Tuesday, December 29, 2015

ခရစ္စမတ်အတွက်ပြင်ဆင်ခြင်း

ထိုကာလအခါ ဗတ္တိဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ၊ ထို့ကြောင့် နောင်တရကြလော့ဟု ယုဒတော၌ ဟောလေ၏ (မ ၃း၁-၂)။
ဆက်လက်ဖတ်ရန်ကျမ်းချက် - မ ၃း၁-၁၂။

နှစ်စဉ်ဒီဇင်ဘာလရောက်ပြီဆိုလျှင် ယုံကြည်သူများသည် ခရစ္စမတ်အတွက် ပြင်ဆင်လျက် ရှိနေကြပါသည်။ ယခုနှစ် ခရစ္စမတ်ပွဲတော်အတွက် ဘာတွေလိုအပ်မည်နည်း၊ မည်သည့်အရာများကို ဆောင်ရွက်ရမည်နည်း စသည်ဖြင့် အသင်းတော်၊ မိသားစုတိုင်းတွင် လိုအပ်ချက်များအတွက် ကြိုတင်ပြင်ဆင်လျက် ရှိကြပေသည်။ အ၀တ်အစား၊ အစားအသောက်များနှင့် အခြားသောကိစ္စများအတွက် ပြင်ဆင်လျက် နေကြပေမည်။ ခရစ္စမတ်ဟူသည် လောကရှိ အပြစ်သားများ ကယ်တင်ဖို့ရန် ကောင်းကင်ဘုံပလ္လင်တော်ကိုစွန့်လျက် အပြစ်သားများကို ကယ်တင်ရန် ဆင်းသက်ကြွဆင်းလာသော ယေရှုခရစ်တော် မွေးဖွားသည့်ချိန်ခါသမယ  ဖြစ်ပါသည်။  လောကီအပြစ်သား အားလုံး ကယ်တင်ခြင်းရရှိနိုင်ဖို့ရန်အတွက် ဖြစ်ပါသည်။ ဘုရားသခင်သည် သူဖန်ဆင်းထားသည့် လူသားများ အားလုံး ကောင်းကင်နိုင်ငံတော် တည်လုနီးကြောင်း သိရှိစေရန်နှင့် အပြစ်မှ နောင်တရစေရန် အတွက် ဗတ္တိဇံ(နှစ်ခြင်း) ဆရာယောဟန် အားဖြင့် ပြင်ဆင်ခဲ့ပါသည်။

၁။ ဘုရားသခင်၏ပြင်ဆင်ခြင်း။
ဘုရားသခင်ကိုယ်တော်တိုင် ခရစ္စမတ်အတွက် ပြင်ဆင်ခဲ့ပါသည်။ ဤသို့ဖြင့် အချိန်ကာလစေ့သောအခါ၊ ငါတို့သည် သား၏အခွင့်အရာကို ခံရမည်အကြောင်း၊ ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနှုတ်စေခြင်းငှါ၊ မိန်းမ၀မ်း၌ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ဘွားမြင်ရသော သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏ (ဂလာ ၄း၎-၅)။ ဤနေရာတွင် တွေ့ရသည့်အချက်မှာ ဘုရားသခင်သည် သတ်မှတ်သော အချိန်ကာလကို ထားရှိပြီး သတ်မှတ်အချိန်ကာလမစေ့မချင်း စောင့်ဆိုင်းလျက်ရှိနေကြောင်း သိမြင်နိုင်ပါသည်။ အရာခပ်သိမ်းတွင် ဘုရားသခင်သည် အချိန်ကာလကို သတ်မှတ်လျက် လုပ်ဆောင်လေ့ရှိကြောင်း သတိပြုနိုင်ပါသည်။ ကယ်တင်ရှင်ယေရှု ဤလောကသို့ မဆင်းကြွမီ ပရောဖက်များ၊ ရှင်ဘုရင်များကို စေလွှတ်လျက် သားတော်လာမည့်လမ်းကြောင်းကို ကြိုတင် ရှင်းလင်းကာ ပြင်ဆင်ထားခဲ့ကြောင်း သမ္မာကျမ်းစာအားဖြင့် သိနိုင်ပါသည်။ သားတော်မွေးဖွားတော်မူခြင်းအားဖြင့် ကမ္ဘာ့သက္ကရာဇ်ပင်လျှင် ပြောင်းလဲသွားနိုင်ခဲ့ပေသည် (ဘီစီမှ အေဒီသို့)။ ကျွန်ုပ်တို့အနေဖြင့် ခရစ္စမတ်ကို ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲနိုင်ရေးအတွက် ဘုရားသခင်သည် နှစ်ပေါင်းများစွာကတည်းက ပြင်ဆင်ထားခဲ့ပါသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ အပြစ်သားများကို ရွေးနှုတ်ရှာဖွေလျက် ကယ်တင်နိုင်ဖို့ရန် ဘုရားသခင်ကြိုတင် ပြင်ဆင်ထားသည့်အတိုင်း ဤလောကသို့ ဆင်းကြွလာခဲ့ပေသည်။

