Wednesday, February 17, 2016

ခရစ်တော်တဖန် မကြွရောက်သေးခင်မှာ



2016 တရားဟောချက် (၅)
ခရစ်တော်တဖန် မကြွရောက်သေးခင်မှာ။
“အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း  နိုင်ငံတော်နှင့် ယှဉ်သော ဧ၀ံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ် ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ဖြစ်လတံ့” (မသဲ ၂၄း၁၃-၁၄)။

ယုံကြည်သူတစ်ယောက်ဟာ မိမိယုံကြည်ချက်အပေါ်မှာ အဆုံးတိုင်အောင် တည်ကြည်ဖို့ လိုပါတယ်။ သခင်ခရစ်တော်အပေါ်မှာ အဆုံးတိုင်အောင် သစ္စာစောင့်သိဖို့ လိုပါတယ်။ လောကမှာ အသက်ရှင်နေထိုင်ကြတဲ့ လူသားတိုင်း ခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံပြီး ကယ်တင်ခြင်းစိတ်ချမှု ရှိကြဖို့ရန် ယေရှုခရစ်တော် ပြန်မလာမီ ဧ၀ံဂေလိတရားနှင့် ကယ်တင်ခြင်းသတင်းကောင်းကို ဟောပြောသက်သေခံကြရမှာပါ။ ယေရှုခရစ်တော် တဖန်ပြန်လာမယ်ဆိုတာ သမ္မာကျမ်းစာအားဖြင့် သိရှိထားပြီး ဖြစ်တယ်။ ယုံကြည်သူတိုင်း ခရစ်တော်ပြန်မလာမီ လူတိုင်း သမ္မာတရားကိုသိပြီး ကယ်တင်ခြင်းရရှိနိုင်ဖို့ မဖြစ်မနေ ဟောပြောသက်သေခံရမှာကတော့ ဘုရားပေးတာဝန် ဖြစ်ပါတယ်။


၁။ သခင်ယေရှုပြန်လည်ကြွလာမည်။
ဘယ်အချိန်မှာ ယေရှုခရစ်တော် ဒုတိယအကြိမ်ပြန်လာမလည်းဆိုတဲ့မေးခွန်းကတော့ ဒီနေ့ အမေးခံရဆုံးနှင့် လူတိုင်းသိချင်တဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ဒီအဖြေကိုတော့ ယုံကြည်သူတွေသာမက မယုံကြည်သေးသူတွေကလည်း စိတ်ဝင်တစားရှိကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ သမ္မာကျမ်းစာကို သေချာဖတ်မယ်ဆိုရင်တော့ သခင်ခရစ်တော်ပြန်လာရင် ဖြစ်လာမည့်နိမိတ်တွေလို့ ပြောထားတဲ့အရာတွေကလည်း တော်တော်လေးကို ပြည့်စုံလုနီးပါးဖြစ်နေလို့ ဖြစ်ပါလိမ့်မယ်။ သခင်ယေရှုကိုယ်တိုင်ရော၊ ရှင်ပေါလုနှင့် ရှင်ပေတရုတို့ကပါ ပြန်လာမယ့်အချိန်ဟာ သူခိုးလာသလို ဖြစ်လိမ့်မယ်လို့ ပြောထားခဲ့ပါတယ် (မ ၂၄း၄၂-၄၃၊ ၁သက် ၅း၂၊ ၂ပေ ၃း၁၀)။ ပြန်လာမယ်အချိန်နှင့် ပတ်သက်ပြီး သခင်ယေရှုကိုယ်တိုင်က ခမည်းတော်ကလွဲပြီး ကောင်းကင်တမန်တွေတောင်မသိဘူးလို့ အတိအလင်း မိန့်ဆိုထားခဲ့တယ် (မ ၂၄း၃၆)။ ဒါပေမယ့် အချို့ယုံကြည်သူတွေက သခင်ယေရှုထက်တောင် သူပြန်လာမယ့်အချိန်ကို သိလွန်းကြလို့ အမျိုးမျိုးခန့်မှန်း ပြောဆိုနေကြတာကတော့ သတိထားဆင်ခြင်ရမှာ ဖြစ်ပါတယ်။ သခင်ယေရှုတောင်မှ အတိအကျမပြောနိုင်တဲ့အချိန်ကို လူတွေကတွက်ချက်ပြီး ပိုသိတယ်ဆိုတာ လုံးဝသဘာဝမကျပါဘူး။ သခင်ယေရှုက သူပြန်လာမယ့်အကြောင်းနှင့် ပတ်သက်ပြီး သိသာတဲ့အချက်၊ အရိပ်မြွက်လေးတွေပဲ ပြောပါထားခဲ့ပါတယ်။ အဲဒါကတော့ ဒီကမ္ဘာမြေကြီးပေါ်မှာ ဆိုက်ရောက်မယ့် ကပ်ဘေးဆိုးတွေပဲဖြစ်ပေါ်လာမှာမဟုတ်ပဲ မြေကြီးဆုံးတိုင်အောင် နိုင်ငံတော်နှင့်ယှဉ်သော ဧ၀ံဂေလိတရားကို အရင်ဟောပြော ရဦးမယ်၊ ပြီးမှအဆုံးဖြစ်မယ်လို့ ဆိုထားပါတယ် (မ ၂၄း၂၉-၃၀)။

