Pages

Thursday, June 29, 2017

အလိုတော်အတိုင်းကျင့်ခြင်း

“ငါ့ကို ချစ်၍ ငါ့ပညတ်တို့ကို ကျင့်သော သူတို့၏ အမျိုး အစဉ် အဆက် အထောင် အသောင်း တိုင်အောင်၊ ဂရုဏာကို ပြသောဘုရား ဖြစ်၏” (ထွက် ၂၀း၆)။

ကျနော်တို့ကိုးကွယ်တဲ့ ဘုရားသခင် နှစ်သက်တော်မူတဲ့ အရာဟာ သူ့ကို ချစ်ပြီး ပညတ်အတိုင်း ကျင့်ခြင်း ဖြစ်ပါတယ်။ ဘုရားသခင်ဟာ ပညတ်ကို သိရုံမျှသာမဟုတ်၊ သူ့ကို ချစ်ပြီး ကျင့်တဲ့သူတို့ကို နှစ်သက်တော်မူပါတယ်။ ဒါကြောင့် ဘုရားသခင်သခင်ရဲ့အလိုတော်ကို သိရုံသာ မဟုတ်ပဲ နေ့စဉ်အသက်တာမှာ
လိုက်နာကျင့်သုံးရန် လိုအပ်လှပါတယ်။ ယနေ့ယုံကြည်သူများဟာ ဘုရားသခင်ရဲ့ အလိုတော်ကို ကျေညက်စွာ သိရှိကြပါတယ်။ ဒါပေမယ့် အသက်တာ ထိမိ၍ တည်ဆောက်စရာအဖြစ် ခံယူကျင့်တဲ့သူ အလွန် နည်းပါးပါတယ်။ ဒါကြောင့် ခရစ်ယာန်အသက်တာမှာ လိုအပတဲ့ အသီးအပွင့်များကို မတွေ့မြင်နိုင်ခြင်း ဖြစ်ပါတယ်။ ဘုရားသခင်ဟာ သူ့ကို ချစ်ပြီး ပညတ်များအတိုင်း ကျင့်တဲ့သူတို့ရဲ့ မျိုးဆက်တွေကို ဂရုဏာပြတော်မတဲ့ ဘုရားဖြစ်ကြောင်း သတိရဖို့ လိုအပ်ပါတယ်။ ပညတ်တို့ကို ကျင့်ခြင်းဆိုတာ အလိုတော်အတိုင်း အသက်ရှင်၊ လုပ်ဆောင်ခြင်းနှင့် လျှောက်လှမ်းခြင်းပဲ ဖြစ်ပါတယ်။

၁။ အသက်ချမ်းသာရာ ဖြစ်တယ်။
ဘုရားသခင်က နောဧကို သင်္ဘောတည်ဆောက်ဖို့ စေခိုင်းခဲ့ပါတယ်။ နောဧကလည်း ဘုရားသခင် မိန့်တော်မူတဲ့ အတိုင်း တသွေမတိမ်း လိုက်နာလုပ်ဆောင်ခဲ့ပါတယ် (ကမ္ဘာဦး ၆း၁၃-၂၂)။ ဘုရားသခင်က နောဧကို အကြိမ်ကြိမ် စေခိုင်းဖို့ မလိုပါဘူး။ တစ်ကြိမ်တည်း စေခိုင်းရုံနှင့် နာခံတယ်ဆိုတာ တွေ့နိုင်ပါတယ်။ ဒီနေ့ များစွာသော ယုံကြည်သူတို့ဟာ ဘုရားသခင်ရဲ့ အလိုတော်ကို အကြိမ်ကြိမ် ကြားနာကြသော်လည်း နာခံလိုက်လျှောက်ခြင်း မရှိကြပါဘူး။ အလိုတော်နှင့် ပညတ်များကို နာခံအသက်ရှင်ဖို့ အားနည်းလျက် ရှိနေပါတယ်။ နောဧဟာ ဘုရားသခင်ရဲ့ အမိန့်တော်အတိုင်း တိကျစွာ လိုက်လျှောက်တဲ့အတွက် သူနှင့်တကွ သူ့အိမ်သူအိမ်သား အားလုံးဟာ ရေလွှမ်းမိုးခြင်းဘေးကနေ အသက်ချမ်းသာရာ ရရှိကြပါတယ် (ကမ္ဘာဦး ၇း၁-၁၆)။ ဘုရားသခင်ရဲ့ ပညတ်အတိုင်း အသက်ရှင်ခြင်းဟာ အသက်ချမ်းသာရာ ဖြစ်ပေတယ်။ ကျနော်တို့အားလုံး အလိုတော်အတိုင်း နာခံလျှောက်လှမ်းမယ် ဆိုရင် အသက်ချမ်းသာရာ ရရှိစေမှာပါ။ အလိုတော်အတိုင်း နာခံအသက်ရှင်တဲ့ နိုင်ငံ၊ လူမျိုးနှင့် မိသားစုများကို ဘုရားသခင်က ကွယ်ကာစောင်မပြီး အသက်ချမ်းသာစေပါတယ်။

