Tuesday, August 23, 2016

မျိုးစေ့နှင့် မြေအမျိုးမျိုး



“အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ကျသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးကြ၏” (မသဲ ၁၃း၈)
ဖတ်ရန်။ မသဲ ၁၃း၃-၈၊ ၁၈-၂၃။


ဖော်ပြပါကျမ်းချက်လေးဟာ သခင်ယေရှုပြောပြခဲ့တဲ့ များစွာသောဥပမာတွေထဲက တစ်ခုလေးပါ။ ဒီဥပမာလေးဟာဆိုရင် အလွန်ရိုးရှင်းပြီး လူတိုင်းရဲ့အသက်တာကို မီးမောင်းထိုးပြနေပါတယ်။ ဒီအကြောင်းလေးဟာ လူတိုင်းလွယ်လွယ်ကူကူ နားလည်နိုင်တဲ့ ဥပမာလေးလဲ ဖြစ်ပါတယ်။ ဒီနေရာမှာ မြေဆိုတာက နှလုံးသားကို ဆိုလိုတာဖြစ်ပြီး၊ မျိုးစေ့ကတော့ နိုင်ငံတော်၏တရားစကား၊ တနည်းအားဖြင့် ကယ်တင်ခြင်းသတင်းကောင်း ဆိုတာကို အားလုံး သဘောပေါက်ကြမှာပါ။ ဒီဥပမာဟာ လူတွေရဲ့သွန်သင်ချက်နှင့် သြ၀ါဒတွေမဟုတ်ပါဘူး။ သခင်ယေရှုကိုယ်တိုင် ပြောပြခဲ့တဲ့ သွန်သင်ချက်နှင့် သြ၀ါဒစကားလေးတွေပါ။ ဟောပြောတဲ့ကယ်တင်ခြင်းတရားစကားဟာ အတူတူပါပဲ၊ ဒါပေမယ့် ခံယူသူတွေအပေါ် မူတည်ပြီး တန်ဘိုးက ကွာခြားသွားပါတယ်။ မြေအမျိုးအစားကောင်းတဲ့ အပေါ်မှာကျရင် များစွာပွားများပြီး အသီးသီးမှာ ဖြစ်ပါတယ်။ ကယ်တင်ခြင်းတရားစကားကို ကြားနာကြတဲ့အခါ ကျတဲ့နှလုံးသားမြေအမျိုးအစား အပေါ်လိုက်ပြီး ရလဒ်တွေ ကွာခြားသွားတာကို တွေ့ရပါတယ်။ ကျနော်တို့ရဲ့ နှလုံးသားမြေဟာ ဘယ်လိုနှလုံးသားမျိုး ဖြစ်နေသလည်း ဆိုတာကို သိစေနိုင်ဖို့ မီးမောင်းထိုးဖော်ပြပေးတဲ့ ဥပမာလေးလည်း ဖြစ်ပါတယ်။

၁။ လမ်းမြေ၌ကျသောမျိုးစေ့။
ပထမမြေအမျိုးအစားဖြစ်တဲ့ လမ်းမြေဆိုတာ မာကျောအောင် လမ်းကြိတ်စက်နှင့် အကြိမ်ကြိမ် ပုံသွင်းခြင်းပြုလုပ်ပြီး အရမ်းကျစ်လစ်လွန်းလို့ ဘယ်အရာမှ ထပ်ဝင်လို့ မရတော့တဲ့ မြေမာမျိုးပါ။ အဲဒီလမ်းအပေါ်မှာ သွားတဲ့လူတွေ၊ ယာဉ်တွေများလွန်းတဲ့အတွက် ကြာလေပိုမာလေဖြစ်နေတဲ့ မြေနေရာမျိုးပါ။ တစ်ခါတစ်ရံမှာ အသက်တာမှာ ကြုံတွေ့ရတဲ့အရာတွေက များလွန်းလို့ အရမ်း နာကျင်ပြီးတော့ အသက်တာမှာ အရေထူသွားတဲ့လူတွေ အများကြီးရှိတယ်။ သိပ်မာလွန်းလို့ အဲဒီနေရာထဲကို ထပ်ထည့်လို့ မရအောင် ကျစ်လစ်သွားပါတယ်။ သူရဲ့အဓိကပြသနာက နှလုံးမသွင်းလို့ စာတန်က အလွယ်တကူ ကောက်စားသွားတာပါ။ ကျနော်တို့အသက်တာမှာလည်း လောကအလုပ်တွေများ အတွေ့အကြုံတွေ များလွန်းလို့ နှလုံးသားတွေက မာကျောပြီး ဘုရားသခင်ဘာပြောပြော နားမထောင်နိုင်၊ နှလုံးသားထဲကို မသွင်းနိုင်ဖြစ်နေရင်တော့ ကြားသမျှ နှုတ်ကပါတ်တော်တွေ၊ ဘုရားတရားစကားတွေကို စာတန်နှုတ်ယူသွားလို့ အလဟသဖြစ်သွားမှာပါ။ အဲဒီလို လူတွေရဲ့အသက်တာမှာ နှုတ်ကပါတ်တော်ဆိုတဲ့ မျိုးစေ့လေးဟာ အညှောင့်လေးတောင် မထွက်သွားနိုင်ရှာပါဘူး။

