Pages

Tuesday, August 29, 2017

သင်တို့ဆီသို့လာဦးမည်



“ငါသည်သွား၍  သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌  သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်… ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့ လာဦးမည်” (ယောဟန် ၁၄း၃၊ ၁၈)။

သခင်ယေရှု ဒီလောကသို့ ဒုတိယအကြိမ် ကြွလာမယ့်အကြောင်းဟာ သမ္မာကျမ်းစာသွန်သင်မှုများထဲမှာ အလွန်အရေးကြီးတဲ့ သွန်သင်ချက်တစ်ခု ဖြစ်ပါတယ်။ အဲဒီ ဒုတိယအကြိမ် ကြွလာမယ့်အကြောင်းကို လေ့လာတဲ့အခါ မမြင်ရတဲ့ ၀ိညာဉ်ကိုယ်အားဖြင့် မဟုတ်ဘဲ မျက်စီနှင့် မြင်နိုင်တဲ့ ခန္ဓာကိုယ်အားဖြင့်ပြန်လာမယ့်အကြောင်းကို ကျမ်းစာက ဖော်ပြထားပါတယ်။  ဒီအကြောင်းဟာ ကနဦးအသင်းတော် စတင်ကတည်းက ဒီနေ့အထိ အသင်းတော်ထဲမှာ အရေးကြီးတဲ့သွန်သင်ချက်အဖြစ် တည်ရှိနေပါတယ်။ ဒီသွန်သင်ချက်ကြောင့် မိမိယုံကြည်ချက်ကို စွန့်ပြီး ဘာသာမဲ့အဖြစ် နေထိုင်ခဲ့ကြသူတွေလည်း ရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့ဝိညာဉ်တော်အားဖြင့် မှုတ်သွင်းထားတယ်လို့ ယုံကြည်တဲ့သူတွေအတွက် ကိုယ်တော်ရှင် ပြန်လာမယ့်အကြောင်းဟာ စိတ်ချယုံကြည်ထိုက်တဲ့ အဖြစ်အပျက်မှန် ဖြစ်ပါတယ်။ သခင်ယေရှုကိုယ်တော်တိုင် ပြောကြားတော်မူတဲ့ အကြောင်း ဖြစ်ပါတယ်။ ရှင်ပေါလုကလည်း ထပ်ခါတလဲလဲ ပြောကြားခဲ့ပါတယ်။ ရှင်ပေါလုပေးစာတွေထဲမှာ ကိုယ်တော်ရှင် ပြန်လာမယ့်အကြောင်းနှင့် ပတ်သက်လို့  (၁၄) ကြိမ်တိုင်တိုင် ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ကိုယ်တော်ရှင် ပြန်လာမယ့်အကြောင်းဟာ သိသာထင်ရှားလှပါတယ်။ ယနေ့ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့အရာတွေကို ကြည့်ခြင်းအားဖြင့် တဖြည်းဖြည်း ပိုမိုနီးကပ်လာပြီဆိုတာ သတိပြုမိဖို့ အရေးကြီးလှပါတယ် (မ ၂၄)။

၁။ သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ်
လူစုလူဝေးနှင့် နေထိုင်ကြတဲ့သူတွေ တစ်ယောက်တည်း ပြန်ပြီးနေရတဲ့အခါ အလွန်အထီးကျန်ဆန်လှပါတယ်။ ခေါင်းဆောင်ကောင်းတွေဟာ နောက်လိုက်တွေကို မထားရစ်တတ်ကြပါဘူး။ အားလုံးရဲ့ကောင်းကျိုးနှင့် တိုးတက်ရေးအတွက် ဆင်ခြင်ပြီး အကောင်းဆုံး လုပ်ဆောင်ပေးလေ့ရှိပါတယ်။ သခင်ယေရှုကလည်း သူနှင့် သုံးနှစ်လုံးလုံး အတူနေထိုင်သွားလာခဲ့ကြတဲ့ နောက်လိုက်တပည့်တော်တွေကို မိဘမဲ့အဖြစ် မထားရစ်ရက်ပါဘူး။ ဘာမှမသိတဲ့ကလေးတစ်ယောက် ရုတ်တရက်မိဘမဲ့ ဖြစ်သွားတဲ့အခါ အခက်အခဲဒုက္ခတွေနှင့် ပြည့်တတ်ပါတယ်။ ကူညီပြုစုမဲ့သူ မရှိရင်တော့ အဲဒီမိဘမဲ့ကလေးရဲ့ဘ၀ဟာ ရင်လေးစရာ ကောင်းလှပါတယ်။ ကိုယ်တော်ရှင်က တပည့်တော်တွေသာမက ယုံကြည်သူအားလုံးကို မိဘမဲ့လို မထားရက်ပါဘူး။ ဒါကြောင့် ကိုယ်တော်မရှိတုန်း သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ယနေ့ထိတိုင်အောင် စောင့်ရှောက်ခဲ့ပါတယ်။ ဧမာနွေလဘုရားဖြစ်တော်မူကြောင်း ပြည့်စုံစေတော်မူပါတယ် (မ ၁း၂၃၊ ၂၈း၂၀)။

