Wednesday, February 17, 2016

တောင်းမယ်၊ ရှာမယ်၊ ခေါက်မယ်



2016 တရားဟောချက် (၄)
တောင်းမယ်၊ ရှာမယ်၊ ခေါက်မယ်
“တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။ တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်၏” (မသဲ ၇း၇)။

ဒီကျမ်းချက်လေးကတော့ ယုံကြည်သူတိုင်းအားလုံးနီးပါး အလွတ်ရတဲ့၊ ခရစ်ယာန်တွေအကြားရေပန်းစားတဲ့ ကျမ်းချက်လေး တစ်ချက်ပါ။ ဘုရားသခင်ထံဆုတောင်းရမယ့်အချက်နှင့် ပတ်သက်ပြီး သခင်ယေရှုကိုယ်တိုင် ပြောသွားတဲ့ကျမ်းချက် ဖြစ်ပါတယ်။ ဆုတောင်းခြင်းဆိုတာ ဘုရားသခင်နှင့် အပြန်အလှန်စကားပြောဆိုခြင်းဖြစ်ပါတယ်။ ဘုရားသခင်က သူ့ရဲ့သားသမီးတိုင်းနှင့် မိတ်သဟာရဖွဲ့ချင်၊ စကားပြောချင်သောသူဖြစ်တဲ့အတွက် လမ်းဖွင့်ပေးထားတာ ဖြစ်တယ်။

၁။ တောင်းရမယ်။
ဘုရားသခင်က လူတိုင်းရဲ့လိုအပ်ချက်တွေကို လူတွေမတောင်းခင်ကပင် သိသောဘုရား ဖြစ်ပေမယ် လူတွေရဲ့ဖွင့်ဟတောင်းဆိုမှုကို သဘောကျနှစ်ခြိုက်သူဖြစ်တယ်။ မျက်စိမမြင်တဲ့ဗာတိမဲဟာ ယေရှုဆီကို ရောက်လာတဲ့အခါမှာ ဘာလိုလည်းဆိုတာကို ယေရှုကမေးတယ်။ ယေရှုက အရာခပ်သိမ်းကို သိသူဖြစ်သော်လည်း ဗာတိမဲကိုယ်တိုင် သူ့လိုအပ်ချက်ကို ဖွင့်ဟပြောဆိုတာကို လိုချင်တယ် (မာ ၁၁း၄၆-၅၂)။ ဒါကြောင့် ကျနော်တို့လိုအပ်ချက်အတွက် ကိုယ်တိုင် ထုတ်ပြောတာကို ဘုရားသခင်က လိုချင်တယ်။ ဘုရားသခင်က ကျနော်တို့တောင်းဆိုတာထက် ပိုကောင်းတဲ့အရာကိုတောင် ပေးဖို့တတ်စွမ်းနိုင်သူ ဖြစ်တယ် (ဧဖက် ၃း၂၀)။

တောင်းကြလော့လို့ ပြောတဲ့အခါမှာ သူတောင်းစားတစ်ယောက်က တောင်းသလိုမျိုး တောင်းဖို့ ခိုင်းတာမဟုတ်ဘူး။ သေရေးရှင်ရေးအတွက် အသက်ဆက်ဖို့ တောင်းသလိုမျိုးနှင့် တောင်းခိုင်းတာလည်းမဟုတ်ဘူး။ ဘာသာရေးထုံးစံအရ တောင်းဖို့ပြောတာလည်း မဟုတ်ပါဘူး။ သားတစ်ယောက်က သူ့အဖေကို စိတ်ချမှုအပြည့၊့် ရဲရင့်မှုအပြည့်နှင့် တောင်းဆိုသလိုမျိုးနှင့် တောင်းရမှာပါ။ တောင်းတဲ့အခါမှာလည်း လောကဖခင်တွေတောင် ငါးကိုတောင်းရင်မြွေကို မပေးဘူးဆိုရင် ကောင်းကင်ဖခင်က ပိုကောင်းတဲ့အရာကို ပေးမယ်ဆိုတာ စိတ်ချမှုအပြည့်နှင့် တောင်းစေချင်တာ ဖြစ်ပါတယ် (မ ၇း၉-၁၁)။ တောင်းတာထက် ကောင်းတာကိုပေးမယ်ဆိုတဲ့ ယုံကြည်ခြင်း၊ စိတ်ချခြင်းအပြည့်နှင့် တောင်းဖို့ဖြစ်ပါတယ်။ တောင်းရင်ရမယ်လို့ ဘုရားသခင်က ကတိပေးတဲ့အခါမှာ သူ့ရဲ့သားသမီးတွေကို ပေးချင်လွန်းလို့ဆိုတာကို မမေ့ကြဖို့ လိုပါတယ်။

