Tuesday, August 23, 2016

ယုံကြည်သည်နှင့် အညီ


တပ်မှုးအား သင်သွားလော့။ ယုံကြည်သည်နှင့် အညီ သင်၌ ဖြစ်စေဟု မိန့်တော်မူ၏ (မဿဲ ၈း၁၃)။

လူတော်တော်များများ မေးလေ့ရှိတတ်တဲ့ မေးခွန်းလေးတစ်ခု ရှိတယ်။ အဲဒါကတော့ ဘာကြောင့် ဘုရားပေးတဲ့ ကောင်းကြီးမတူရတာလည်း? အသင်းတော်တူတယ်၊ ဆယ်ဖို့တစ်ဖို့ပေးတာတူတယ်၊ အလှုပေးတာလည်းတူတယ်၊ ဘုရားကျောင်းတက်တာလည်း တူတယ်၊ ကျမ်းစာအုပ် ကိုင်ဆောင်ကြတာလည်း တူကြပေမယ့် သူများတွေကျတော့ ကောင်းကြီးအများကြီး ခံစားရတယ်၊ ကျနော်တို့ကျတော့ သူတို့လောက် ကောင်းကြီးမခံစားရဘူး။ မယုံကြည်သူတွေတောင် ကျနော်တို့ထက် ပိုပြီး ကောင်းကြီးခံစားကြတယ်။ ဒါတွေဟာ ဘာကြောင့်လည်း? ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ အကြောင်းရင်းကို ဘယ်သူကမှ သေချာ မသိကြပေမယ့် သမ္မာကျမ်းစာကတော့ အဖြေပေးထားတယ်။ ဘုရားသခင်က ယုံကြည်သည်နှင့်အညီ အသက်တာမှာ အမြဲတမ်း ကောင်းကြီးခံစားစေတယ် (မ ၈း၁၃)။ ယုံကြည်တဲ့ ပမာဏအတိုင်း ကျနော်တို့ရဲ့အသက်တာမှာ ဘုရားသခင်ရဲ့ကောင်းကြီးတွေကို တွေ့ကြုံခံစားစေပါတယ်။ ဒါကြောင့် ကျနော်တို့အသက်တာမှာ ဘုရားသခင်ဆီက ကောင်းကြီးတွေ တိုးပြီး ခံစားချင်ရင် ကျနော်တို့ရဲ့ ယုံကြည်ခြင်း ခိုင်မာရမယ်။ ယုံကြည်ခြင်း ခိုင်မာလာရင် ကျနော်တို့ခံစားရတဲ့ အရာခပ်သိမ်းနှင့် ကောင်းကြီးတွေဟာ အမှန်တကယ် တိုးလာမှာ ဖြစ်ပါတယ်။

၁။ အမိန့်တော်အားဖြင့် ကျန်းမာမယ်လို့ ယုံကြည်ခြင်း
ကပေရနောင်မြို့မှာ ရောမတပ်မှုးတစ်ယောက်က သခင်ယေရှုဆီကို လာပြီး သူ့လက်အောက်ငယ်သားရဲ့ ခြေလက်သေအနာကို ပျောက်ကင်းစေဖို့ တောင်းဆိုခဲ့ပါတယ်။ သခင်ယေရှုက ကိုယ်တိုင်လာပြီး ချမ်းသာပေးမယ်လို့ ပြောတဲ့အခါ တပ်မှုးက အဲဒီလိုသူ့အိမ်မိုးအောက်ကို ကြွလာဖို့ မထိုက်တန်တဲ့အကြောင်း ပြန်ပြောပါတယ်။ သူဟာ စစ်တပ်ရဲ့ တပ်မှုးဖြစ်တဲ့အတိုင်း လူတွေကို အမိန့်နှင့် စေခိုင်းလို့ရတဲ့အခွင့်အာဏာရှိတယ်။ လက်အောက်ငယ်သားတွေကို အမိန့်နှင့် လိုရာကို စေခိုင်းနိုင်တယ်။ အဲဒီလိုပဲ သခင်ယေရှုရဲ့ အမိန့်တော်အားဖြင့် သူ့လက်အောက်ငယ်သားဟာ ကျန်းမာမယ်လို့ ယုံကြည်ခဲ့ပါတယ်။ သူယုံကြည်တဲ့အတိုင်း သူ့လက်အောက်ငယ်သားလည်း သခင်ယေရှုရဲ့ အမိန့်တော်အားဖြင့် သက်သာပျောက်ကင်းခဲ့တယ်။ အဲဒီတပ်မှုးရဲ့ ယုံကြည်ခြင်းမျိုးဟာ ဣသရေလအမျိုးမှာတောင် မတွေ့ဘူးသေးလို့ သခင်ယေရှု မိန့်တော်မူခဲ့ပါတယ် (မ ၈း၅-၁၃)။ တပ်မှုးအကြွင်းမဲ့ယုံကြည်တဲ့အတိုင်း ဘုရားသခင်က လုပ်ဆောင်ပေးခဲ့ပါတယ်။

