Pages

Tuesday, August 23, 2016

ယုံကြည်ခြင်းအုတ်မြစ်



“ချစ်သူတို့၊ သင်တို့သည် အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကို တည်ဆောက်လျက်၊ သန့ှ်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်းပဌနာပြုလျက် နေကြလော့” (ယုဒ ၁း၂၀)။
ဖတ်ရန်ကျမ်းချက်။ မဿဲ ၇း၂၄-၂၇။


လူမှန်ရင် မိမိနေထိုင်ဖို့ အိမ်တွေကို တည်ဆောက်ကြရပါတယ်။ အဲဒီလိုဆောက်ကြတဲ့အခါ အောက်ခြေအုတ်မြစ်ဟာ သိပ်အရေးကြီးပါတယ်။ လူတွေဘယ်အပေါ်မှာတည်ဆောက်နေလည်း ဆိုတဲ့အပေါ်မူတည်ပြီး အိမ်ရဲ့ ခိုင်ခန့်မှုကို သိနိုင်ပါတယ်။ အဲဒီအကြောင်းနှင့် ပတ်သက်ပြီး သခင်ယေရှုပြောပြတဲ့ ဥပမာလေးဟာ တော်တော်လေးရှင်းပါတယ်။ အိမ်ဆောက်တဲ့အခါ အုတ်မြစ်က အရေးကြီးသလို ယုံကြည်သူခရစ်ယာန်တွေအတွက် ယုံကြည်ခြင်း အုတ်မြစ်ဟာ လွန်စွာအရေးကြီးပါတယ်။ ကျနော်တို့ အသက်တာရဲ့ အုတ်မြစ်ဟာ ဘာအပေါ်မှာ တည်ထားသလည်းဆိုတာက နေ့စဉ်ကျနော်တို့ရဲ့ ပြုမူနေထိုင်ခြင်းပုံစံက ဆုံးဖြတ်ချက်ပေးနေပါတယ်။ လူတွေအများစုက မြန်မြန်ပြီးနိုင်မယ့် အပြင်ပန်း လှပတာကို ဦးစားပေးနေကြတယ်။ ဒါပေမယ့် သခင်ယေရှုကတော့ ခိုင်ခန့်တာကို ပိုပြီး သဘောကျနှစ်သက်ပါတယ်။ ဒီကျမ်းချက်ကို ဖတ်တဲ့အခါမှာတော့ အသက်တာတည်ဆောက်ထားတဲ့ အုတ်မြစ်နှစ်ခုအကြောင်းကို ရှင်းပြထားတာကု တွေ့ရပါတယ်။ ကျောက်ပေါ်မှာ တည်ထားတဲ့အုတ်မြစ်နှင့် သဲပေါ်မှာတည်ထားတဲ့အုတ်မြစ်ရယ်ပါ။ တနည်းအားဖြင့် ပြောရရင်တော့ ပညာရှိသူနှင့် ပညာမဲ့သူအိမ်ဆောက်နည်းအကြောင်းလေး ဖြစ်ပါတယ်။