၂။ ဗတ္တိဇံဆရာယောဟန်၏ ပြင်ဆင်ခြင်း။
ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်ရန်အတွက် နောက်ဆုံးသောပရောဖက် ဗတ္တိဇံဆရာယောဟန်အားဖြင့် ပြင်ဆင်ခဲ့ပါသည်။ ထိုပရောဖက်အားဖြင့် အလွန်အရေးကြီးသောသတင်းကို ယူဆောင်လာပါသည်။ ထိုသတင်းမှာ ကယ်တင်ခြင်းသတင်းကို ခံယူနိုင်ရန် လူတိုင်း၏စိတ်နှလုံးသားထဲတွင် စစ်မှန်သော နောင်တတရား ရှိစေရေးဖြစ်ပါသည်။ စိတ်နှလုံးမာကြောလှသော လူတို့အား ကျိုးပဲ့ကြေမွသောစိတ်ဖြင့် မိမိကိုယ်ကို အပြစ်သားဖြစ်ကြောင်း လက်ခံလျက် ထိုမှတဆင့် နောင်တတရား ရှိဖို့ လိုအပ်ပါသည်။ သို့မှသာ ငါ ဆိုသောအတ္တတရား ကွယ်ပျောက်လျက် စိတ်နှလုံးတံခါးကို ကိုယ်တော့်အတွက် ဖွင့်ပေးနိုင်မည်ဖြစ်သည်။ သခင့်အတွက် ကျွန်ုပ်တို့၏ နှလုံးသားတံခါး ဖွင့်ပေးရန် လိုပါသည်။ ဗတ္တိဇံဆရာယောဟန်၏ ဟောပြောချက်သည် တန်ခိုးပါရှိပါသည်။ ဘုရားသခင်၏ တန်ခိုးအားဖြင့်ဟောပြောခြင်း ဖြစ်ပါသည်။ သူ့ထံသို့လာရောက်သူတိုင်းအား သူတို့၏ အပြစ်များကို ဖော်ပြပေးပါသည်။ ထို့အပြင် ဘုရားသခင်၏ တရားစီရင်ခြင်း အကြောင်းကိုလည်း ရဲဝံ့စွာဟောပြောခဲ့သည်။ ဤသို့ စိတ်နှလုံးသားများကို ကြိုတင်ပြင်ဆင်ခြင်း မပြုပါက သူငယ်တော် မေရှိယ (ကယ်တင်ရှင်) ကို လက်ခံရန် မလွယ်ကူကြောင်း ရှင်းလင်းပြတ်သားစွာ ဟောပြောခဲ့ပေသည်။ အဓိကအားဖြင့် ယောဟန်ဟောပြောသောအချက်မှာ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ၊ ထို့ကြောင့် နောင်တရကြလော့ ဟူ၍ ဖြစ်ပါသည်။

