Wednesday, February 17, 2016

“အောင်မြင်ခြင်းပေးတော်မူသောယေရှုခရစ်တော်”



2016 တရားဟောချက် (၁)
“အောင်မြင်ခြင်းပေးတော်မူသောယေရှုခရစ်တော်”
(ရောမ ၈း၃၇။ ဖိ ၁း၂၁၊ ၂း၎၊ ၃း၁၄၊ ၄း၁၃)
နိဒါန်း
ယုံကြည်သူများသည် ယေရှုခရစ်တော်အားဖြင့် ကယ်တင်ခြင်းကို လက်ခံရရှိပြီးနောက် ခရစ်ယာန်ပီသသော အသီးအပွင့်များကို မိမိတို့ အသက်တာတွင် ပေါ်လွင်ထင်ရှားစေရန် အထူးလိုအပ်လှပါသည်။ မိမိတို့၏ နေ့စဉ်အသက်တာကို သခင်ယေရှု၌ ဆက်သွယ်အမြစ်တွယ်စေရန်နှင့် ရင့်ကျက်ကြီးထွားရန် အထူးလိုအပ်လှပါသည်။ တနည်းအားဖြင့်ဆိုသော် ယုံကြည်သူသည် ကယ်တင်ခြင်းရရှိပြီးဖြစ်သည့်အတွက် မိမိတို့၏ ခရစ်ယာန်အသက်တာကို ယေရှုခရစ်တော်နှင့် အစဉ်မပြတ် ဆက်သွယ်ရမည် ဖြစ်ပါသည် (ယော ၁၅)။ သို့မှသာ ခရစ်ယာန်ပီသသော အသီးအပွင့်များကို မိမိတို့အသက်တာ အသီးသီးတွင် ပေါ်လွင်ထင်ရှား စေနိုင်မည် ဖြစ်သည်။ ဤသို့ဖြင့် သခင်ယေရှု၏ အောင်မြင်ခြင်းသည် ကျွန်ုပ်တို့၏ အောင်မြင်ခြင်းဖြစ်လာပေမည်။ ထို့ကြောင့် ရှင်ပေါလုက၊ ငါတို့ကို ချစ်တော်မူသော သူ၏ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထိုအမှု ခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ၏၊ ဟုပြောကြားခဲ့ပေသည် (ရောမ ၈း၃၇)။ ကျွန်ုပ်တို့၏ ဥာဏ်ပညာ၊ ခွန်အားနှင့် တတ်စွမ်းနိုင်ခြင်းအားဖြင့် မဟုတ်ဘဲ ခရစ်တော်ယေရှု၏ ကျေးဇူးတော်သက်သက်ကြောင့်သာ အောင်မြင်သောသူများအဖြစ် ရပ်တည်ခွင့် ရရှိနိုင်ခြင်း ဖြစ်ပေသည်။

၁။ ကျွန်ုပ်တို့၏ အသက်သည် ယေရှုခရစ်တော်ပင်ဖြစ်၏
အောင်မြင်သော အသက်တာ ရရှိနိုင်ရန် ယေရှုခရစ်တော်ကို လိုအပ်ပါသည်။ ယေရှုခရစ်တော် မပါရှိပါက အောင်မြင်သော အသက်တာကို ရရှိနိုင်မည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် ယေရှုခရစ်တော်အားဖြင့် အသက်ရှင်ကြသည်။ ယေရှုခရစ်တော်အားဖြင့် အောင်မြင်ခြင်းအခွင့် ရရှိကြသည်။ ယေရှုခရစ်တော်အားဖြင့် ထာဝရအသက်ကို ရရှိခဲ့ကြသည်။ ထာဝရငရဲကျခံမည့် ကျွန်ုပ်တို့၏အသက်ကို ထာဝရအသက်ရရှိနိုင်ရန် ကောင်းကင်ဘုံကို စွန့်တော်မူပြီး မိမိပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းထားသော လူသားများကို ရွေးနှုတ်ကယ်တင်ဖို့ရန် ဤလောကသို့ ဆင်းသက်လာခဲ့ပေသည် (ယော ၃း၁၆)။ ထာဝရသေခြင်းတည်းဟူသော အပ္ပါယ်ငရဲတွင်းသို့ ဆင်းသက်ကျဆုံးရမည့် ကျွန်ုပ်တို့၏ အသက်ကို ကယ်တင်ဖို့ရန် မိမိအသက်ကို မနှမြောဘဲ အသက်စွန့်ကာ ထာဝရအသက်ကို ပေးခဲ့ပေသည်။ ထိုအကြောင်းအရာကို သိရှိနားလည်ပြီး ယေရှုခရစ်တော်ကို မိမိအသက်သခင် ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံသော သူတိုင်းသည် ရွေးနှုတ်ကယ်တင်ခြင်းဆုကျေးဇူးကို ခံစားရရှိနိုင်ပေသည်။ မိမိလုပ်ဆောင်ချက်ကြောင့် မဟုတ်ဘဲ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရရှိပြီးသူများသည် (ဧဖက် ၂း၈-၉) သစ္စာရှိစွာ အသက်ရှင်ရန် လိုအပ်လှပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့ အသက်ရှင်သည့် အရာမှာ ခရစ်တော်ပင် ဖြစ်သောကြောင့် ဖြစ်ပါသည် (ဖိ ၁း၂၁)။ ထို့ကြောင့် ကယ်တင်ခြင်းစိတ်ချမှုရရှိသော ယုံကြည်သူတို့၏ အသက်သည် ယေရှုခရစ်တော်ပင်ဖြစ်ပါသည်။