၁။ သဲပေါ်မှာ တည်ထားတဲ့အုတ်မြစ်။
သဲပေါ်မှာ တည်ထားတဲ့အုတ်မြစ်ကို တနည်းအားဖြင့် ပညာမဲ့သူအိမ်ဆောက်နည်းလို့ ဆိုနိုင်ပါတယ်။ သဲပေါ်မှာဆောက်တဲ့အိမ်ဟာ ဘယ်နည်းနှင့်မှ မခိုင်ခံ့နိုင်ဘူးဆိုတာ အားလုံးသိကြပြီးသားပါ။ ကျနော်တို့လည်း နှလုံးသားထဲကနေ မဟုတ်ပဲ အပေါ်ယံလေးနှင့်သာ ယုံကြည်သူ ဖြစ်ကြရင်တော့ သတိထားစရာတွေ ဖြစ်နေပါပြီ။ အဲဒီလို လူစားတွေကတော့ ဘုရားသခင်ရဲ့ စကားတော်ကို ကြားသာကြားရပြီး လက်တွေ့လိုက်နာလုပ်ဆောင်ဖို့ ပျက်ကွက်နေကြတဲ့ သူတွေပါ။ ဘုရားသခင်ဟာ လူတွေကို နေ့စဉ် နည်းမျိုးစုံနှင့် စကားပြောနေပါတယ်။ ဒါကို လူတော်တော်များများက နားရှိလျက်နှင့် မကြားကြပါဘူး၊ မကြားချင်ကြပါဘူး။ ကြားရင်လည်း အာရုံမစိုက်၊ ဘာမှ စိတ်မ၀င်စားကြလို့၊ နှလုံးမသွင်းကြတော့ ခရစ်ယာန်အသက်တာမှာ ထူးခြားမှု တစ်စုံတစ်ခုမှ ဖြစ်မလာပါဘူး။ နောဧခေတ်မှာတုံးကလည်း ထိုနည်းတူ ဖြစ်ခဲ့တယ်ဆိုတာ သမ္မာကျမ်းစာက ဆိုထားပါတယ်။ လူတွေဟာ နောဧအားဖြင့် ကြားရတဲ့ ဘုရားသခင်ရဲ့စကားကို နှစ်ပေါင်းများစွာ ကြားနေကြရသော်ငြားလည်း လုံးဝဂရုမစိုက်ကြပါဘူး။ ပြောတဲ့လူကိုတောင် လှောင်လိုက်ကြပါသေးတယ်။ နောက်ဆုံး ရေလွှမ်းမိုးခြင်း ရောက်လာတော့ နောက်ကျသွားပါပြီ။ လူတွေအားလုံး အသက်ဆုံးရှုံးကြရပါတယ်။ ကြားလျက်နားမထောင်ခြင်းရဲ့ အကျိုးပါ။ ယနေ့အချိန်ဟာ နောက်ဆုံးသောကာလကို ရောက်နေပါပြီ။ အဲဒီနောက်ဆုံးသောကာလဟာလည်း နောဧခေတ်ကလို ဖြစ်နေပြီဆိုတာ သတိပြုသင့်ပါတယ်။ အပေါ်ယံသဘောနှင့်တော့ ခိုင်ခံ့တဲ့အုတ်မြစ်ကို တည်နိုင်မှာ မဟုတ်ဘူးဆိုတာ ဆင်ခြင်သုံးသပ်ဖို့ လိုအပ်ပါတယ်။