၂။ ရှာရမယ်
ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့် အချိန်ယူခြင်းဆိုတာ ဘုရားမျက်နှာတော်ကိုရှာခြင်း၊ ဘုရားသခင်နှင့် နက်နဲစွာအချိန်ယူခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အသက်တာထဲမှာ ဘုရားသခင်အသက်ရှင်စေချင်တဲ့ အလိုတော်ကို ရှာဖွေခြင်းလည်း ဖြစ်ပါတယ်။ ဘုရားသခင်နှင့်အချိန်ယူလေလေ ကျနော်တို့အသက်တာမှာ ဘုရားသခင်နှင့် ရင်းနှီးလေ ဖြစ်စေသလို၊ ကျနော်တို့အပေါ်မှာ ဘုရားသခင်အသက်ရှင်စေချင်တဲ့ ဆန္ဒကိုလည်း သဘောပေါက်လေ ဖြစ်စေတယ်။ တွေ့နိုင်တဲ့ကာလမှာ ဘုရားသခင်ကိုရှာဖို့ ဆုတောင်းဖို့ လိုတယ် (ဟေရှာယ ၅၅း၆)။ ဘုရားသခင်ကိုမတွေ့နိုင်၊ ဘယ်လောက်ခေါ်ခေါ် မထူးတော့တဲ့ကာလ ရောက်လာဖို့ရှိပါသေးတယ် (အာမုတ် ၈း၁၁-၁၃)။ ဒါကြောင့် ကျနော်တို့ ဆုတောင်းတဲ့အခါမှာ၊ ဘုရားသခင်အနီးကို ချဉ်းကပ်ခွင့်ရတဲ့အချိန်မှာ၊ ဘုရားသခင်နှင့် အချိန်ယူတတ်ဖို့ တကယ်လိုပါတယ်။ ဘုရားသခင်နှင့် အချိန်ယူဆုတောင်းလေ၊ ကျနော်တို့အသက်တာမှာ ရှာနေတဲ့အရာတွေ၊ လိုအပ်နေတဲ့အရာတွေနှင့် ပြည့်စုံလေ ဖြစ်ပါမယ်။

တောင်းကြလော့ ဆိုတဲ့နေရာမှာပဲ ရပ်တန့်ဖို့မဟုတ်ပါဘူး။ တစ်ကယ်လို့ တောင်းလို့မှ တစ်စုံတစ်ရာ မထူးခြားခဲ့ရင် ရှာရမယ်ဆိုတာကို သိထားဖို့လိုတယ်။ တောင်းကြလော့ဆိုတဲ့နေရာမှာပဲ ကိုယ်တော်ရဲ့စကားက မဆုံးသွားဘူး၊ ရှာကြပါဆိုတာ ဆက်ပြောထားတယ်။ ကျမ်းစာကို မိမိလိုချင်တဲ့အပိုင်းပဲ ရွေးဖတ်ပြီးစိတ်ဓါတ်ကျနေတဲ့ လူတွေရဲ့အသက်တာမှာ အဖြေမရတာလေး
နှင့်တင် စိတ်ဓါတ်ကျပြီးတော့ ပိုပြီးဆုံးရူံးတဲ့အသက်တာကို ရောက်မှန်းမသိ ရောက်သွားတတ်တယ်။ ဘာကြောင့် မရတာလည်းဆိုတဲ့အဖြေကို နှုတ်ကပါတ်တော်ထဲမှာ ရှာဖို့လိုပါတယ်။ ကာမဂုဏ် ခံစားဖို့အတွက် အလွဲတောင်းရင်တော့ မရဘူးလို့ ရှင်ယာကုပ်က အတိအလင်း ဖော်ပြထားတယ် (ယာကုပ် ၄း၃)။ တရားမနာ လွှဲသွားရင် ဆုတောင်းတဲ့အရာက စက်ဆုပ်ရွံရှာဖွယ်ဖြစ်တယ်လို့ သုတ္တံဆရာကဆိုတယ်မဟုတ်လား (သုတ္တံ ၂၈း၉)။ ဒါကြောင့် ကျနော်တို့ ဆုတောင်းတာ ဘာကြောင့်မရသလဲဆိုတဲ့ အဖြေကို နှုတ်ကပါတ်တော်ထဲမှာ ရှာကြရမှာ ဖြစ်ပါတယ်။

