Wednesday, February 17, 2016

လျှာရဲ့အစွမ်း



2016 တရားဟောချက် (၆)
“လျှာရဲ့အစွမ်း”
“လျှာသည် အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ၏။ လျှာကို နှစ်သက်သောသူသည်လည်း၊ လျှာ၏အသီးကို စားရ၏” (သုတ္တံ ၁၈း၂၁)။

လူ့ပါးစပ်ပေါက်ထဲမှာရှိတဲ့ လျှာဟာ အလွန်သေးငယ်သော်ငြားလည်း ကြီးမားတဲ့ရလာဒ်တွေကို ဖြစ်ပေါ်စေတတ်တယ်။ လူကို မြှောက်ပင့်တတ်သလို ဖျက်ဆီးတတ်တယ်။ လူကို ချီးမြှောက်တတ်သလို နှိပ်ကွပ်တတ်တယ်။ ချင်းစကားပုံထဲမှာ “စကားတခွန်းကြောင့် နွားနောက်ဖိုးလျော်ရတယ်” ဆိုတာရှိတယ်။ ကျနော်တို့ပြောလိုက်တဲ့စကားကြောင့် သူတပါးကို စိတ်ဆိုးစေပြီး နွားနောက်ကိုတောင် ပေးလျော်စေနိုင်တယ်။ ဒါကြောင့် လျှာကို လိမ္မာပါးနပ်စွာ သုံးတတ်ဖို့ လိုပါတယ်။ လျှာရဲ့အခြေအနေကို သုံးသပ်ပြီး ခွန်အားယူကြဖို့ လေ့လာကြပါစို့။

၁။ လျှာဆိုသည်မှာ
ကြိမ်ဖန်များစွာ လျှာကိုမှားယွင်းအသုံးပြုမိတတ်လို့ သူတပါးရဲ့ဘ၀ကို ဖျက်ဆီးရာရောက်စေတတ်ပါတယ်။ ဒါကြောင့် ရှင်ယာကုပ်က “လျှာကိုကား၊ အဘယ်လူမဆိုမအောင်နိုင်၊ မဆုံးမနိုင်သော အဆိုးအညစ်ဖြစ်၏။ သေစေတတ်သော အဆိပ်အတောက်နှင့် ပြည့်စုံ၏။ ငါတို့သည် လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းကြီးပေးတတ်ကြ၏။ … လူတို့ကို လျှာဖြင့် ကျိန်ဆဲတတ်ကြ၏။ နှုတ်တပါးတည်းအထဲက၊ ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းထွက်တတ်ပါသည်တကား၊ ငါ့ညီအစ်ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ” လို့ဆိုထားပါတယ် (ယာ ၃း၈-၁၀)။ ဆာလံဆရာကလည်း “သင်၏လျှာသည် ထက်သောသင်တုန်းကဲ့သို့ လှည့်စားသဖြင့်၊ သူအကျိုးကို ဖျက်ခြင်းအမှုကို ပြုစုတတ်၏။… အိုလှည့်စားတတ်သောလျှာ၊ သင်သည် ပျက်စီးသောစကားရှိသမျှတို့ကို နှစ်သက်တတ်၏” လို့ဆိုပါတယ် (ဆာ ၅၂း၂-၄)။ ဒါကြောင့် လျှာကို ထိန်းချုပ်အသုံးပြုတတ်ဖို့ လိုအပ်လှပါတယ်။

၂။ လျှာကို သတိပြုရမယ်။
လျှာဟာ အများအားဖြင့် မကောင်းတာ ဖြစ်စေတတ်တဲ့အတွက် သတိပေးချက်တွေကို တွေ့မြင်နိုင်ပါတယ်။ ကျနော်တို့လျှာကို သတိမပြုမိတဲ့အတွက် သမ္မာကျမ်းစာက ချုပ်တည်းတတ်ဖို့ အမျိုးမျိုးသွန်သင်ထားပါတယ်။ သုတ္တံဆရာက “စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကို ချုပ်တည်းသောသူမူကား ပညာရှိ၏” (သု ၁၀း၁၉)။ “ငါ့သား၊ သင်သည် သမ္မာသတိရှိ၍၊ သင်၏နှုတ်ခမ်းသည် သိပ္ပံအတတ်ကို စောင့်မည်အကြောင်း.... အကြောင်းမူကား၊ အမျိုးပျက်သောမိန်းမ၏ နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ ယိုတတ်၍၊ သူပြောသောစကားသည် ဆီထက်ချောသော်လည်း၊ အဆုံး၌ကား၊ သူသည် ဘင်းခါးရွက်ကဲ့သို့ခါး၍၊ သန်လျက်နှင့်အမျှ ထက်၏” လို့ပြောထားပါတယ် (သု ၅း၂-၄)။ ရှင်ယာကုပ်ကလည်း “သင်တို့တွင် အကြင်သူသည် သီလဆောက်တည်ဟန်ပြုသော်လည်း၊ မိမိနှုတ်ကို မချုပ်တည်း၊ မိမိနှလုံးကို လှည့်ဖြား၏။ ထိုသူ၏ သီလသည် အချည်းနှီးသက်သက်ဖြစ်၏” လို့ပြောပါတယ် (ယာ ၁း၂၆)။