၂။ ကျောက်ပေါသောမြေ၌ကျသောမျိုးစေ့။
ဒုတိယမြေအမျိုးအစားကတော့ အပေါ်ယံမှာမြေတွေ ရှိပေမယ့် အတွင်းဖက်မှာ ကျောက်တွေနှင့် ပြည့်နှက်နေတဲ့အတွက် မျိုးစေ့ကြီးထွားဖို့ တော်တော်ခက်ခဲပြီး အမြစ်မစွဲနိုင်တဲ့ အသက်တာပါ။ အပေါ်ယံတော့ သိပ်ကောင်းပါတယ်။ ဒါကြောင့် မျိုးစေ့က ချက်ခြင်းပေါက်ပါတယ်။ ဒါပေမယ့် အမြစ်မစွဲပါဘူး။ သူရဲ့ပြသနာက ဘုရားတရားစကားဟာ သူ့နှလုံးသားထဲကိုတော့ ၀င်ပေမယ့် အမြစ်မစွဲနိုင်တာပါ။ နှုတ်ပါတ်တော်ဆိုတာက အပေါ်ယံပဲ နားထောင်လို့ မရပါဘူး။ နှလုံးသားထဲစူးနစ်အောင်ဝင်ပြီး အမြစ်စွဲဖို့လိုပါတယ်။ အမြစ်စွဲလေလေ အပင်ကကြီးလေလေဖြစ်စေမှာပါ။ ဒါမှသာ အသီးပွင့်တွေနှင့် ဝေဆာဖို့ အခွင့်ရေးကောင်းတွေကို ဖြစ်ပေါ်စေပါတယ်။ အပေါ်ယံအမြင်မှာ အပင်ဘယ်လောက်ကြီးတယ် ဆိုတာထက် အထဲမှာ အမြစ်ဘယ်လောက်စွဲတယ်ဆိုတာ ရေရှည်မှာ ပိုစကားပြောပါတယ်။ တစ်ချို့ယုံကြည်သူတွေက အပေါ်ယံမှာတော့ အထင်ကြီးစရာကောင်းပြီး သိပ်ကြီးထွားပေမယ့် အမြစ်မစွဲပဲ မရှင်သန်ရင်တော့ မကြာခင်မှာ ပြိုလဲခြင်းတွေနှင့် ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

၃။ဆူးပင်ကြား၌ကျသောမျိုးစေ့။
နောက်တစ်မျိုးကတော့ အထဲမှာ ကျောက်ခဲမရှိပါဘူး။ ဒါပေမယ့်အပြင်မှာ သူနှင့်အတူ ကြီးပြင်းတဲ့ အပင်တွေအားလုံးနီးပါးက ဆူးပင်ချည်းပဲ ဖြစ်နေကြတာပါ။ ဒါကြောင့် မကြီးထွားနိုင်ပါဘူး။ ကျနော်တို့ပါတ်ဝန်းကျင်မှာ ဘယ်လိုလူတွေ ရှိပြီး ဘယ်လိုလူတွေနှင့် ပေါင်းသင်းဆက်ဆံနေတယ်ဆိုတာ သေချာသိဖို့ လိုပါတယ်။ ဘယ်လိုလူတွေနှင့် ပေါင်းသင်းဆက်ဆံနေတယ်ဆိုတာ ကျနော်တို့ရဲ့ အသက်တာကြီးထွားဖို့အတွက် သိပ်အရေးပါပါတယ်။ ဘုရားတရားကိုချစ်တဲ့၊ ကောင်းတဲ့လူတွေနှင့် ပေါင်းရင်တော့ အသီးတွေ သီးနိုင်ကြမှာပါ။ ဒါပေမယ့် စိတ်ထားမကောင်းတဲ့သူ၊ လောကီးဆန်တဲ့သူတွေနှင့် ပေါင်းသင်းဆက်ဆံရင်တော့ အကျိုးမရှိနိုင်ပါဘူး။ ဒီဆူးပင်မျိုးတွေကတော့ လောကီအမှုမှာ စိုးရိမ်ခြင်းနှင့် စည်းစိမ်ဥစ္စာရဲ့ လှည့်စားမှုကို ခံရခြင်းတွေပါ။ ဆိုလိုတဲ့ အဓိပ္ပါယ်ကတော့ ကျနော်တို့ဟာ လောကနှင့် လောကအရာတွေကို ချစ်နေသရွေ့၊ ချစ်နေတဲ့ပါတ်ဝန်းကျင်မှာ ပေါင်းသင်းပျော်ပါးနေသရွေ့ နှလုံးသားထဲမှာ အမြစ်မတွယ်ရင်တော့ အကျိုးရှိလာမှာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အသက်တာမှာ ဆူးထဲမှာကြီးထွားတဲ့ အသက်တာလိုပဲဖြစ်ပြီး ကြီးတော့ကြီးလာတယ်၊ ဒါပေမယ့် အသီးသီးဖို့ အတွက်ကျတော့ အနှောင့်အယှက်တွေ ဖြစ်စေပါတယ်။ သခင်ယေရှုလိုချင်တာကတော့ အသီးတွေပါ၊ အရွက်တွေ မဟုတ်ပါဘူး (လု ၁၃း၆-၉)။