၃။ နောင်တရခြင်းဖြင့် ပြင်ဆင်ခြင်း။
ဘုရားသခင်၏သားတော် ယေရှုခရစ် ဤလောကသို ကြွဆင်းလာခြင်းသည် လူသားတို့၏ ကန့်သတ်မှုများ၊ အားနည်းမှုများ စသည့် လိုအပ်ချက်များစွာထဲမှ ပြည့်စုံကြွယ်ဝသောအသက်တာကို ရရှိစေဖို့ရန် ဖြစ်ပါသည် (ယော ၁၀း၁၀)။ ပျောက်သောသူများကို ရှာဖွေလျက် လူတိုင်း ထာဝရအသက်ရရှိနိုင်ရေးသည် သခင်ယေရှု၏ အဓိကဆောင်ရွက်ချက် ဖြစ်ပါသည်။ နာမကျန်းဖြစ်သောသူအတွက် ဆရာဝန် လိုအပ်ပါသည်။ ထိုနည်းတူ ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်လျက် မိမိကိုယ်ကို မကယ်တင်နိုင်ပါဖြင့် ကယ်တင်ရှင်လိုအပ်ပါသည်။ ထို့ကြောင့် အပြစ်သား ကျွန်ုပ်တို့အား ကယ်တင်ရန် သေခြင်း၊ မြှုပ်နှံခြင်း စသော အခက်အခဲမျိုးစုံ ကိုယ်စားခံပေးဖို့ရန် လောကသို့ ဆင်းကြွလာခြင်းဖြစ်သည်။ ဤသို့ဖြင့် နွားစားခွက်မှတဆင့် နောက်ဆုံး လက်ဝါးကားတိုင်ပေါ်တွင် မိမိ၏အသက်ကို စွန့်လျက် လူသားအားလုံးအတွက် အပါယ်ငရဲမှလွတ်မြောက်ပြီး ထာဝရအသက်ရရှိစေရန် လုပ်ဆောင်ခဲ့ပါသည်။ ဤသို့ သခင်ယေရှု ခံခဲ့ရသောအရာများသည် သူ၏အပြစ်ကြောင့် မဟုတ်ပဲ လူသားအားလုံး၏ အပြစ်အတွက်ကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် လူသားတိုင်း မိမိကိုယ်ကို အပြစ်သားအဖြစ် ၀န်ခံလျက် နှလုံးသားထဲမှ စစ်မှန်သောနောင်တရခြင်းဖြင့် ပြင်ဆင်ကြရန် လိုပါသည်။

နိဂုံး။
ဘုရားသခင်ပြင်ဆင်ထားသော ခရစ္စမတ်သည် တန်ဘိုးမဲ့သော ခရစ္စမတ်မဟုတ်ပါ။ လူသားတိုင်း အသက်တာထဲ၌ ချစ်ခြင်း၊ သနားခြင်း၊ ကိုယ်ချင်းစာနာခြင်း စသည်တို့ကို ရှိစေသည်သာမက ရှိသမျှဖြင့် အပြစ်နွံတွင်းထဲမှ ကယ်တင်ရန်အတွက် ဖြစ်ပါသည်။ ထို့ကြောင့် ခရစ္စမတ်အချိန်ခါသမယတွင် စားရေးသောက်ရေးအတွက်၊ လက်ဆောင်ပေးခြင်းများအတွက် ပြင်ဆင်ရန်လိုအပ်ပါသည်။ သို့သော်လည်း ထိုအရာများထက်ပိုမိုအရေးကြီးသည့်အချက်မှာ နောင်တရခြင်း ဖြစ်ပါသည်။ ပျောက်ဆုံးသောသူများကို ရွေးယူကယ်တင်ဖို့ရန် ဤလောကသို့ ဆင်းသက်ကြွဆင်းလာသော သခင်ယေရှုကို စစ်မှန်သော နောင်တတရားဖြင့် လက်ခံကြိုဆိုကြရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက ခရစ္စမတ်သည် အချည်းနှီးသက်သက်မျှသာ ဖြစ်ပေလိမ့်မည်။ အပြစ်သားများအတွက် ကြွဆင်းလာသော်လည်း လူတိုင်း မိမိအပြစ်ကို မမြင်နိုင်ပါက နောင်တရနိုင်မည်မဟုတ်ပါ။ သို့ဖြစ်လျှင် ခရစ္စမတ်သည်လည်း အဓိပ္ပါယ်မဲ့ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ယုံကြည်သူလူသားတိုင်း မိမိတို့၏နှလုံးသားထဲမှ စစ်မှန်သောနောင်တနှလုံးသားဖြင့် ကိုယ်တော်ရှင်၏ရှေ့တော်မှောက်တွင် ဒူးထောက်ဝန်ခံလျက် ခရစ်တော်ကို ကြိုဆိုကြရန် လိုအပ်ပါသည်။

ချစ်ခြင်းမေတ္တာဖြင့်၊

ဆရာတော်စီဂျေဟရန်မှုန်း၊ PhD.
Dec. 12, 2015|Saturday|9:30pm.
Salt Lake City, Utah, USA.

No comments:

Post a Comment