၂။ ကျွန်ုပ်တို့ စံနမူနာပြုရမည့်ပုဂ္ဂိုလ်သည် ယေရှုခရစ်တော်ပင်ဖြစ်၏
လောကတွင် စံနမူနာပြုရမည့်ပုဂ္ဂိုလ်များစွာ ရှိပါသည်။ ထိုသူတို့၏အသက်တာများကို လေ့လာခြင်းဖြင့် အတုယူစရာများစွာ ရှိပါသည်။ ခွန်အားယူ အသက်ရှင်စရာများစွာ ရှိခဲ့ပေသည်။ သို့သော်လည်း ထိုပုဂ္ဂိုလ်တို့၏အသက်တာများအားဖြင့် ထိမိ၍တည်ဆောက်စရာများစွာ ရှိသော်ငြားလည်း အခြားတဖက်တွင် သူတို့သည်လည်း လူသားများဖြစ်ကြသည့်အတိုင်း အားနည်းချက်နှင့် မစုံလင်ခြင်းများလည်း ရှိကြည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ ထိုမစုံလင်ခြင်းများနှင့် အားနည်းချက်များသည် ထိမိ၍လဲကျစရာအဖြစ်သို့ လူများကို ပို့ဆောင်နိုင်ပေသည်။ မိမိဇာတိပကတိအားဖြင့် အသက်ရှင်မိသော အချိန်များစွာ ရှိခဲ့ကြသည်မှာ လူ့သဘာဝပင် ဖြစ်သောကြောင့် ထိုသူများကို အပြစ်တင်၍ မရပါ။ သို့သော်လည်း သခင်ယေရှု၏အသက်တာကို အသေးစိတ် လေ့လာဆန်းစစ်သည့်အခါ မိမိ၏အလိုအတိုင်း မည်သည့်အခါမျှ အသက်မရှင်ဘဲ ခမည်းတော်ဘုရား၏ အလိုတော်အတိုင်းသာ သူ၏ဘ၀တလျှောက်လုံး အသက်ရှင်ခဲ့ကြောင်း သမ္မာကျမ်းစာအားဖြင့် သိရှိနိုင်ပေသည်။ ထို့ကြောင့် တမန်တော်ကြီးရှင်ပေါလုသည် သခင်ယေရှု၏ အသက်တာကိုသာ စံနမူနာပြု အသက်ရှင်ခဲ့ကြောင်း တွေ့မြင်နိုင်ပေသည် (ဖိ ၂း၎-၅)။ သာမန်လူတို့၏ စိတ်နေသဘောထားများသည် တည်ငြိမ်ခြင်းမရှိ၊ ပြောင်းလဲတတ်သော သဘောရှိကြောင်း သိရှိကြပြီး ဖြစ်ပါသည်။ ထို့ကြောင့် လူတို့၏ စိတ်သဘောထားကို အတုယူခြင်းမပြုဘဲ ယုံကြည်သူတို့ စံနမူနာပြုရမည့်ပုဂ္ဂိုလ်သည် ယေရှုခရစ်တော် တစ်ပါးတည်းသာလျှင် ဖြစ်ပါသည်။