၂။ ကျန်းမာသန့်ရှင်းစေပါတယ်။
ဗိုလ်ချုပ်နေမန်ဟာ ရှုရိဘုရင်ရဲ့ အားထားရတဲ့ ခွန်အားကြီးစစ်သူရဲဖြစ်တယ်။ ဒါပေမယ့်လည်း သူဟာ နူနာစွဲဝေဒနာ ခံစားနေရပါတယ်။ အဲဒီိနူနာစွဲဝေဒနာ ပျောက်ကင်းလတဲ့အတွက် ရန်သူတော်ဣသရေလလူမျိုး ဖြစ်သော ဘုရားသခင်ရဲ့ ပရောဖက်ဧလိရှဲဆီကို သွားခဲ့ပါတယ်။ လွန်စွာပင် စိတ်ဆိုးအမျက်ထွက်သော်ငြားလည်း ဝေဒနာပျောက်ကင်းလိုတဲ့အတွက် ပရောဖက်ဧလိရှဲရဲ့ စကားအတိုင်း လိုက်နာခဲ့ပေတယ်။ နောက်ဆုံးမှာ ဧလိရှဲ စေခိုင်းတဲ့အတိုင်း လိုက်နာပြီး ယောဒန်မြစ်မှာ ခုနှစ်ကြိမ် နှစ်ပြီးတဲ့အခါ သူ့ရဲ့နူနာ ပျောက်ကင်းလျက် သန့်ရှင်းခြင်းသို့ ရောက်တယ်ဆိုတာကို တွေ့နိုင်ပါတယ် (၄ရာ ၅း၁၀-၁၄)။ ဘုရားသခင်ရဲ့ အလိုတော်ကို လိုက်နာခြင်းဖြင့် ၀ိညာဉ်ရေးအတွက်သာမက စိတ်နှင့် ကိုယ်ခန္ဒာ ကျန်းမာခြင်းကို ဖြစ်စေပါတယ်။ ဘုရားသခင်ရဲ့ အလိုတော်ကို လိုက်နာခြင်းဖြင့် စိတ်ကို ကျန်းမာစေပါတယ်။ စိတ်ကျန်းမာရင် ကိုယ်ခန္ဒာလည်း ကျန်းမာသန်စွမ်းနိုင်ပါတယ်။ ဘုရားသခင်ရဲ့ အမိန့်တော်ကို လိုက်နာကြည့်ရှုခြင်းဖြင့် အသက်ချမ်းသာရာရပြီး ကျန်းမာစေကြောင်း တွေ့မြင်ရပါတယ် (တောလည် ၂၁း၈-၉)။ ဘုရားသခင်ရဲ့ အလိုတော်ကို လိုက်နာခြင်းဟာ ကျန်းမာခြင်းကို ဖြစ်စေပါတယ်။