၃။ လျှာကို ဘယ်လိုသုံးမှာလဲ။
ဖန်ဆင်းရှင်ဘုရားသခင်က လျှာကို ဘယ်လိုသုံးစေချင်ပါသလဲ။ ဘုရားသခင်က သမ္မာကျမ်းစာထဲမှာ  ချီးမွမ်းတဲ့အခါ သုံးဖို့ ပြောထားပါတယ်။ ဟေရှာယက “ငါသည် ပင်ပန်းသောသူအား မစခြင်းငှါ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရားသည် လူတတ်၏နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ” လို့ပြောပါတယ် (ဟေရှာ ၅၀း၎)။ ဆာလံဆရာကလည်း “အကျွန်ုပ်သည်လည်း၊ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်း အကြောင်းအရာကို မြွက်ဆို၍ အစဉ်မပြတ် ကိုယ်တော်ကို ချီးမွမ်းပါမည်” (ဆာ ၃၅း၂၈)။ “အိုထာဝရဘုရား၊… နိုင်ငံတော်၏ ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း၊ ဟောပြောမြွက်ဆိုသဖြင့်၊ တန်ခိုးပါသော အမှုတော်များနှင့် နိုင်ငံတော်၏ ဘုန်းအသရေများကို လူသားတို့အား ဘော်ပြကြပါ၏” လို့ဆိုထားပါတယ် (ဆာ ၁၄၅း၁၀-၁၂)။ ဒါကြောင့် လျှာကို သုံးတတ်ဖို့ အရမ်းလိုပါတယ်။

၎။ သမ္မာကျမ်းစာသွန်သင်ချက်
ကျနော်တို့ စကားပြောပုံနှင့် လျှာကို အသုံးပြုပုံနှင့် ပတ်သက်ပြီး သမ္မာကျမ်းစာဖော်ပြချက်တွေကို လေ့လာကြည့်ရအောင်။ “ညီအစ်ကိုတို့၊ အချင်းချင်း တယောက်ကိုတယောက် ကဲ့ရဲ့ခြင်းကို မပြုကြနှင့်။ ညီအစ်ကိုချင်းကို ကဲ့ရဲ့၍၊ သူ၌အပြစ်ရှိသည်ဟု စီရင်သောသူသည် တရားကို ကဲ့ရဲ့၏။ တရား၌အပြစ်ရှိသည်ဟု စီရင်၏။ ထိုသို့ပြုလျှင်၊ သင်သည် တရားကို ကျင့်သောသူမဟုတ်၊ တရားကို စစ်ကြောစီရင်သောသူဖြစ်၏” (ယာ ၄း၁၁)။ “ထို့ကြောင့် မုသားစကားကို ပယ်ရှား၍၊ မှန်သောစကားကိုသာ အချင်းချင်း တယောက်နှင့်တယောက် ပြောကြလော့။ အကြောင်းမူကား၊ ငါတို့သည် အချင်းချင်း အင်္ဂါချင်းဖြစ်ကြ၏” (ဧဖက် ၄း၂၅)။ “မေတ္တာစိတ်နှင့် သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်းတည်းဟူသော ခရစ်တော်မှာ အရာရာတို့၌ ကြီးပွားကြမည် အကြောင်းတည်း” (ဧဖက် ၄း၁၅)။ “မိမိနှုတ်နှင့် လျှာကို စောင့်သောသူသည် မိမိစိတ်ဝိညာဉ်ကို ဒုက္ခနှင့် လွတ်စေခြင်းငှါ စောင့်ရာရောက်၏” (သုတ္တံ ၂၁း၂၃)။

နိဂုံး
လျှာဟာ သိပ်အရေးပါတယ်ဆိုတာ ကျနော်တို့အားလုံးသိကြပါတယ်။ မှားယွင်းအသုံးပြုမိရင်တော့ အဆိပ်ဖြစ်စေပါတယ်။ ဒါကြောင့် ကျနော်တို့လျှာနှင့်စကားများကို ချုပ်တည်းဖို့လိုပါတယ်။ ကျနော်တို့ရဲ့လျှာကို မောပန်းနွမ်းနယ်သူများ အင်အားဖြစ်စေဖို့၊ သွန်သင်ဖို့၊ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုဖို့၊ ဂုဏ်တော်ချီးမွမ်းဖို့၊ အချင်းချင်း ပုတ်ခတ်ခြင်းမပြုဖို့၊ မုသာစကားမပြောဖို့၊ သမ္မာတရားနှင့် အမှန်တရားအကြောင်းကိုသာပြောဖို့၊ ချစ်ခြင်းမေတ္တာအကြောင်းကိုသာ ပြောဖို့ အရေးကြီး လိုအပ်လှပါတယ်။

အယောက်စီတိုင်းအပေါ် ဘုရားသခင် သာ၍ ကောင်းကြီးသွန်းလောင်းတော်မူပါစေသော်။ အာမင်။

ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော်ဒေါက်တာစီဂျေဟရန်မှုန်း၊ PhD.
ခေတ္တ Frederick, Maryland, USA.
Feb. 13, 2016|Saturday|11:00pm.

No comments:

Post a Comment