၃။ ယုံကြည်သူတို့၏ ပန်းတိုင်သည် ယေရှုခရစ်တော်ပင်ဖြစ်၏။
လူတိုင်း မိမိရှေ့ရေးတိုးတက်ရေးအတွက် ရည်မှန်းချက်ပန်းတိုင်ကိုယ်စီ ရှိကြပေသည်။ ထိုရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိရေးအတွက် အမျိုးမျိုး ကြံစည်လုပ်ဆောင်ခဲ့ကြသည်။ ကြိုးစာအားထုတ်မှုများစွာ ပြုလုပ်ခဲ့ကြပါသည်။ ရည်မှန်းချက်ပန်းတိုင် မရှိပါက လူ့ဘ၀အသက်တာသည် တန်ဘိုးမရှိ၊ အဓိပ္ပါယ်ကင်းမဲ့နေပေမည်။ ထို့ကြောင့် အခက်အခဲများနှင့် ဒုက္ခမျိုးစုံများကြားမှ ထိုရည်ရွယ်ချက်ပန်းတိုင်သို့ ရောက်သည့်တိုင်အောင် ကြိုးစားလုပ်ဆောင်လျက် ရှိပေသည်။ ရှင်ပေါလု၏အသက်တာတွင် အောင်မြင်သော အသက်တာရရှိနိုင်ရေးအတွက် လုပ်ဆောင်သောအချက်မှာ နောက်ကျသောအရာတို့ကို မမှတ်ဘဲ ရှေ့၌ရှိသော အရာတို့ကိုသာ ကမ်းလျက် ကြိုးစားလုပ်ဆောင်ခဲ့သည်။ အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သော ဆုကု ရခြင်းငှါ ပန်းတုံးတိုင်သို့ လိုက်ပြေးခဲ့သည်။ ထို့ကြောင့် စုံလင်သောသူရှိသမျှတို့သည် ဤသို့သောသဘောကို စွဲလန်းရမည် ဖြစ်ကြောင်းကို တွေ့နိုင်ပါသည် (ဖိ ၃း၁၃-၁၅)။ ရှင်ပေါလု၏ တစ်ခုတည်းသော ရည်မှန်းချက်ပန်းတိုင်သည် သခင်ယေရှုခရစ်တော်သာလျှင် ဖြစ်ပါသည်။ ထိုပန်းတိုင်ကို ဦးတည်လျက် အသက်ရှင်နိုင်ရေးအတွက် ရှင်ပေါလုက ကျွန်ုပ်တို့ယုံကြည်သူများကိုလည်း သူကိုယ်တိုင်ကျင့်ကြံသည့်အတိုင်း တညီတညွတ်တည်း ကျင့်ကြံဖို့ရန် တိုက်တွန်းထားသည်ကို တွေ့မြင်ရပေသည် (ဖိ ၃း၁၇)။

၎။ ယုံကြည်သူတို့အား ခွန်အားနှင့်ပြည့်စုံစေသူသည် သခင်ယေရှုခရစ်တော်ပင်ဖြစ်သည်
ဒါဝိဒ်သည် ခွန်အားကြီးလှသော ဂေါလျက်နှင့် စစ်တိုက်သည့်အခါ သူ၏ခွန်အားဖြင့် အနိုင်ရရှိခြင်း မဟုတ်ဘဲ ထာဝရဘုရားသခင်၏ ခွန်အားကြောင့်သာ အောင်နိုင်ခြင်းဖြစ်ပေသည် (၁ရာ ၁၇း၄၅-၄၇)။ သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာပါက ယုဒလူမျိုးတို့သည် မိမိတို့ခွန်အားကြောင့် မဟုတ်ဘဲ ထာဝရဘုရားအားဖြင့်သာ မိမိတို့၏ ရန်သူများအပေါ် အောင်မြင်ခွင့်ရရှိကြသည်ကို တွေ့မြင်ရပေသည်။ ရှင်ပေါလုသည်လည်း ယေရှုခရစ်တော်နှင့် ဒမသက်လမ်းမပေါ်တွင် တွေ့ဆုံပြီးနောက်ပိုင်းတွင် မိမိသည် ဘာမျှ မတတ်စွမ်းနိုင်သူဖြစ်ကြောင်း ကောင်းစွာ သိမြင်နားလည် လာခဲ့သည် (တ ၉)။ ထို့ကြောင့် ယေရှုခရစ်တော်အားဖြင့် အရာခပ်သိမ်းကို ငါတတ်စွမ်းနိုင်သည်ဟု ၀န်ခံနိုင်ခဲ့ခြင်း ဖြစ်ပါသည် (ဖိ ၄း၁၃)။ ယုံကြည်သူ ကျွန်တော်တို့သည် မိမိပညာ၊ အစွမ်းသတ္တိများကို အားကိုးလျက် အသက်ရှင်ပါက ရှင်ပေါလု မပြောင်းလဲမီ အသက်တာကဲ့သို့ မိမိကိုယ်ကို အထင်ကြီးသူသာ ဖြစ်ပေလိမ့်မည်။ တကယ်တမ်းတော့ ထာဝရဘုရားသခင် အတူမပါရှိပါက မည်သည့်အရာမျှ တတ်စွမ်းနိုင်သူ မဟုတ်ကြပေ။ ထာဝရဘုရားသခင် အတူပါရှိမှသာလျှင် အရာခပ်သိမ်းကို တတ်စွမ်းနိုင်သူဖြစ်ကြပေမည်။ ထို့ကြောင့် အရာခပ်သိမ်းကို တတ်စွမ်းနိုင်ရန် ခွန်အားနှင့် ပြည့်စုံစေတော်မူသောသူသည် ယေရှုခရစ်တော် တစ်ပါးတည်းသာဖြစ်ကြောင်း ယုံကြည်သူတိုင်း အမြဲနှလုံးသွင်း သိမှတ်ရန် လိုအပ်လှပါသည်။