၂။ လက်တင်ရင် ပျောက်မယ်လို့ ယုံကြည်ခြင်း
ယာဣရု လို့ခေါ်တဲ့ တရားဇရပ်မှုး တစ်ယောက်ဟာ သူ့သမီးကျန်းမာရေးအတွက် သခင်ယေရှုဆီ လာပြီးတော့ တောင်းဆိုတယ်။ သူ့သမီး နာမကျန်းဖြစ်နေတဲ့အတွက် သူ့အိမ်ကို သခင်ယေရှုကိုယ်တိုင် ကြွလာပြီးတော့ နာမကျန်းဖြစ်နေတဲ့ သူ့သမီးအပေါ်လက်တင်ရင် သူ့သမီးကျန်းမာမယ်လို့ ယုံကြည်တယ်။ ဒါကြောင့် သခင်ယေရှုဆီကို လာရောက်ပြီး တောင်းဆိုခဲ့ခြင်း ဖြစ်တယ် (မာ ၅း ၂၁-၂၄၊ ၃၅-၄၃)။ ယာဣရုယုံကြည်တဲ့အတိုင်း သခင်ယေရှုက သူအိမ်အထိလိုက်လာခဲ့တယ်။ ပြီးတော့ သူ့သမီးအပေါ် လက်တင်ပြီးတော့ ကျန်းမာစေခဲ့တယ်။ သူယုံကြည်တဲ့အတိုင်း သူ့ရဲ့နှုတ်ကနေ ပြောထုတ်ခဲ့တယ်။ သူယုံကြည်တဲ့အတိုင်း သူ့အသက်တာမှာ ဘုရားသခင်က လုပ်ဆောင်ပေးခဲ့တယ်။ ဘုရားသခင်က အခြားအပိုတွေ ဘာမှ မလုပ်ပေးခဲ့ဘူး။ သူယုံကြည်တာထက် ပိုပြီး လုပ်ဆောင်ပေးခြင်း မရှိခဲ့ပါဘူး။ ယာဣရုရဲ့ယုံကြည်ခြင်းကတော့ သခင်ယေရှု သူ့အိမ်ကိုလာပြီး သူ့သမီးအပေါ်လက်တင်ရင် ကျန်းမာမယ်လို့ ယုံကြည်တဲ့အတိုင်း ဘုရားသခင်က လုပ်ဆောင်ပေးခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ဘုရားသခင်က ကျနော်တို့အပေါ် လက်တင်ခြင်းဖြင့် ကောင်းကြီးချပေးနိုင်ပါတယ်။

