Pages

Wednesday, February 17, 2016

“ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်…”



(နှစ်သစ်မှာ ခွန်အားယူစရာ - ၂၀၁၆)
“ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်…”

“ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တဘက်၌ နေနိုင်မည်နည်း” (ရောမ ၈း၃၁)။

ဒီလောကအရာများနှင့် ကျနော်တို့ကို ခွန်အားပေးမယ့်အရာတွေကို ရှာဖွေမယ်ဆိုရင်တော့ ဘယ်တော့မှ တွေ့နိုင်မှာ မဟုတ်ပါဘူး။ သခင်ယေရှုက “သင်တို့သည် လောကီနှင့် ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့်ဆက်ဆံသော သင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏” လို့ မိန့်မှာထားပါတယ် (ယော ၁၅း၁၉)။ သခင်ယေရှုပြောကြားထားတဲ့အတိုင်း ကျနော်တို့ရင်ဆိုင်ရမယ့်အရာတွေက ဆန့်ကျင်ဘက်အတိုက်အခံတွေဘဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ်လဲ ကျနော်တို့ သိထားရမယ့်အရာကတော့ ဘုရားသခင်ဟာ အဲဒီအရာအားလုံးထက် ပိုပြီး ကြီးမြတ်တော်မူတယ် ဆိုတဲ့အချက်ပါဘဲ။ ဒါကြောင့် ခရစ်တော်အားဖြင့် အခြားသောအရာတွေကို စိုးရိမ်ပူပန်နေစရာမလိုပါဘူး။

ရှင်ပေါလုရဲ့အသက်တာကို လေ့လာကြည့်ပါက ရှုထောင့်စုံမှ တိုက်ခိုက်ဆန့်ကျင်မှုများနှင့် ကြုံတွေ့ရကြောင်း တွေ့နိုင်ပါတယ်။ သူသွားရောက်တဲ့ မြို့ရွာတိုင်းတွင် ယုဒလူမျိုး၊ ဟေလသလူမျိုး နှင့် အခြားယုံကြည်သူများရဲ့ ဆန့်ကျင်မှုများ ကြုံတွေ့ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဘုရားသခင့်အပေါ်မှာ သစ္စာစောင့်သိခဲ့ပါတယ်။ ဘယ်လိုပြသနာများနှင့် ကြုံတွေ့နေစေကာမူ သူ့ကိုစေခိုင်းတော်မူတဲ့ သခင်ယေရှုရဲ့ အမှုတော်ကို ထမ်းဆောင်သူဖြစ်ကြောင်း သိနားလည်ခဲ့ပါတယ်။ သူနှင့်အတူ ဘုရားသခင်ဟာ အမြဲတမ်းရှိနေတယ်ဆိုတာ သိကျွမ်းထားတဲ့အတွက် မထင်မှတ်တဲ့နေရာကနေ ဘယ်လိုပြသနာတွေဘဲလာလာ ခိုင်မြဲစွာရပ်တည်နိုင်စွမ်း ရှိခဲ့တာပါ။

ရှင်ယောဟန်လည်း သူနှင့်အတူ ဘုရားသခင်အတူရှိတယ်ဆိုတာ သိနားလည်ထားတယ်။ ဒါကြောင့် “ချစ်သားတို့ သင်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်း အောင်ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ ရှိသောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးတော်မူ၏” လို့ဆိုထားပါတယ် (၁ယော ၄း၎)။ ဘုရားသခင်ကို စိတ်ချယုံကြည်ပါက ဘယ်လိုအခက်အခဲတွေ၊ ဆန့်ကျင်မှုတွေ ကြုံတွေ့ရင်လည်း ခိုင်မာစွာ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကိုယုံကြည်အားကိုးတဲ့သူတွေကို ဘုရားသခင်အမြဲစောင့်ရှောက်ပေးနေလို့ပါဘဲ။ ကျနော်တို့ရဲ့အောင်နိုင်ခြင်းဟာ ဒီလောကရဲ့ လက်ခံတာ၊ လက်မခံတာနှင့် မဆိုင်ပါဘူး။ ကျနော်တို့ရဲ့အောင်နိုင်ခြင်းဟာ ဘုရားသခင်ရဲ့အလိုတော်နှင့် တန်ခိုးအာဏာပေါ်မှာဘဲ ရှိပါတယ်။

ဘုရားသခင်က “ထို့အတူ ငါ၏နှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့ မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်” လို့ ပြောထားပါတယ် (ဟေရှာ ၅၅း၁၁)။ ဘုရားစေခိုင်းတဲ့အရာဟာ သူ့နှုတ်ကပတ်တော်ကို ဟောပြောသက်သေခံဘို့ဖြစ်ပါတယ်။ ဒါကို ကျနော်တို့ ဆက်ဆက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အောင်မြင်ခြင်းကတော့ ဘုရားသခင့်အလိုတော်အတိုင်း ဖြစ်ပါလိမ့်မယ်။ ဘုရားသခင်ကတော့ သူ့ရည်ရွယ်ချက်အတိုင်း သူ့အလိုကို ပြည့်စုံစေမှာပါ။ သူစေခိုင်းတဲ့အမှုတွေလည်း အောင်မြင်မှာ ဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့အတွက် နှစ်သိမ့်ခြင်းဘဲ ဖြစ်ပါတယ်။ ဘုရားသခင်ဟာ ကျနော်တို့ဘက်မှာ ရှိတော်မူရင်တော့ ဘယ်သူက ကျနော်တို့တဘက်မှာ နေနိုင်မှာလဲ။

