Wednesday, February 17, 2016

ဘုရားသခင်နှင့် ကျွမ်းဝင်ခြင်း



2016 တရားဟောချက် (၂)
ဘုရားသခင်နှင့် ကျွမ်းဝင်ခြင်း
“ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကိုလည်းကောင်း၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့် ကျွမ်းဝင်ခြင်းကိုလည်းကောင်း၊ ငါနှစ်သက်၏” (ဟောရှေ ၆း၆)။

ဘုရားသခင်ကို ကိုးကွယ်တဲ့အခါမှာ အရေးကြီးတဲ့အချက်တစ်ခုကတော့ ဘုရားသခင်နှင့် ကျွမ်းဝင်ဖို့လိုပါတယ်။ ဒီလိုကျွမ်းဝင်ဖို့အတွက် ဘုရားသခင်နှစ်သက်တဲ့အရာကို သိဖို့လိုပါတယ်။ လူတွေအချင်းချင်း မိတ်ဆွေအဖြစ် ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံကြတဲ့အခါ သူဘာနှစ်သက်သလဲ၊ မနှစ်သက်သလဲဆိုတာ သေချာသိဖို့လိုပါတယ်။ မိသားစုထဲမှာလည်း အိမ်ထောင်သက် ကြာလာတဲ့အခါ အချင်းချင်း ဘာနှစ်သက်သလဲဆိုတာ သိရှိလာနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ယုံကြည်သူ ခရစ်ယာန်တွေကတော့ ခရစ်ယာန်ဖြစ်တာ ဘယ်လောက်ကြာကြာ ဘုရားအကြိုက်တွေ၊ ဘုရားနှစ်သက်တာတွေကို မသိကြပါဘူး၊ သိဖို့လည်း မလုပ်ကြဘူး၊ သိလည်းမသိချင်ကြဘူး။ ဒါတွေဟာ ဘုရားသခင်နှင့် ကျွမ်းဝင်မှု မရှိလို့၊ လူ့ဇာတိအလိုဆန္ဒတွေကို ဦးစားပေးလို့လည်း ဖြစ်ပါလိမ့်မယ်။ ဒီနေ့ ကျနော်တို့ ယုံကြည်သူတွေရဲ့အသက်တာမှာ ဘုရားသခင်နှင့် ကျွမ်းဝင်မှုရှိပြီး  ဘုရားသခင်က ဘာကို နှစ်သက်သလဲဆိုတာ သိဖို့၊ စိတ်ဝင်စားဖို့ လိုအပ်လှပါတယ်။

၁။ ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်း ကရုဏာအကျင့်
ကျမ်းစာကို ဖတ်ရှုလေ့လာတဲ့အခါ ယဇ်ပူဇော်ခြင်းဆိုတာ အဓိကအားဖြင့် ဘုရားသခင်နှင့် မိတ်သဟာရဖွဲ့ဖို့ ဖြစ်တယ် ဆိုတာသိရပါတယ်။ ဘုရားသခင်နှင့် ယုံကြည်သူတွေ အကြားက အပြစ်ဆိုတဲ့အရာကို ပယ်ရှားဖို့လည်း ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေက ဘုရားသခင် ခိုင်းတဲ့အရာကို ၀တ်ကျေတန်းကျေပဲ လုပ်ပြီး လေးလေးနက်နက် မထားတတ်ကြပါဘူး။ ယဇ်တော့ပူဇော်ပါတယ်၊ ဒါပေမယ့် စိတ်နှလုံးသားထဲကနေ ဘုရားသခင်ကို လေးလေးနက်နက် မချစ်ပဲ ယဇ်ပူဇော်နေသလား ဆိုတာကို ပြန်စဉ်းစားဖို့ လိုပါတယ်။ ဘုရားသခင်ကိုချစ်တဲ့ စိတ်နေစိတ်ထားတွေကို ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်။ ဘုရားသခင်စေခိုင်းတဲ့ အရာတွေကို စိတ်နှလုံးထဲကနေ လုပ်ချင်စိတ် မရှိတော့တာတွေလည်း သတိထားသင့်တဲ့အရာတွေပါပဲ။

သခင်ယေရှုက ညီအစ်ကိုနှင့် မသင့်မြတ်ပဲ ယဇ်ပူဇော်ခြင်းကိုမလုပ်ဖို့၊ ညီအစ်ကိုနှင့် အရင်ဦးစွာ သင့်တင့်ပြီးမှသာ ယဇ်ပူဇော်ဖို့ မှာထားပါတယ် (မ ၅း၂၃)။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် ညီအစ်ကိုမောင်နှမတွေအပေါ်မှာ သနားကြင်နာခြင်းတွေ၊ ဂရုဏာတရားတွေကို ပိုမိုထားရှိဖို့ လိုပါတယ်။ ဘုရားသခင်ပေးထားတဲ့ ညီအစ်ကိုမောင်နှမ၊ ယုံကြည်သူတွေကို မချစ်ဘူး၊ ဘုရားသခင်ချစ်တဲ့ တန်ဖိုးထားတဲ့ ပျောက်ဆုံးဝိညာဉ်တွေအပေါ်မှာလည်း သနားခြင်းဂရုဏာတွေ ကိုယ်ချင်းစာနာတရားတွေ မရှိဘူးဆိုရင် ကျနော်တို့ လုပ်သမျှအားလုံးဟာ ဘုရားသခင့် မျက်မှောက်တော်မှာ လက်ခံလောက်တဲ့အရာတွေ မဟုတ်ပါဘူး။ တခြားအရာတွေကို ဘယ်လောက်ပဲ အကောင်းဆုံးလုပ်ဆောင်ပါစေ၊ ဘုရားသခင်နှစ်သက်တဲ့ စိတ်နေစိတ်ထားတွေနှင့် လုပ်ဆောင်နိုင်ဖို့ပဲ အရေးကြီးပါတယ်။