၂။ ဘုရားသခင်၏ တန်ခိုးတော်။
ကျနော်တို့ ကိုးကွယ်တဲ့ ဘုရားသခင်ဟာ အသက်ရှင်တော်မူပြီး ဘုန်းတန်ခိုးတော်နှင့် ပြည့်စုံတော်မူသော ထာဝရဘုရားသခင် ဖြစ်ပါတယ်။ ရှင်ပေါလုက  “ငါသည် ခရစ်တော်၏ ဧ၀ံဂေလိတရားကြောင့် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေးဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏” လို့ဆိုထားပါတယ် (ရောမ ၁း၁၆)။ ဒါကြောင့် ဧ၀ံဂေလိတရား ဟောတဲ့နေရာတိုင်း၊ ကြားရတဲ့လူတိုင်းအပေါ်မှာ ဘုရားသခင်ရဲ့တန်ခိုးတော်ဟာ အမြဲသက်ရောက်ပါတယ်။ ကျနော်တို့ဟာ ဟောပြောသက်သေခံ နေကြတဲ့ ယုံကြည်သူတွေဖြစ်တယ်ဆိုရင် တန်ခိုးရှိတဲ့ ဘုရားသခင်ရဲ့သားသမီးများ ဖြစ်ကြပါတယ်။ ဘုရားသခင်ရဲ့ မဟာတန်ခိုးတော်ကို မြင်တွေ့ခံစားရဖို့အတွက် ဘုရားသခင်ရဲ့တန်ခိုးတော်ပါတဲ့ ဧ၀ံဂေလိသတင်းကောင်းကို ဟောပြောသက်သေခံဖို့ လုံးဝလိုပါတယ်။ ဖိလိပ္ပုက နှုတ်ကပတ်တော်တည်းဟူသော ဧ၀ံဂေလိတရားကို ဟောပြောတဲ့အခါမှာ ဘုရားသခင်ရဲ့တန်ခိုးတော်သက်ရောက်လာပြီး ကြားနာသူတွေထဲက နတ်ဆိုးတွေဟာ ပြင်းထန်စွာ အော်ဟစ်ထွက်သွားတယ်ဆိုတာကို တွေ့ရှိနိုင်ပါတယ် (တ ၈း၎-၇)။ ဧ၀ံဂေလိတရားကြားနာရတဲ့၊ ဟောပြောနေတဲ့ အသင်းတော်တိုင်းမှာ ဘုရားသခင်ရဲ့တန်ခိုးတော်ဟာ အမြဲတမ်း အလုပ်လုပ်ပါတယ်။ အဲဒီဘုရားသခင်ရဲ့ ဧ၀ံဂေလိတရားကို ဟောပြောတဲ့ လူတွေကိုယ်တိုင်လည်း ဘုရားသခင်ရဲ့တန်ခိုးတော်ကို အမြဲထိတွေ့ခံစားနိုင်ပါတယ်။