၃။ အောင်မြင်စေပါတယ်။
သခင်ယေရှုဟာ ဂင်္နေသရက်အိုင်နားမှာ ရပ်လျက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားကို ဟောပြောခဲ့ပါတယ်။ အဲဒီနောက် ရှိမုန်ရဲ့ လှေထဲကို ၀င်ပြီး လှေကို ကမ်းနားကနေ အနည်းငယ် ခွာစေပါတယ်။ သခင်ယေရှုက အဲဒီိလှေပေါ်မှာ ထိုင်လျက် ပရိသတ်များကို ဆုံးမသြ၀ါဒ ပေးခဲ့ပါတယ်။ အဲဒီနောက် ရှိမုန်ကို ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့၊ ပိုက်ကွန်ကို ချ၍ ငါးကို အုပ်စမ်းလော့ လို့ မိန့်တော်မူပါတယ်။ ရှိမုန်ကလည်း သခင်၊ အကျွန်ုပ်တို့သည် တညဥ့်လုံး ကြိုးစားသော်လည်း တကောင်ကိုမျှ မရပါ။ သို့ရာတွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကို ချပါမည် လို့ ဖြေကြားခဲ့ပါတယ် (လုကာ ၅း၁-၇)။ အခြားရေအိုင်မှာ ကိုယ်တော်က မိန့်တော်မူရင်တော့ ဖြစ်နိုင်ချေရှိမှာပါ။ အခုတော့ ရှိမုန်တို့ တညဥ့်လုံး ကြိုးစားသော်လည်း တကောင်ကိုမျှ မရတဲ့နေရာမှာ ကိုယ်တော်က ပိုက်ကွန်ချဖို့ စေခိုင်းခြင်း ဖြစ်သော်လည်း ရှိမုန်က နာခံမှုရှိတဲ့အတွက် ပိုက်ကွန်ကို ချခဲ့ပါတယ်။ ဒါကြောင့် ကြီးစွာသော အောင်မြင်ခြင်းကို ရရှိခဲ့ပေတယ်။

နိဂုံး။
ဘုရားသခင်ရဲ့ တရားတော်ဟာ နားဖြင့် ကြားပြီး သိရုံသက်သက်အတွက်မျှသာ မဟုတ်ပါဘူး။ လိုက်နာလေ၊ျှာက်လှမ်းရမယ့် အရာများစွာ ဘုရားသခင်က သမ္မာကျမ်းစာထဲမှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ ကျမ်းစာထဲမှာ ဥပမာပေါင်းများစွာ ရှိခဲ့ပါတယ်။ နောဧလို ဘုရားသခင်ရဲ့ ပညတ်နှင့် အလိုတော်ကို လိုက်နာခြင်းဖြင့် အသက်ချမ်းသာစေပါတယ်။ နေမန်လို ဘုရားသခင်ရဲ့ စေခိုင်းခြင်းကို လိုက်နာခြင်းဖြင့် ကျန်းမာသန့်ရှင်းစေပါတယ်။ ရှိမုန်လို ဘုရားသခင်ရဲ့ အမိန့်တော်ကို နာခံခြင်းဖြင့် အောင်မြင်စေပါတယ်။ ထာဝရဘုရားသခင်က “ငါ့ကို ချစ်၍ ငါ့ပညတ်တို့ကို ကျင့်သော သူတို့၏ အမျိုး အစဉ် အဆက် အထောင် အသောင်း တိုင်အောင်၊ ဂရုဏာကို ပြသောဘုရား ဖြစ်၏” (ထွက် ၂၀း၆) လို့ မိန့်မှာချက်ကို အစဉ်သတိရ လိုက်နာဖို့ လိုအပ်ပါတယ်။

ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော်ဒေါက်တာဟရန်မှုန်း၊
 တောင်ဖီလာရပ်ကွက်၊ ကလေးမြို့။
ဇွန်လ ၄၊ ၂၀၁၆ ခုနှစ်။ ည ၁၁း၃၀နာရီ။

No comments:

Post a Comment