၂။ သင်တို့ဆီသို့ တဖန်လာဦးမည်
သခင်ယေရှု ကောင်းကင်ဘုံသို့ တက်ကြွတော်မူတဲ့အခါ တပည့်တော်များနှင့် ယုံကြည်သူများသာ ကျန်ရစ်ခဲ့ပါတယ်။ မကြာမီ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ကြွလာခဲ့တယ်။ ဒါပေမယ့် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်တွေကို လူတွေ မမြင်ရကြပါဘူး။ ဒါကြောင့် ကိုယ်တော်တိုင် တဖန်ဆင်းသက်ကြွလာဖို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ကိုယ်တော်ရှင်ဟာ အသက်ရှင်တော်မူတဲ့အတွက် ယုံကြည်သူအားလုံးလည်း သူနှင့်အတူ အသက်ရှင်ကြစေဖို့အတွက် ဖြစ်ပါတယ် (ယော ၁၄း၁၉)။ သခင်ယေရှုဟာ သေခြင်းကို အောင်မြင်ပြီး ရှင်ပြန်ထမြောက်တော်မူတဲ့ သခင် ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်တော်ရှင်ဟာ ခမည်းတော်ထဲမှာရှိပြီး၊ ယုံကြည်သူတွေလည်း ကိုယ်တော်ရှင်ထဲမှာရှိကာ ကိုယ်တော်ရှင်ဟာ ယုံကြည်သူတွေရဲ့အထဲမှာ ရှိတဲ့အကြောင်းကို အဲဒီနေ့မှာ ထင်ထင်ရှားရှား သိကြရမှာ ဖြစ်ပါတယ် (ယော ၁၄း၂၀)။

နိဂုံး
ကျမ်းတတ်ပညာရှင်များစွာက ပင်တေကုတ္တေပွဲနေ့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်ကြွလာခြင်းဟာ သခင်ယေရှုဒုတိယအကြိမ် ဆင်းကြွလာပြီးဖြစ်တယ်။ ဒါကြောင့် နောက်ထပ်တဖန် ပြန်ဆင်းကြွလာတော့မှာ မဟုတ်ဘူးလို့ ခံယူတဲ့သူ အများကြီး ရှိကြပါတယ်။ ဒါပေမယ့် ကျမ်းတတ်ပညာရှင်များစွာကလည်း သခင်ယေရှုကောင်းကင်ဘုံကို တက်ကြွတော်မူတာ မျက်မြင်တွေ့ကြရသလို ပြန်လည်ဆင်းသက် ကြွလာတော်မူတဲ့အခါ မျက်ဝါးထင်ထင် မြင်တွေ့ကြလိမ့်မယ် (တမန် ၁း၁၁၊ ၁သက် ၁း၉-၁၀၊ ၂း၁၉၊ ၃း၁၂၊ ၄း၁၆၊ ၅း၂၃)။ သခင်ယေရှုဒုတိယအကြိမ် ဆင်းကြွလာမဲ့နေ့ရက်ကို မျှော်လင့်လျက် စောင့်နေကြတဲ့ ယုံကြည်သူများစွာ ရှိပါတယ်။ သမ္မာကျမ်းစာက အတိအလင်း ဖော်ပြထားသလို သခင်ယေရှုဒုတိယအကြိမ် ဆင်းကြွလာပါလိမ့်မယ် (ယော ၁၄း၃၊ ၁၈)။ ဒါကြောင့် မျှော်လင့်ခြင်း၊ ခိုင်မြဲစွာယုံကြည်ခြင်းနှင့် စိတ်အားထက်သန်စွာ စောင့်စားလျက် ရှိနေကြပါတယ်။
သြဂုတ်လ ၆ ရက်၊ ၂၀၁၆ ခုနှစ် (စနေနေ့)။

No comments:

Post a Comment