Wednesday, February 17, 2016

အမိဝမ်းထဲကပင် သင့်ကိုခန့်ထားပြီ



2016 တရားဟောချက် (၃)
အမိဝမ်းထဲကပင် သင့်ကိုခန့်ထားပြီ

“ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်၍ မိန့်တော်မူသည်ကား၊ သင့်ကို အမိဝမ်းထဲ၌ ငါမဖန်ဆင်းမီ သင့်ကိုငါသိပြီ။ မဘွားမီကပင် သင့်ကို ငါသန့်ရှင်းစေ၍၊ လူအမျိုးမျိုးတို့အဖို့၊ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏” (ယေရမိ ၁း၎-၅)။

ကျနော်တို့ ကိုးကွယ်တဲ့ဘုရားသခင်ဟာ အရာခပ်သိမ်းကို ဖန်ဆင်းတဲ့ဘုရား ဖြစ်ပါတယ်။ ကျနော်တို့ မဖန်ဆင်းမီ ကတည်းက သိတော်မူသောဘုရားသခင် ဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်စီတိုင်းမှာ ဘုရားသခင်အလိုတော် ဖြစ်စေချင်တာကတော့ ယေဘူယျအားဖြင့် အတူတူပါပဲ။ အောင်မြင်ဖို့ကောင်းစားဖို့ ဘ၀ထဲမှာ ဘုရားအလိုတော်အတိုင်း လျှောက်လှမ်း သွားလာရင်းနှင့် လောကကို စိုးစံဖို့ ခန့်ထားပြီး ဘုရားက ပျက်စီးဖို့ ဆုံးရှုံးဖို့ မခန့်ထား မရွေးချယ်ထားပါဘူး။ ဆုံးရှုံးတယ် ဆိုတာက လူတွေဘုရား ခွဲခန့်ခြင်းကို မသိပဲ မိမိစိတ်ကြိုက်အသက်ရှင်ရင်းနှင့် တွေ့ကြုံစေတာပါ။ ဘုရားသခင်ရဲ့ အလိုတော်ကတော့ အခက်အခဲတွေကို တွေ့ကြုံရင်ဆိုင်ရရင်တောင်မှ သေမင်းအရိပ် လွှမ်းမိုးတဲ့ ချိုင့်ထဲမှာတောင် မစိုးရိမ် မကြောက်စေတဲ့ ဘုရားပါ (ဆာလံ ၂၃)။

၁။ သင့်ကို ခွဲခန့်ထားတဲ့နေရာကို သိအောင်ရှာပါ
ဘုရားသခင်က လူတွေကို ငယ်ငယ်လေးကတည်းက ဘုရားရဲ့ ခွဲခန့်ထားခြင်းနှင့် ပါတ်သက်ပြီးတော့ ကြိုတင် ထည့်ထားပြီးသားပါ။ အဲ့ဒါကို ကျနော်တို့အနေနှင့် ဘုရားသခင်နှင့် အချိန်ယူရင်း၊ နှုတ်ကပါတ်တော်နှင့် အချိန်ယူရင်းနှင့် သိအောင် လုပ်ဖို့လိုတယ်။ လူတော်တော်များများက သူတို့ တစ်နေ့ ဘယ်သူဆိုတာကို ပုံဖော်စေတဲ့ လုပ်ရပ်တွေကို ငယ်ငယ်ကတည်းက အများအားဖြင့် ပြုလုပ်တတ်ပါတယ်။ သခင်ယေရှုဆိုရင် ငယ်စဉ်ကတည်းက ဘုရားကျောင်းမှာ ကျမ်းတတ်ဆရာကြီးတွေနှင့် ဆွေးနွေးခဲ့တာတွေ့နိုင်ပါတယ် (လု ၂း၄၆)။ နှစ်ခြင်းဆရာ ယောဟန်ဆိုရင်လည်း မိခင်ဝမ်းထဲမှာကတည်းက ယေရှုမယ်တော်လာတာကို သိရှိပြီး ရွှင်မြူးသောစိတ်နှင့် ခုန်တယ် ဆိုတာ တွေ့ရတယ် (လု ၁း၄၄)။ ငယ်ငယ်တုံးက စစ်တိုက်တာ၊ လူဆိုးဖမ်းတာ၊ ဆေးကုသတာ၊ စသဖြင့် ၀ါသနာပါရာ ဆော့ကစားတတ်တဲ့ ကလေးတွေထဲကနေ ထက်ဝက်ကျော်ဟာ ကြီးလာတဲ့အခါ တကယ်ဖြစ်လာတတ်ကြပါတယ်။ ဒါကြောင့်မိတ်ဆွေ သင့်အထဲမှာလည်း ဘယ်အရာတွေကို ဘုရားကထည့်ပေးပြီး ဘာတွေလုပ်ဖို့ ပြင်းထန်နေလည်း ဆိုတာကို သိအောင်ရှာတတ်ဖို့ လိုပါတယ်။