၂။ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့် ကျွမ်းဝင်ခြင်း
ပထမအချက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ယဇ်ပူဇော်ခြင်းရဲ့ အနစ်သာရဆိုတာ ဘုရားသခင်နှင့် ရင်းနှီးစွာမိတ်သဟာရ ဖွဲ့ဖို့ဖြစ်ပါတယ်။ ဘုရားသခင်နှင့် နီးကပ်စွာ အသက်ရှင်နိုင်ဖို့ဖြစ်ပါတယ်။ ဘုရားသခင်အတွက် ယဇ်ပလ္လင်တည်ပြီးတော့ ကိုးကွယ်မယ်ဆိုရင် ကျနော်တို့ ကိုးကွယ်တဲ့အရပ်ကို ဘုရားသခင် ကြွလာပြီး ကောင်းချီးပေးမယ်လို့ ပြောထားတယ် (ထွက် ၂၀း၂၄)။ ဒါပေမယ့် ယဇ်တွေပူဇော်ပြီးတော့ ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်မှု မတိုးတက်လာတာကတော့ မေးခွန်းထုတ်စရာ ဖြစ်လာရပါတယ်။

ဒီနေ့ယုံကြည်သူတွေဟာ ဘုရားကျောင်းကို ပုံမှန်လာတယ်၊ ဘုရားသခင်ကို ၀တ်ပြုကိုးကွယ်ကြတယ်၊ အလှုတော်ငွေတွေ ပေးလှုကြတယ်၊ ချီးမွမ်းသီချင်းတွေ သီဆိုကြတယ်၊ ဘုရားသခင်ရဲ့နှုတ်ကပါတ်တော်ကို နားထောင်ခွန်အားယူကြတယ်။ ဒါပေမယ့် ကျနော်တို့အသက်တာတွေ ပြန်ကြည့်တဲ့အခါ ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်မှုမှာ တိုးတတ်သင့်သလောက် မတိုးတက်တာဟာ အံ့အားသင့်စရာပါ။ ဒါကြောင့် ဘုရားသခင်က ကျနော်တို့ဘာတွေပဲ လုပ်နေလုပ်နေ၊ ဘယ်ဘုရားကျောင်းကိုပဲ တက်တက်၊ သူနှင့် ပိုမို ရင်းနှီးစေချင်တယ်၊ ပိုမို နီးကပ်စေချင်တာပါ။ ဘုရားနှစ်သက်တာကို သိသူ လက်တွေ့လုပ်ဆောင်သူ ဖြစ်ကြဖို့ အရေးကြီးလှပါတယ်။ ကျနော်တို့ရဲ့ ပူဇော်ဆက်ကပ်မှုတွေ အရေးကြီးလှသလို၊ ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်ဖို့ဟာ သိပ်အရေးကြီးပါတယ်။ ဘုရားသခင်နှစ်သက်တော်မူတာကတော့ သူနှင့် ရင်းနှီးကျွမ်းဝင်မှုရှိကြဖို့ပဲ ဖြစ်ပါတယ်။

နိဂုံး
ကျနော်တို့ ယုံကြည်သူများအနေဖြင့် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ခင်ယုံကြည်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်နိုင်မှာပါ။ ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်ရင်တော့ သူဖန်ဆင်းထားတဲ့ လူတွေအပေါ်မှာ သနားကြင်နာနိုင်မှာပါ။ ဒါမှသာ ဘုရားသခင်နှစ်သက်တဲ့အရာတွေကို ကျနော်တို့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ပိုကောင်းတဲ့အရာကတော့ ဘုရားသခင်နှစ်သက်တဲ့ အရာတွေကို သိရှိလုပ်ဆောင်ပြီး သူ့ရဲ့အလိုတော်အတိုင်း အသက်ရှင်နေထိုင်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် “အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏” (၁ရာ ၁၅း၂၂) ဆိုတဲ့ကျမ်းချက်ကို သတိရပြီး ဘုရားသခင်နှစ်သက်တဲ့အရာကို နှလုံးသွင်းဆင်ခြင်လျက် အသက်ရှင်ကြပါစို့။

ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော်စီဂျေဟရန်မှုန်း၊ PhD.,
ခေတ္တ Salt Lake City, Utah, USA.
January8, 2016|Friday|1:11pm.

No comments:

Post a Comment