ မှတ်ယူကြတဲ့အတွက် ဝမ်းမြောက်တယ်ဆိုတာ တွေ့ရတယ် (တ ၅:၄၀-၄၁)။ ဘာကြောင့်လည်းဆိုတော့ အရင်ကလို မိမိတို့ လုပ်ဆောင်ချက်ပေါ်မှာ၊ အခြေအနေပေါ်မှာ ဝမ်းမြောက်တာ မဟုတ်ပဲ သခင်ဘုရား၌၊ သခင်ဘုရား လုပ်သမျှ တွေ့ကြုံစေသမျှ အပေါ်မှာ ဝမ်းမြောက်နိုင်ကြတဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် ရှင်ပေါလုက၊ သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့ ဆိုပြီး ရှင်းရှင်းလင်းလင်း ပြောဆိုထားခြင်း ဖြစ်ပါတယ် (ဖိ ၄း၎)။ ကျနော်တို့ယုံကြည်သူအားလုံး သခင်ဘုရား၌သာ ဝမ်းမြောက်ပျော်ရွှင်ကြပါစို့။

ချစ်ခြင်းမေတ္တာဖြင့်၊

သိက္ခာတော်ရဆရာတော် စီဂျေဟရန်မှုန်း၊ PhD.
Dec. 27, 2015|Sunday|2:00pm.
Salt Lake City, Utah, USA.

No comments:

Post a Comment