၃။ အ၀တ်တော်ကိုတို့ရင် ကျန်းမာမယ်လို့ ယုံကြည်ခြင်း
သခင်ယေရှုနှင့် လူများစွာတို့ဟာ တရားဇရပ်မှုးယာဣရုရဲ့အိမ်ကို သွားနေတုန်းမှာ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲတဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်။ သူမက သခင်ယေရှုလာတဲ့ သတင်းကို ကြားတဲ့အခါ ဒီအတိုင်း သေဖို့စောင့်နေတာထက် သခင်ယေရှုရဲ့အ၀တ်တော်ကို တို့ရင် ကျန်းမာမယ်လို့ ခိုင်မာတဲ့ယုံကြည်ခြင်း ရှိတယ်။ သူမယုံကြည်တဲ့အတိုင်း ပြောထွက်ပြီးတော့ လူတွေကြားထဲကနေ သခင်ယေရှုရှိတဲ့နေရာကို လျှောက်လှမ်းလာခဲ့တယ်။ အမှန်တကယ် ယုံကြည်ခြင်းရှိတဲ့လူဆိုတာ ဘယ်တော့မှ ပြောတဲ့အဆင့်မှာပဲ ရပ်မနေဘူး။ ပြောတဲ့အတိုင်း စတင်လုပ်ဆောင်ခဲ့တယ်။ နောက်ဆုံးတော့ သူမယုံကြည်တဲ့အတိုင်း သခင်ယေရှုမသိအောင် အ၀တ်တော်ကို တို့လိုက်တဲ့အခါ ဘုရားသခင်က သူမကို ကျန်းမာခြင်းအခွင့် ပေးခဲ့တယ် (မာ ၅း၂၅-၃၄)။ သူမအနေနှင့် သခင်ယေရှုကို အိမ်လည်းမခေါ်ဘူး၊ လက်တင်ပေးဖို့လည်း မတောင်းဆိုခဲ့ပါဘူး။ သူမရဲ့ယုံကြည်ခြင်းက သခင်ယေရှုမသိပဲ အ၀တ်တော်ကို တို့လိုက်ဖို့ပဲ ဖြစ်တယ်။ နောက်ဆုံးမှာ သူမ ယုံကြည်တဲ့အတိုင်း ဘုရားသခင်က လုပ်ဆောင်ပေးခဲ့ပါတယ်။

နိဂုံး
တပ်မှုးယုံကြည်တဲ့အတိုင်း ဘုရားသခင်က လုပ်ဆောင်ပေးခဲ့ပါတယ်။ တရားဇရပ်မှုးယုံကြည်တဲ့အတိုင်း ဘုရားသခင်ကလုပ်ပေးခဲ့သလို သွေးသွန်အနာစွဲတဲ့ အမျိုးသမီးကိုလည်း သူမ ယုံကြည်တဲ့အတိုင်း လုပ်ပေးခဲ့တယ်။ ယုံကြည်ခြင်းက ဘုရားအမှုတော်ဆောင်ဖြစ်တာ မဖြစ်တာနှင့် မဆိုင်ဘူး။ အမိန့်တော်အားဖြင့် ကျန်းမာမယ်လို့ ယုံကြည်သူကို အမိန့်တော်အားဖြင့် လက်တွေ့ ကျန်းမာစေတယ်။ လက်တင်မှ ပျောက်မယ်လို့ယုံတဲ့လူကို လက်တင်ခြင်းဖြင့် ကျန်းမာစေတယ်။ တစ်ဆယ့်နှစ်နှစ်လုံးလုံး သွေးသွန်နေလို့ ဘုရားကျောင်းတက်ခွင့်မရတဲ့ အမျိုးသမီးကိုလည်း သူမယုံကြည်တဲ့အတိုင်း ဘုရားသခင်က ကျန်းမာစေခဲ့တယ်။ ဘုရားသခင်ရဲ့ ကောင်းကြီး ခံစားပုံတွေ မတူကြပါဘူး။ ဒါကြောင့် ကျနော်တို့ဘ၀မှာ ဘုရားသခင်က ယုံကြည်သည်နှင့်အညီ ကောင်းကြီးတွေကို ခံစားခွင့်ပေးနေတယ်ဆိုတာ သိမှတ်ထားကြပါစို့။ ဘုရားသခင်က ကျနော်တို့အား ယုံကြည်သည်နှင့် အညီ ကောင်းကြီးများစွာ ခံစားခွင့် ပေးပါလိမ့်မည်။

စာဖတ်သူ အယောက်စီတိုင်းအပေါ် ဘုရားသခင် သာ၍ ကောင်းကြီးသွန်းလောင်းတော်မူပါစေသော်။ အာမင်။

ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော်ဒေါက်တာစီဂျေဟရန်မှုန်း၊ PhD.
Toungphila, Kalay myo, Myanmar.
March 5, 2016|Saturday|9:20pm.

No comments:

Post a Comment