ရှင်ပေါလုရဲ့အသက်တာကို ကြည့်မယ်ဆိုရင် သူဟာ အမြဲတမ်း သင်ယူနေသူဖြစ်တာကို သိနိုင်မှာပါ။ သူဟာ ပညာတတ်တစ်ယောက် ဖြစ်တယ်။ ဘာသာစကားများစွာ တတ်ကျွမ်းသူလည်း ဖြစ်တယ်။ ဒါပေမယ့် သူက “ညီအစ်ကိုတို့၊ ငါသည် သင်တို့ ရှိရာသို့ ရောက်လာသောအခါ၊ ဘုရားသခင်၏သက်သေချက်ကို ထူးမြတ်သောစကားနှင့် ထူးမြတ်သောပညာအားဖြင့် သင်တို့အား ပြသ၍ ရောက်လာသည်မဟုတ်” လို့ပြောထားပါတယ် (၁ကော ၂း၁)။ သူဟောပြောတဲ့ သတင်းကောင်းတွေဟာ သူ့ရဲ့အစွမ်းတွေ၊ တန်ခိုးတွေကြောင့်လို့ မခံယူခဲ့ပါဘူး။ ဒီအရာနှင့် ပတ်သက်ပြီး သူဆက်ပြောထားတာကတော့ “ပေါလုကား အဘယ်သူနည်း။ အာပေါလုကား အဘယ်သူနည်း။ အခြားသောသူမဟုတ်၊ ထာဝရဘုရားသည် အသီးသီးတို့အား အခွင့်ပေးသနားတော်မူသည်နှင့်အညီ၊ သင်တို့ကို ယုံကြည်ခြင်းသို့ ရောက်စေသော ဓမ္မဆရာပေတည်း။ ငါသည် စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူဖြစ်၏။ အပင်ကို ကြီးပွားစေသောသူကား၊ ဘုရားသခင်းပေတည်း” ဆိုတာပါဘဲ (၁ကော ၃း၅-၆)။ အပြစ်နွံတွင်းထဲမှာ ဆင်းသက်ကျရောက်နေတဲ့ သူတွေဆီကို ကယ်တင်ခြင်းသတင်းကောင်း ဟောပြောခြင်းဟာ ကျနော်တို့ရဲ့ ၀န်ထုပ်တွေကို ပေါ့ပါးစေပါတယ်။ လူတွေ ကယ်တင်ခြင်းရဘို့ဆိုတာ ကျနော်တို့ရဲ့ အစွမ်းကြောင့် မဟုတ်ပါဘူး။ ဘုရားက ကျနော်တို့ကို ဟောပြောဘို့ဘဲ စေခိုင်းတာပါ။ ကျန်တာတွေက ဘုရားသခင်ရဲ့ တာဝန်သာ ဖြစ်ပါတယ်။

ဘုရားသားသမီးများအနေနှင့် ဘုရားသခင်စေခိုင်းတဲ့ အလုပ်အားဖြင့် ခွန်အားယူကြပါစို့။ အမှုတော်မြတ် အောင်မြင်ရေးအတွက် ဘုရားက သင့်ကို ခေါ်တာ၊ စေခိုင်းတာ ဖြစ်တယ်။ ပျောက်ဆုံးဝိညာဉ်များစွာ ကယ်တင်ဘို့ ခေါ်ခြင်း ဖြစ်တယ်။ ယေရှုခရစ်တော် တစ်ပါးတည်းသာလျှင် ကယ်တင်ရှင်ဖြစ်ကြောင်း လမ်းညွှန်ပြသဘို့ ခေါ်ခြင်း ဖြစ်ပါတယ်။ တိုးတက်ပွားများစေတာကတော့ ဘုရားသခင်ရဲ့လက်ထဲမှာဘဲ ရှိတယ်။ မှန်ပါတယ်၊ ဘုရားသခင်ဟာ ကျနော်တို့ဘက်မှာ ရှိတော်မူရင်တော့ ဘယ်သူက ကျနော်တို့တဘက်မှာ နေနိုင်မှာလဲ။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ ဘက်မှာ ဧမာနွေလဘုရား ရှိနေပါတယ်။ ကျနော်တို့နှင့် ကပ်ကမ္ဘာကုန်တဲ့အထိ အတူရှိနေမယ့်ဘုရား ဖြစ်ပါတယ်။

ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော်ဒေါက်တာစီဂျေဟရန်မှုန်း၊ PhD.,
ခေတ္တ Salt Lake City, Utah, USA.
December 31, 2015 (Thursday).

No comments:

Post a Comment