၃။ ခေါက်ရမယ်။
သခင်ယေရှုက ဥပမာတစ်ခုပေးထားတယ်။ တစ်နေ့အဆွေခင်ပွန်းတစ်ယောက်ဆီမှာ လူတစ်ယောက်က သူ့လိုအပ်ချက်အတွက် ညသန်းခေါင်အချိန်မှာ ရောက်လာတယ်။ အားလုံးအိပ်တဲ့အချိန်ရောက်ပေမယ့် သူက တံခါးကိုအဆက်မပြတ်ခေါက်နေတယ်။ သူ့မိတ်ဆွေက ငါတို့အိပ်နေပြီ။ ဒါကြောင့်နောက်နေ့မှ လာပါလို့ပြောပေမယ့် မရပါဘူး၊ တံခါးကိုဆက်ခေါက်နေတယ်။
နောက်ဆုံး ထပြီးတော့ လိုတာပေးတယ်လို့ ဆိုထားတယ် (လုကာ ၁၁း၅-၈)။

ဒီလိုပါဘဲ၊ တစ်ခါတစ်ရံ ကနော်တို့အသက်တာမှာ ပိတ်ဆို့နေတာတွေ၊ လမ်းမပွင့်တာတွေ၊ တစ်စုံတစ်ရာက ဆီးတားထားသလိုမျိုးပုံစံနှင့် ခံစားနေရတာတွေရှိတတ်ပါတယ်။ အဲဒီလိုဖြစ်ခဲ့မယ်ဆိုရင် ဘုရားသခင့်ဆီကို မလျော့သောဇွဲနှင့် ဆက်ပြီးဆုတောင်းရမှာ ဖြစ်ပါတယ်။ စိတ်နှလုံးအကြွင်းမဲ့ဆုတောင်းခြင်းဆိုတာ ဘုရားသခင်ဆီကို တံခါးခေါက်တာနှင့် တူပါတယ်။ ဆုတောင်းခြင်းနှင့် ကောင်းကင်တံခါးကို ခေါက်တဲ့အခါ နောက်ဆုံးတံခါးအားလုံး ပွင့်လာပါမယ်။ ကျနော်တို့အနေနှင့် တံခါးမပွင့်မချင်း ခေါက်ရပါမယ်။ ဘုရားသခင်က တံခါးကိုခေါက်ရင် ဖွင့်မယ်လို့ ဂတိပေးထားတယ်။

နိဂုံး။
သခင်ယေရှုမိန့်မှာထားတဲ့အတိုင်း ကျနော်တို့ယုံကြည်သူတွေအနေနှင့် ဘုရားသခင့်ဆီကို တောင်းကြပါစို့။ မရမချင်း တောင်းကြပါစို့။ ရှာကြပါစို့။ တံခါးကို ခေါက်ကြပါစို့။ ကျနော်တို့ ယုံကြည်ခြင်းအပြည့်နှင့် တောင်းလို့၊ ရှာလို့ ဘုရားရဲ့ဂတိတော်ကို ရပြီ၊ တွေ့ပြီ၊ ဘုရားဖော်ပြချက်ရှိပြီဆိုရင် လက်မလျှော့ပဲ မရမချင်း တောင်းဖို့ပါပဲ။ ဒီနေ့လူတွေက တစ်ရက်နှစ်ရက် တောင်းလို့မရ၊ ရှာလို့မရရင်၊ ခေါက်လို့မဖွင့်ရင် လွယ်လွယ်နှင့် လက်လျှော့ချင်တတ်ကြတယ်။ ကျနော်တို့ အဆက်မပြတ် လုပ်ဆောင်ရယ့်အရာကတော့ မရမချင်း လက်မလျှော့ပဲ တောင်းဖို့၊ ရှာဖို့၊ ခေါက်ဖို့ပါပဲ။

ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော်ဒေါက်တာစီဂျေဟရန်မှုန်း၊ PhD.
ခေတ္တ Des Moines, IOWA, USA.
January 30, 2016|Saturday|11:30pm.

No comments:

Post a Comment