နိဂုံး
မိမိကိုယ်ကို ယုံကြည်သူအဖြစ် ခံယူသော်လည်း အမည်ခံယုံကြည်သူ ဖြစ်နေကြပါက စိုးရိမ်စရာဖြစ်နေပါသည်။ ယနေ့ အမည်ခံယုံကြည်သူ တဖြည်းဖြည်း များပြားလာနေသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့မြင်နေရပါသည်။ ယုံကြည်သူများ မိမိတို့ အသက်တာ အသီးသီးကို သေချာစွာ ဆန်းစစ်ပြီး ကျွန်ုပ်တို့ အသက်ရှင်သည့် အရာသည် ခရစ်တော်ပင်ဖြစ်ကြောင်း ခိုင်မာစွာ ၀န်ခံဖို့ လိုပါသည်။ ထိုယေရှုခရစ်တော် တစ်ပါးတည်းသာ ယုံကြည်သူတို့ အထူးစံထားပြုရမည့်ပုဂ္ဂိုလ် ဖြစ်ကြောင်း သတိရလျက် ၀န်ခံဖို့ လိုပါသည်။ ယုံကြည်သူတို့၏ ရည်မှန်းချက်ပန်းတိုင်သည်လည်း သခင်ယေရှုခရစ်တော် သာလျှင် ဖြစ်ရပါမည်။ ယေရှုခရစ်တော်ကြောင့်သာ ယုံကြည်သူတို့၏ အသက်တာသည် ခွန်အားနှင့် အစဉ်အမြဲ ပြည့်ဝနေနိုင်ခြင်း ဖြစ်ပါသည်။ ယေရှုခရစ်တော်ကြောင့်သာ အောင်မြင်သော အသက်တာကို ရရှိနိုင်ခြင်း ဖြစ်ပါသည် (ရော ၈း၃၇)။ ယုံကြည်သူတို့၏ ဥာဏ်ပညာ၊ ခွန်အားနှင့် အောင်မြင်နိုင်ခြင်းအားဖြင့် မဟုတ်ဘဲ ခရစ်တော်ယေရှု၏ ကျေးဇူးတော်သက်သက်ကြောင့်သာ အောင်မြင်သောသူများအဖြစ် ရပ်တည်ခွင့် ရရှိနိုင်ခြင်း ဖြစ်ပေသည်။ ဥာဏ်ပညာကို ဆည်းပူးရန် မလိုပါ။ ခွန်အားသည် အရေးမကြီးပါဟု ဆိုလိုခြင်းမဟုတ်ပါ။ လောကလူသားများ ဖြစ်ကြသည့်အတွက် ပညာကို ဆည်းပူးရမည်၊ ဥစ္စာကို ရှာဖွေရမည်၊ လိုအပ်သောအရာများကို အောင်မြင်အောင် ဆောင်ရွက်ရပါမည်။ ထိုသို့ပြုလျက် ယေရှုခရစ်တော်ကို အဓိကထားပြီး ဆက်ကပ်အပ်နှံရန် ပိုမိုအရေးကြီးကြောင်း ဖော်ပြလိုခြင်း ဖြစ်ပါသည်။ ယေရှုခရစ်တော်က “ငါသည် လောကကို အောင်ပြီ” (ယော ၁၆း၃၃) ဟုမိန့်မှာချက်ကို အစဉ်သတိရလျက် အောင်မြင်ခြင်းအသက်တာကို နေ့စဉ်ကြွေးကြော် အသက်ရှင်ကြရန် ယုံကြည်သူများအား သတိပေးနေပါသည်။

ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော်ဒေါက်တာစီဂျေဟရန်မှုန်း၊ PhD.
ခေတ္တ Salt Lake City, Utah, USA.
Jan. 2, 2016|Saturday|

No comments:

Post a Comment