၃။ ဧ၀ံဂေလိတရားကို ဟောပြောခြင်း
ရှင်ပေါလုရဲ့အသက်တာဟာ ဧ၀ံဂေလိတရားကို ဟောပြောခြင်းနှင့် လုံးဝခွဲခြားလို့မရပါဘူး။ ခရစ်တော်ယေရှုနှင့် ဒမသက်လမ်းပေါ်မှာ ထိပ်တိုက်ရင်ဆိုင်ရကတည်းက ဧ၀ံဂေလိတရားဟောပြောခြင်းကိုသာ သူ့ဘ၀တလျှောက်လုံး တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် ရှင်ပေါလုက “ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ ကြွေးသည် ငါ၌ တင်လျက်ရှိ၏” လို့ပြောပါတယ် (ရောမ ၁း၁၄)။ ဒါကို ကြည့်ခြင်းအားဖြင့် ရှင်ပေါလုက လူတွေကို မြင်တဲ့အချိန်မှာ သာမာန်လိုမမြင်ပါဘူး၊ သူအကြွေးဆပ်ရမယ့်လူတွေ၊ သူတို့ကို ဟောပြောဖို့ အကြွေးရှိတဲ့သူ လို့ သူ့ကိုယ်သူမြင်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ ပတ်ဝန်းကျင် မိသားစု၊ အသင်းတော် မိတ်ဆွေတွေမှာ တခါမှ ကယ်တင်ခြင်းသတင်းကောင်း မကြားဖူးသောသူတွေကို ဟောပြောဖို့အကြွေး ရှိပါတယ်။ ကျနော်တို့ ထင်တတ်တာက မယုံကြည်သေးသောသူတို့ဆီ ကယ်တင်ခြင်းနှင့် ဧ၀ံဂေလိတရားကို ဟောပြောရင် စိတ်ဆိုးသွားမယ် ဒေါသထွက်မယ် ဆိုပြီး ဒီအတိုင်း နေတတ်ကြတယ်။ အမှန်ကတော့ ရှင်ပေါလုပြောသလို အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဟောပြောရမှာပါ (၂တိ ၄း၂)။ တစ်ကယ်လက်ခံပြီး ယုံကြည်သွားရင်တော့ တစ်သက်လုံး ကျနော်တို့ကို ကျေးဇူးတင်မဆုံးဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလောကမှာ ယေရှုခရစ်တော်ရဲ့ ကယ်တင်ခြင်းသတင်းကောင်းထက် ပိုကောင်းတဲ့အခြားသတင်း မရှိတော့လို့ပါ။

နိဂုံး။
ဒီနေ့လူတွေက ဆင်ခြင်ပေးတာအများဆုံးကတော့ အချိန်မရှိလို့ပါ၊ မအားလို့ပါလို့ ပြောတတ်ကြပါတယ်။ ဒါပေမယ့် ယုံကြည်သူတွေကတော့ အချိန်ရှိရှိ မရှိရှိ ဟောပြောသက်သေခံရမယ်။ အချိန်ရှိမှ၊ အားမှ၊ လုပ်ရမယ့် အလုပ်မဟုတ်ပါဘူး။ ဒါကြောင့် ဆင်ခြေပေးတာ အကြောင်းပြချက်ရှာတာတွေကို ရပ်တန်းကရပ်ပြီး သခင်ယေရှု တဖန်ပြန်ကြွလာခြင်းကို စောင့်မျှော်လျက် ဟောပြောသက်သေခံဖို့ လိုအပ်လှပါပြီ။ အဆုံးတိုင်အောင် သစ္စာရှိပြီး တည်ကြည်ဖို့ လိုအပ်ပါတယ်။ သခင်ယေရှု မြန်မြန်ပြန်လာတာကို မြင်ချင်ပြီး၊ ဒီကမ္ဘာမြေကြီးပေါ်မှာ သူကိုယ်တိုင် အုပ်စိုးတာကို မြင်ချင်တယ်ဆိုရင်တော့ ယုံကြည်သူအယောက်စီတိုင်းက ယေရှုခရစ်တော်ရဲ့ ကယ်တင်ခြင်းသတင်းကောင်းကို ဟောပြောသက်သေခံကြဖို့ လိုအပ်ပါတယ်။ ခရစ်တော်တဖန် မကြွရောက်သေးခင်မှာ ဘုရားသခင်၏ တန်ခိုးတော်အားကိုးရင်း ဧ၀ံဂေလိတရားကို အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဟောပြောသက်သေခံကြဖို့ လွန်စွာပင်အရေးကြီးလှပါတယ်။

အယောက်စီတိုင်းအပေါ် ဘုရားသခင် သာ၍ ကောင်းကြီးသွန်းလောင်းတော်မူပါစေ။ အာမင်။

ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော်ဒေါက်တာစီဂျေဟရန်မှုန်း၊ PhD.
ခေတ္တ Battle Creek, Michigan, USA.
Feb. 6, 2016|Saturday|5:00pm.

No comments:

Post a Comment