၂။ လုပ်နိုင်မယ်မထင်ဘူးဆိုပြီး မငြင်းလိုက်ပါနှင့်။
ဘုရားသခင်က လူတွေကို တကယ်ခေါ်တဲ့အခါ မိမိကိုယ်ကို ယုံကြည်မှုမရှိလို့ ငြင်းတတ်ကြတယ်။ ရွှေကျမ်းချက်ကို ဖတ်တဲ့အခါ ဘုရားသခင်က ယေရမိကို ခေါ်တယ်။ ဒါပေမယ့် ယေရမိကတော့ ငြင်းလိုက်တယ်။ သူ့ရဲ့အကြောင်းပြချက်ကတော့ သူဟာ အသက်သိပ်ငယ်သေးတယ်၊ မဟောပြောတတ်ဘူးပေါ့ (ယေရမိ ၁း၆)။ ကျနော်တို့သိထားရမှာက ဘုရားသခင် အသုံးပြုတဲ့အခါမှာ ငယ်တာကြီးတာမရှိသလို တော်တာမတော်တာ၊ လုပ်တတ်တာမလုပ်တတ်တာတွေ မရှိဘူး။ ဘုရားသခင်ကခေါ်ပြီး အသုံးပြုဖို့ပဲ လိုပါတယ်။ မောရှေဆိုရင်လည်း သူ့အသက်(၈၀)မှာ ဘုရားသခင်ခေါ်တာကို သူနှုတ်နှေးတယ်၊ စကားမပြောတတ်ဘူးဆိုပြီးတော့ ငြင်းခဲ့သေးတာပဲ (ထွက် ၄း၁၀)။ ဒီနေ့လူတွေတော်တော်များများကတော့  အကြောင်းပြချက်အမျိုးမျိုးနှင့် ငြင်းနေရှောင်နေကြတယ်။ အကြောင်းပြချက်ဆိုတာက ပျင်းရိတဲ့လူတွေ သုံးတဲ့အကြီးဆုံး လက်နက်တစ်ခုပဲ။ ဘုရားအလုပ်ထဲ၊ အသင်းတော်ထဲမှာ လူတွေက အသက်ငယ်တဲ့လူတွေကို ငယ်သေးလို့ အကြောင်းပြပြီး လူကြီးတွေလုပ်ပါစေ၊ လူငယ်ဆိုတာ စိတ်မချရသေးဘူး၊ ၀ါရင့်လာမှ လုပ်ပေါ့ ဆိုပြီး လူငယ်တွေကို နေရာမပေးချင်ဘူး။ တချို့နေရာတွေမှာကျတော့ လူကြီးတွေကလည်း အသက်ကြီးလွန်းပြီ အကြောင်းပြတယ်။ လူငယ်တွေလုပ်ပါစေပေါ့။ ဒီလိုနှင့် ဟိုရှောင်၊ ဒီရှောင်လုပ်ရင်းနှင့် နောက်ဆုံးတော့ ဘယ်သူမှ မလုပ်ကြတော့ဘူး။ ဒီနေ့ ဘုရားသခင်ဘာပြောပြော သူခိုင်းတဲ့အတိုင်း ဟုတ်ကဲ့ဆိုပြီး တစ်ကယ်လက်တွေ့ လုပ်ဆောင်မယ့်လူတွေကို ဘုရားသခင်အလိုရှိတယ်။

နိဂုံး။
ကျနော်တို့အထဲမှာ ရှိတဲ့မူလအရည်အချင်းက မြင့်ချင်မှမြင့်မယ်၊ ဒါပေမယ့် ဘုရားသခင်က အသုံးပြုမယ်ဆိုရင် သူကတာဝန်ယူသွားမှာပါ။ ကျနော်တို့ စိုးရိမ်နေလည်း အပိုသက်သက်ပါပဲ။ ဘုရားသခင်က ကျနော်တို့လုပ်နိုင် တတ်နိုင်တဲ့ စွမ်းရည်တွေကို ထည့်ပေးသွားမှာ ဖြစ်ပါတယ်။ သူကပဲ ကျနော်တို့ကို စွမ်းရည်မြှင့်တင်ပေးမယ်ဆိုရင် မဖြစ်နို်င်ဘူးဆိုတာ မရှိပါဘူး။ ဘုရားသခင်က သူ့အရည်အချင်းတွေကို ကျနော်တို့အထဲကိုထည့်ပေးဖို့ ကျနော်တို့ကိုယ်တိုင်က နှလုံးတံခါးဖွင့်ထားဖို့တော့ လိုပါတယ်။ ကျနော်တို့ရဲ့ဘာဖြစ်ခြင်းကမှ ဘုရားသခင် ကျနော်တို့ကို ခွဲခန့်ထားတာကို မတားဆီးနိုင်ပါဘူး။ ဒီအတိုင်း လက်ခံလိုက်ဖို့ပဲရှိပါတယ်။ ဒီနေ့ လူတွေအတွက်ခက်တာက အခြေအနေနှင့် လက်ရှိ အရည်ချင်းကိုပဲကြည့်ပြီးတော့ မဖြစ်နိုင်ဘူး ဆိုတာကိုပဲ တွင်တွင်ပြောပြီးတော့ ဘုရားသခင်ရဲ့အလိုတော်ကို ငြင်းပယ်လိုက်ခြင်းပါပဲ။ ကျနော်တို့အနေနှင့် ဘုရားသခင် ခန့်ထားခြင်းကို သဘောပေါက်ပြီး ဘုရားသခင်တတ်စွမ်းနိုင်ခြင်း၊ အသုံးပြုနိုင်ခြင်းကို လက်ခံလိုက်ဖို့ပဲ လိုပါတယ်။

ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော်ဒေါက်တာစီဂျေဟရန်မှုန်း၊ PhD.
ခေတ္တ Indianapolis, IN, USA.
January 16, 2016|Saturday|9:30pm.

No comments:

Post a Comment