၂။ ကျောက်ပေါ်မှာ တည်ထားတဲ့အုတ်မြစ်။
တနည်းပြောရရင်တော့ ပညာရှိသူအိမ်ဆောက်နည်း ဖြစ်ပါတယ်။ ကျောက်ပေါ်မှာ ဆောက်တဲ့အိမ်ဟာ ခိုင်ခံမှုရှိတယ်။ ဘေးဒဏ်မျိုးစုံကို ခံနိုင်တယ်။ အုတ်မြစ်ခိုင်ခံ့တဲ့အတွက် ဘယ်သူကမှ ဒုက္ခမပေးနိုင်ပါဘူး။ ဒီလိုပါပဲ၊ ဘုရားသခင်ရဲ့ စကားတော်ကို ကြားလျက်နားထောင်သောသူဟာ ကျောက်ပေါ်မှာ မိမိအသက်တာကို အုတ်မြစ်ချသောသူနှင့် တူပါတယ်။ ဘယ်လိုစစ်ကြောခြင်း၊ စုံစမ်းနှောက်ရှက်ခြင်းမှ သူ့ကိုဝါးမြိုလို့ မရနိုင်သလို တိုက်လှဲဖို့လည်း မဖြစ်နိုင်ပါဘူး။ ယောသပ်ရဲ့ အသက်တာကို ကြည့်ကြပါစို့။ သူ့အသက်တာဟာ ဘုရားသခင်ရဲ့ စကားတော်အပေါ်မှာပဲ ခိုင်ခံစွာချထားတယ် ဆိုတာ တွေ့နိုင်ပါတယ်။ ဒါကြောင့်လည်း ဘယ်လိုသွေးဆောင်မှု၊ ခက်ခဲမူကမှ သူ့ကို အပြစ်တွင်းထဲသို့ ဆွဲမချနိုင်ပါဘူး။ နောက်ဆုံး ဘုရားသခင် အလိုတော်ရှိတဲ့ ပန်းတိုင်ဆီကို ရောက်ရှိအောင်ပွဲခံနိုင်ခဲ့သူပါ။ ဒံယေလတို့ရဲ့ အသက်တာကို လေ့လာကြည့်ရင်လည်း ဘုရာသခင်ရဲ့ စကားတော်အပေါ်မှာ အသက်ရှင်ကြတဲ့သူတွေ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးတွေနှင့် နေထိုင်တဲ့အချိန်မှာပဲ ဘုရားသခင်ရဲ့ စကားတော်ကို နားထောင်ခဲ့တာမဟုတ်ပါဘူး။ သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဗာဗုလုန်တိုင်းပြည်မှာလည်း ဘုရားသခင့်စကားကို နားထောင်သူတွေပါ။ ဘယ်လိုအခြေအနေမှာပဲရောက်ရောက် သူတို့ရဲ့ယုံကြည်ခြင်းကတော့ ခိုင်မြဲလှပါတယ်။ ဒါကြောင့် သူတို့တတွေ အသက်ဘေးနှင့် ရင်ဆိုင်နေချိန်မှာလည်း ဆုတောင်းခြင်းနှင့် ရင်ဆိုင်နိုင်ပြီးတော့ သူများတွေ မဖြေရှင်းနိုင်တာတွေကိုလည်း ဖြေရှင်းအောင်မြင်သူတွေ ဖြစ်လာကြပါတယ်။ ဒါကြောင့် ကျနော်တို့ နေ့စဉ် အသက်တာကို ဘယ်အပေါ်မှာ တည်ဆောက်နေသလည်းဆိုတာ သိပ်ကိုအရေးကြီးပါတယ်။

နိဂုံး
ရှင်ယုဒက၊ “ချစ်သူတို့၊ သင်တို့သည် အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကို တည်ဆောက်လျက်၊ သန့ှ်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်းပဌနာပြုလျက် နေကြလော့” (ယုဒ ၁း၂၀) လို့ ဆုံးမတားပါတယ်။ ကျနော်တို့ရဲ့ နေစဉ်အသက်တာမှာ ဘုရားသခင်ကို အမြဲဦးထိပ်ထားလျက် ယုံကြည်ခြင်းစိတ် ခိုင်မာဖို့ လိုပါတယ်။ ယေရှုခရစ်တော် ပြောထားတဲ့အတိုင်း ကျနော်တို့ရဲ့ ယုံကြည်ခြင်းအုတ်မြစ်ဟာ ကျောက်ပေါ်မှာ တည်ထားတဲ့အိမ်လို ခိုင်ခံ့မြဲမြံဖို့ အရေးကြီးလှပါတယ်။ ယုံကြည်ခြင်းအုတ်မြစ် ခိုင်မာမှာသာ ကျနော်တို့အသက်တာမှာ ရင်ဆိုင်နေရတဲ့ ခက်ခဲမှုတွေအားလုံးကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ သခင်ယေရှုဖော်ပြထားတဲ့အတိုင်း ပညာရှိသူအိမ်ဆောက်နည်းဖြင့် မိမိအိမ်ကို ဆောက်သောသူဖြစ်ဖို့ လွန်စွာပင် အရေးကြီးပါတယ်။

အယောက်စီတိုင်းအပေါ် ဘုရားသခင် သာ၍ ကောင်းကြီးသွန်းလောင်းတော်မူပါစေသော်။ အာမင်။

ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော်ဒေါက်တာစီဂျေဟရန်မှုန်း၊ PhD.
ခေတ္တ Yangon, Myanmar.
Feb. 27, 2016|Saturday|10:00pm.

No comments:

Post a Comment