၎။ ကောင်းသောမြေ၌ကျသောမျိုးစေ့။
ကောင်းတဲ့မြေမှာ ကျတဲ့မျိုးစေ့တွေဟာ ရှင်သန်ကြီးထွားလာပြီး အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာ ပွားများပြီး အသီးသီးပါတယ်။ ဘုရားတရားမှာ ရင့်ကျက်ပြီး လူတွေအားလုံးအတွက် အကျိုးပြုစေပါတယ်။ ကောင်းတဲ့မြေမှာတောင် ရလဒ်မတူကြသေးပါဘူး။ အဆတွေ ဆိုတဲ့နေရာမှာလည်း အများကြီးရှိတယ်၊ အဆအမျိုးမျိုး ရှိကြပါသေးတယ်။ အဲဒီအဆတွေဟာဆိုရင် ဘုရားသခင်ရဲ့စကားကို ဘယ်လောက်အထိ နာခံလိုက်လျှောက်သလဲဆိုတဲ့အချက်ပေါ်မှာ မူတည်ပြီး ကွာခြားပါသေးတယ်။ ဒါကြောင့် ကျနော်တို့အသက်တာမှာ နှလုံးသားကောင်းတာလေးနှင့် မဟုတ်ပဲ အရာရာမှာ ဒီိထက်ပိုကောင်း၊ ပိုပြီးပွားများတဲ့ အသီးကို သီးစေတဲ့ အသက်တာဖြစ်ဖို့ လိုပါတယ်။ အဆတရာ သီးတဲ့နှလုံးသားနှင့် အသက်တာဖြစ်ဖို့ လိုပါတယ်။ ကောင်းသောမြေဆိုတဲ့ ကောင်းတဲ့စိတ်နေသဘောထားတွေ၊ နှလုံးသားတွေ ဖြစ်ဖို့လိုပါတယ်။ ကျနော်တို့ရဲ့ နှလုံးသားကပဲ ကျနော်တို့ရဲ့ အသက်တာကို ဘယ်လောက်အထိ သီးပွင့်ဝေဆာစေနိုင်မလည်း ဆိုတာကို ဆုံးဖြတ်ပေးသွားမှာပါ။ ဒါကို သိရှိပြီး အရာရာမှာ အကောင်းဆုံးဖြစ်အောင် ဘုရားသခင်နှင့်အတူ အမြဲအသက်ရှင်နိုင်ဖို့ လိုအပ်ပါတယ်။

နိဂုံး
ဘုရားသခင်ဖြစ်စေချင်တဲ့ ကယ်တင်ခြင်းရဲ့ အနှစ်သာရကတော့ လူတိုင်းရဲ့နှလုံးသားထဲမှာ ခံယူပြီး အသီးသီးကြဖို့ ဖြစ်ပါတယ်။ ရှင်ပေါလုကတော့ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော်ရှိ၏” လို့ဖော်ပြထားပါတယ် (၁ တိမောသေ ၂း၎)။ ဒါမှာသာ ကျနော်တို့အသက်တာမှာ နှိုးကြားပြီး ခရစ်ယာန်ပီသသော အသီးအပွင့်များနှင့် ဝေဆာလာနိုင်ကြမှာ ဖြစ်ပါတယ်။ ကောင်းတဲ့မျိုးစေ့ကို ပွားများစေဖို့ ခံယူတဲ့နှလုံးသားမြေဟာ သိပ်အရေးကြီးလှပါတယ်။

အယောက်စီတိုင်းအပေါ် ဘုရားသခင် သာ၍ ကောင်းကြီးသွန်းလောင်းတော်မူပါစေသော်။ အာမင်။

ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော်ဒေါက်တာစီဂျေဟရန်မှုန်း၊ PhD.
ခေတ္တ Laurel, Maryland, USA.
Feb. 20, 2016|Saturday|1:00pm.
68th Chin National Day.

No comments:

Post a Comment